-->

Tuesday, December 25, 2018

ပအိုဝ်းတိုင်းရင်းသားငါးဦးကို ပစ်သတ်ဖြတ်ခံရမှု အရေးယူပေးရေး လူနှစ်ထောင်ကျော် ဆန္ဒထုတ်ဖော်

- ပအိုဝ်းတိုင်းရင်းသားငါးဦးကို ပစ်သတ်ဖြတ်ခံရမှု အရေးယူပေးရေး လူနှစ်ထောင်ကျော် ဆန္ဒထုတ်ဖော်
မန္တလေး၊ 
ဒီဇင်ဘာ ၂၁-၂၀၁၈ လင်းလင်း(VOM)

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA) နဲ့ မတ်ကျန်းပြည်သူ့စစ် တပ်ဖွဲ့ဝင်တွေက ရှမ်း ပြည်နယ်၊ လွိုင်လင်မြို့နယ်၊ တောင်နောက်ကျေးရွာအုပ်စု၊ နမ်းဟူကျေးရွာက ပအိုးဝ်ရွာသားတွေကို ပြန်ပေး ဆွဲပြီး ဒီဇင်ဘာလ ၁၁ ရက်နေ့က ပစ်သတ်မှုကြောင့် ၅ ဦးသေဆုံးခဲ့တာ နဲ့ ပတ်သက်ပြီး အရေးယူပေးဖို့ နဲ့ ရပ်ရွာတည်ငြိမ်ရေး ဆောင်ရွက်ပေးဖို့အတွက် တောင်ကြီးမြို့မှာ ဒီကနေ့ ဆန္ဒထုတ်ဖော်ခဲ့ကြတယ်လို့ သိရပါတယ်။ 

“အရင်တုန်းကလည်း ဖြစ်ခဲ့ဖူးပါတယ်၊ဖြစ်ခဲ့တယ်ပေါ့လေ၊အဲဒီဒေသဘက်မှာ များသောအားဖြင့် အရင်တုန်းကလည်း ဖြစ်ခဲ့ဖူးပါတယ်၊ဒါကြောင့်မို့လို့ နောက်နောင်ကျရင်ဒီလိုကိစ္စမျိုးတွေ မဖြစ်ဖို့ ကျွန်တော်တို့ ဒီ RCSS က တာဝန်ရှိတယ်၊နောက်တစ်ခုက ကျွန်တော်တို့ ဒီဒေသမှာပေါ့လေ၊အစိုးရအနေနဲ့လည်း လုံခြုံရေးတွေ ကောင်းကောင်းမွန်မွန် ဆောင်ရွက်ပေးဖို့ ဒါတွေ ကျွန်တော်တို့ ထည့်သွင်းတောင်းဆိုထားပါတယ်”လို့ ဆန္ဒထုတ်ဖော်ရာမှာ ဦးဆောင်တဲ့ ကိုခွန်ဇော်က ပြောပါတယ်။ 

မတ်ကျန်းပြည်သူ့စစ်နှင့် RCSS ပူးပေါင်းတပ်ဖွဲ့ကနေ ရွာသားတွေကိုဖမ်းဆီးပြီး သတ်ဖြတ်ခဲ့တာကြောင့် ခွန်တဦး၊ ခွန်တ၀င်း၊ ခွန်တခဲ၊ ခွန်ကဆန်းနှင့်ဖြားမူ တို့ သေဆုံးခဲ့ပြီး ခွန်တလင်၊ ခွန်တလနှင့် ဦးဇော်တို့ဟာ ဒဏ်ရာအပြင်းအထန် ရရှိခဲ့ပါတယ်။ 

ဒီကိစ္စ နဲ့ ပတ်သက်ပြီး နိုင်ငံတော်သမ္မတရုံး၊ ပြည်နယ် နဲ့ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေးကော်မတီ ( JMC) ထံ တိုင်ကြားစာတွေ ပေးပို့မှာဖြစ်တဲ့အကြောင်းကို “သမ္မတထံ အိတ်ဖွင့်ပေးစာတွေ ကျွန်တော်တို့ ပေးပို့သွားမယ်၊ပြီးရင် JMC ပေါ့နော် ပူးတွဲစောင့်ကြည့်ရေးကော်မတီကို ကျွန်တော်တို့က တိုင်ကြားစာ တင်ဖို့ ရှိပါတယ်”လို့ ကိုခွန်ဇော်က ဆက်လက်ပြောပါတယ်။ 

ဆန္ဒထုတ်ဖော်ပွဲကို ပအိုဝ်းလူငယ်တွေ ဦးဆောင်ပြီး တောင်ကြီးခရိုင်၊လွယ်လင်ခရိုင်နှင့် ကယားပြည်နယ်က ပအိုဝ်း တိုင်းရင်းသား ၂၀၀၀ကျော်က တောင်ကြီးမြို့မှာ လမ်းလျှောက်ချီတက် ဆန္ဒထုတ်ဖော်ခဲ့ကြတာ ဖြစ်တယ် လို့ ဆက်လက်သိရပါတယ်။ အညာနွေတမာမြေ

No comments: