-->

Tuesday, February 8, 2011

ပတ်စပို့ လုပ်မည့်မြန်မာအလုပ်သမားတစ်ရာကျော် မဲဆောက်မှာအခက်ကြုံနေ




မဲဆောက်မြို့မှ ကော့သောင်းမြို့သို့ယာယီပတ်စပို့စ် လုပ်ကိုင်ရန်သွားကြမည့်အလုပ်သမား ၁၀၈ ဦးတို့အားထိုင်းလုပ်ငန်းရှင်အချို့က မဲဆောက်မြို့မှ ထွက်ခွာခွင့်မပြုပဲ နှောက်ယှက်နေပြီး ကုမ္ပဏီမှကိုယ်စားလှယ်ပွဲစားတစ်ဦးအား မဲဆောက်မြို့ မှ ပြည်နှင့်ဒဏ်ပေးလိုက်သည်။

ပြီးခဲ့သည့်ဖေဖေါ်ဝါရီ ၄ ရက်နေ့ က ဘန်ကောက်မြို့မှ ယာယီပတ်စပို့ အကျိုးဆောင်ကုမ္ပဏီမှ ကိုယ်စားလှယ် ပွဲစား ကိုကိုမောင် ဆိုသူက မဲဆောက်မြို့မှ ယာယီပတ်စပို့ လျှောက်ထားသည့် မြန်မာအလုပ်သမား ၁၀၈ ဦး တို့အား ဘန့်ဆောင်ကွဲရပ်ကွက်တွင် စုဆောင်းပြီး ကားပေါ်သို့တင်ဆောင်ရန် ပြင်ဆင်နေစဉ်မဲဆောက်မြို့မှ စက်မှုလုပ်ငန်းရှင်များအသင်းက သက်ဆိုင်ရာသို့ခေါ်ဆောင်သွားခဲ့သည်။



ဘန့်ဆောင်ကွဲရပ်ကွက် ရွာလူကြီးနှင့်ရပ်ကွက်လှုပ်ရှားတက်ကြွသူများနှင့် မဲဆောက်မြို့စက်မှုလုပ်ငန်းရှင်များ
အသင်းဝင် အိုမီဂါအလုပ်ရုံပိုင်ရှင်၊ TK အလုပ်ရုံပိုင်ရှင်နှင့်PEPSI နှင့်ကွန်တုံ အလုပ်ရုပ်ပိုင်ရှင်တို့က မဲဆောက်ရဲများနှင့်အတူ အရေးယူခဲ့ခြင်းဖြစ်သည်။ လ၀က၊ အလုပ်အကိုင်ရှာဖွေရေးရုံးနှင့် လူမှုဖူလုံရေး အစရှိသည့် ဌာနဆိုင်ရာများက အလုပ်သမားများတစ်ဦးချင်းစီတို့၏ စာရွက်စာတမ်းများအား ကွန်ပျူတာဖြင့် စစ်ဆေးခဲ့ရာ အလုပ်သမားများလက်ဝယ်ရှိသော စာရွက်စာတမ်းများအားလုံးတို့မှာ တရားဝင်အစစ်အမှန်များ အဖြစ်တွေ့ရှိခဲ့သည်။ ယာယီပတ်စပို့စ့် လုပ်ရန်ထွက်ခွာကြမည့်အလုပ်သမားများမှာ အထက်ပါစက်ရုံများမှဖြစ်သည်။

ထို့ကြောင့်ရဲစခန်းတွင်ဖမ်းဆီးချုပ်နှောင်ခြင်းမပြုသော်လည်း အလုပ်သမားများအား မဲဆောက်ရဲစခန်းရှေ့ မြေကွက်လပ်တွင် တစ်နေကုန်ထားခဲ့ပြီး ညဉ့် ၁၂နာရီခန့် တွင် တရုတ်ဘုံကျောင်းတစ်ခု၌တစ်ညအိပ်စေခဲ့သည်။ ယခုအခါဝတ်အလန်ဟူသည့် ဘုန်းတော်ကြီးကျောင်းတွင် အကျယ်ချုပ်သဘောမျိုးနေထိုင်နေကြရသည်။ ကုမ္ပဏီ ကိုယ်စားလှယ်ဆိုသူ ကိုကိုမောင်က

“ကျနော့်ကို Work Permit က သားရေအိပ်ချုပ်လုပ်တဲ့အလုပ်နဲ့ လုပ်ထားတာပါ။ ဒီအလုပ်နဲ့က တခြားစီဖြစ်နေတာကြောင့် တရားရုံးက ၅ရက်နေ့မှာ ဒဏ်ငွေဘတ် ၈၀၀ ချမှတ်ပြီးတော့ ပြန်လွှတ်ပါတယ်၊ အဲဒါကို အိုမီဂါအုပ်စုတွေက မကျေနပ်တဲ့အတွက် လ၀က ကိုထပ်ပြီးခေါ်သွားပါတယ်။ ကျနော့်စာအုပ်မှာ တုံးထုပြီးတော့ ပြည်နှင်ဒဏ်ပေးပါတယ်။ ကျနော်စာအုပ် သုံးမရတော့ဘူးလို့ လည်းပြောပါတယ်။ ကျနော့်ကို Thai Myanmar Enterprise ကုမ္ပဏီက တရားဝင်လုပ်ကိုင်ခွင့် စာရွက်စာတမ်းနဲ့ ကျနော်လူလာခေါ်တာပါ။ ထိုင်းနဲ့ မြန်မာအစိုးရတို့ အကောင်အထည်ဖေါ်နေတာကို မဲဆောက်ကုန်သည်ကြီးများအသင်းက လာပြီးနှောက်ယှက်တာပါ၊ သူတို့ကဒီအလုပ်သမားတွေ ပတ်စပို့လုပ်ဖို့ကိုလုံးဝမလိုလားဘူးဖြစ်နေပါတယ်” ဟုပြောဆိုသည်။

အကျယ်ချုပ်ကျခံသည့် သဘောဖြင့် ၀တ်အလန်ဘုန်းကြီးကျောင်းဝင်းတွင် ရောက်ရှိနေကြသည့် မြန်မာအလုပ်သမား မနွေနွေလှိုင်က“ ကျမတို့ကို ဘန်ကောက်က ပတ်စပို့စ်ပွဲစား ကိုကိုမောင်က ၅၅၀၀ ဘတ်နုန်းနဲ့ ပတ်စပို့လုပ်ပေးဖို့အတွက်လာခေါ်တာပါ၊ ခုကျမတို့ကို စက်ရုံတွေက ထိုင်းသူဌေးမတွေလာပြီးစာရွက်တွေကို လာလုယူကြတယ်၊ ဆဲကြတယ်၊ ကျမတို့ကို သူတို့လက်ခုပ်ထဲကရေလို သဘောထားပြီး လုပ်ချင်ကြတယ်။ မဲဆောက်က ဘယ်အဖွဲ့ကမှအကူအညီပေးတာမရှိဘူးသေးဘူး၊ ဒီနေ့တစ်နေကုန်မြို့ပိုင်ရုံးမှာထိုင်နေရတယ်” ဟုပြောသည်။



အဆိုပါ ပွဲစား မောင်မောင် ကြောင့် ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၂ ရက် နေ့ က မဲဆောက်နှင့်ဘန်ကောက်မြို့တို့ မှ ရနောင်းမြို့သို့ ယာယီပတ်စပို့ လုပ်ကိုင်ရန် သွားခဲ့ကြစဉ် စာရွက်စာတမ်းအတုများကြောင့်မြန်မာအလုပ်သမား ၇၈ ဦးမှာ မြန်မာပြည်ဘက်သို့ ဖမ်းဆီးပြန်ပို့ ခံခဲ့ရပြီးဖြစ်သည်။

ဘန်ကောက်အခြေစိုက် ပတ်စပို့ ကုမ္ပဏီ တစ်ခုမှ အမည်မဖေါ်လိုသည့် မြန်မာဒါရိုက်တာတစ်ဦက“အယင်
တစ်ခါလည်း ဒီ ကိုကိုမောင် ဆိုတဲ့ ကောင်က Ocean Sun co,ltd ကုမ္ပဏီ အမည်ခံပြီး မဟာထိုင်းစာရွက်
အတုနဲ့ လုပ်သွားတယ်၊ ခုတစ်ခါလည်း Thai Myanmar Enterprise ကုမ္ပဏီ ဆိုပြီးလုပ်ပြန်ပြီ၊ ကုမ္ပဏီ
ကိုတစ်ပြားမှမသွင်းပဲ ဒီကောင် ကောက်လုပ်နေတာ။ကုမ္ပဏီ ကို သူ ငွေသွင်းထားရင် ဒီလောက် ဘယ်ကြာ
မလဲ၊ကျနော်တော့မထင် ဘူးဗျ”ဟုပြောသည်။

အလုပ်သမားများ ရနောင်းသို့ မထွက်ခွာမီ အခန်းစုပေါင်းငှါးရမ်းပြီး အသုံးအဆောင်ပစ္စည်းအချို့ တို့ အား ထည့်ထားခဲ့သည်။ ထိုအခန်းကို ယမန်နေ့ နံနက်ပိုင်းက အိုမီဂါအလုပ်ရုံမှ တာဝန်ရှိသူတစ်ဦးက ၄င်းတို့ စက်ရုံမှ ပစ္စည်းများအား မြန်မာအလုပ်သမားများ ခိုးယူထားပါက တရားစွဲနိုင်ရန် သံဇကာများဖြင့် လာရောက်ကာရံ လိုက်သဖြင့်မည်သူမှ မိမိပစ္စည်းများကိုယူ၍မရတော့ကြောင်း အလုပ်သမားအရေးဆောင်ရွက်သူတစ်ဦးကပြောသည်။ အလုပ်သမားများ၏ တရားဝင်စာရွက်စာတမ်းမျာအား မဲဆောက်ရဲစခန်းတွင် ပြီးခဲ့သည့် စနေနေက အမည်မသိအမျိုးသမီးကြီးတစ်ဦးသိမ်းယူထားကြောင်း ၄င်းစာရွက်စာတမ်းများမရမချင်း ယခုနေထိုင်သည့် ဘုန်းကြီးကျောင်းမှ အလုပ်သမားများထွက်ခွာမည်မဟုတ်ကြောင်း အလုပ်သမားများကပြောသည်။

တာ့ခရိုင်၊မဲဆောက်တွင် အစိုးရက တစ်နေ့ လုပ်အားခ ယခင်၁၅၉ဘတ်သတ်မှတ်ထားသည်။ ၂၀၁၁တွင် တစ်နေ့လုပ်အားခ ၁၆၂ဘတ် သတ်မှတ်ထားသော်လည်းမြန်မာအလုပ်သမားများ တစ်နေ့ ၈နာရီလုပ်အားခ ၇၀ ၀န်းကျင်သာရရှိကြသည်။ မဲဆောက်တွင် အလုပ်ရုံနှင့်အိမ်တွင်းမှုလုပ်ငန်းပေါင်း ၅၀၀ကျော်ဝန်းကျင်ရှိသည့်အနက် မည်သည့်အလုပ်ရုံကမှ အစိုးရသတ်မှတ်ဈေးမပေးချေ။ထို့ ကြောင့် မဲဆောက်မြို့မှမြန်မာ အလုပ်သမားများသည် တရားဝင်နေထိုင်ခွင့်ရရှိပြီးပါက တစ်နေ့လုပ်အားဘတ်၂၀၀ ၀န်းကျင်ရရှိကြသောဘန်ကောက်မြို့နှင့် အခြားမြို့ကြီးများသို့ သွားရောက်လိုကြကြောင်း အလုပ်သမားများကပြောသည်။

ယခုထိုင်းစံတော်ချိန် ၆နာရီတွင် ကိုကျော်ဇင်လတ်၊ကိုနိုင်သိန်း မခင်ချောစုလှိုင် နှင့် အမည်မသိ အလုပ်သမတစ်ဦးတို့ အား စစ်ဆေးစရာရှိသည်ဆိုပြီး ထိုင်းအာဏာပိုင်များကခေါ်ယူသွားသည်။ အလုပ်သမားများအားလုံးတို့ အား မဲဆောက်မြို့ပိုင်ရုံးတွင် ညအိပ်ရမည်ဖြစ်သည်။ ဘန်ကောက်မြို့ဘန်ခေအရပ်ရှိ အထည်ချုပ်စက်ရုံမှ ထိုင်းတာဝန်ရှိသူတစ်ဦးက မဲဆောက်သို့ လာရောက်ဖြေရှင်းနေကြောင်း ယခု သိရှိရသည်။

ဦးကျော်သောင်း စုံစမ်းရေးသားပေးပို့သည်။

No comments: