-->

Tuesday, May 19, 2009

တပြည်လုံးရဲ့အရေးမို့ တပြည်လုံးပါလာအောင် နည်းနာရှာကြရမယ်

ပြီးခဲ့တဲ့ဆောင်းပါးထဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရွှေဂုံတိုင်စာတမ်းကို “နအဖ ဘယ်လိုတုံ့ပြန်မယ်ဆိုတာ စောင့်ကြည့် ရပါမယ်။ ပြောင်ကြီး၊ တိုက်ရိုက်တုံ့ပြန်တာတော့ လုပ်ကောင်းမှ လုပ်ပါလိမ့်မယ်။ ဒါပေမယ့် ငြိမ်နေမှာတော့ မဟုတ်ပါဘူး” လို့ ရေးခဲ့ပါတယ်။
အခုတော့ နအဖကတုံ့ပြန်ပါပြီ။ ဘောလုံးဟာ နအဖရဲ့ ကွင်းဘက်မှာ ရောက်နေတယ်ဆိုပြီး စောင့်ကြည့်နေသူတွေကို နအဖက တဖက်ကွင်းထဲ ပြန်ပို့ပြလိုက်ပါတယ်။ ကျလာတာက ရွှေဂုံတိုင် စာတမ်းထုတ်ပြန်တဲ့ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ရဲ့ ကွင်းထဲကို မဟုတ်ပါ။ ပြည်သူတရပ်လုံးနဲ့ အတိုက်အခံအင်အားစုအားလုံးဘက်ကို ကျလာတာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်လာရင် ဘာသတင်းမှဖော်ပြလေ့ မရှိတဲ့ နအဖရဲ့မီဒီယာဟာ ဒီသတင်းကို ချက်ချင်းဖော်ပြခဲ့တယ်။ တဆက်တည်း ပြည်ပရှိ အတိုက်အခံဝက်ဘ်ဆိုက်တွေ အကြားမှာ မြှုပ်ထားတဲ့ သူတို့ရဲ့ ဝက်ဘ်ဆိုက်တခုကနေလည်း ရဲက ပေးမှန်းသိသာတဲ့ ဓာတ်ပုံနဲ့သတင်းတွေ ဖြန့်ထုတ်လိုက်တယ်။ အဲဒီနောက် နောက်တနေ့မှာပဲ ဒေါ်အောင်ဆန်းစုကြည်ကို အင်းစိန်ထောင်ထဲပို့လိုက်၊ တရားစွဲဆိုလိုက်ပါ တယ်။ ဒါလောက် တိကျမြန်ဆန်တဲ့ ဆက်တိုက်ဖြစ်ပေါ်မှုတွေဟာ တမင်ပြင်ဆင်ပြီးလုပ်တာလား ဒါမှမဟုတ် နအဖရဲ့ ရန်ငြိုးကနေ ပေါက်ကွဲထွက်လာတာမို့လားလို့ စဉ်းစားစရာဖြစ်လာပါတယ်။ ပုံမှန်မဟုတ်တာကတော့ ထင်ရှားနေပါတယ်။


တကယ်က ဒီအချိန်ဟာ နအဖအနေနဲ့ အခက်တွေ့နေချိန်ဖြစ်ပါတယ်။ ရွေးကောက်ပွဲဥပဒေကို မကြေညာရဲ၊ တိုင်းရင်းသားငြိမ်းအဖွဲ့တွေရဲ့အဖြေကို တထိတ်ထိတ်စောင့်နေတဲ့ အနေအထားဖြစ်ပါတယ်။ သူတို့အထဲမှာ အကြီးအကျယ်ရှန်တိန်တွေ လုပ်နေရချိန်ဖြစ်ပါတယ်။ ပိုဆိုးတာက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရွှေဂုံတိုင် စာတမ်းဟာ နအဖကို နိုင်ငံရေးလက်ဦးမှုမဲ့စေခဲ့တာပါပဲ။ ဒီလိုအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိမ်ထဲကို နိုင်ငံခြားသားတယောက် ခိုးဝင်တယ်ဆိုတဲ့ ဒီကိစ္စဟာ နအဖအဖို့ တကယ့်အကွက်ကောင်းတခု ရသွားတာပဲ ဖြစ်ပါတယ်။
နအဖက ကောက်ကောက်ကျစ်ကျစ်ကြံစည်တာပဲဖြစ်စေ၊ ပြေးရင်းလွှားရင်းဟပ်မိတာပဲဖြစ်စေ ဒါဟာ နအဖရဲ့ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ကျင်းပမယ်ဆိုတဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲ စတဲ့ ကိစ္စတွေနဲ့ တိုက်ရိုက်ဆက်စပ် နေတဲ့ နိုင်ငံရေးမှတ်တိုင်တခု ဖြစ်မယ်ဆိုတာကတော့ သေချာပါတယ်။
ဒီပဲယင်းအရေးအခင်းမှာတုန်းက နအဖဟာ ဒေါ်စုကို “အသေလိုချင်တယ်” လို့ ကမ္ဘာကို ကြွေးကြော်ပြခဲ့သလို အခုကိစ္စမှာလည်း ဒေါ်စုနဲ့ ပတ်သက်လာရင် သူတို့ဘက်က သူတို့ရဲ့ သဘောထားဟာ လုံးဝမပြောင်းလဲကြောင်း၊ သူတို့ရဲ့ တင်းမာတဲ့သဘောထားကို တပြားသားမှအလျှော့မပေး ကြောင်း ကြေညာလိုက်တာပဲ ဖြစ်ပါတယ်။ နအဖလုပ်မယ့် ရွေးကောက်ပွဲဟာ တကယ်တမ်းသာ စိတ်ကောင်းစေတနာနဲ့ ဒီမိုကရေစီနိုင်ငံရေးကို ဦးတည်တယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်အပါ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးရမယ် လို့ ပြည်တွင်းရောပြည်ပကပါ ပြောဆိုနေကြချိန်မှာ နအဖဟာ ဖမ်းပြီးရင်းဖမ်း ထောင်ချပြီးရင်းချ လုပ်နေဟာ ဘာကြောင့်လဲလို့ အားလုံးက မစဉ်းစားလို့ မဖြစ်ပါဘူး။
တကယ်ကျတော့ နအဖရဲ့ဒီလုပ်ရပ်ဟာ တတိုင်းပြည်လုံးနဲ့ နိုင်ငံတကာအဝန်းအဝိုင်းကိုလည်း စိမ်ခေါ်လိုက်သလိုဖြစ်ပါ တယ်။ နောက်ပြီး ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲတို့ရဲ့အဓိပ္ပာယ် ပိုရှင်းလင်းသွားတယ်လို့လည်း ပြောနိုင်ပါတယ်။ ဒါဟာ လာမယ့်ရွေးကောက်ပွဲမှာ ဝင်အရွေးခံမယ် စဉ်းစားနေသူတွေအဖို့ မဖြစ်မနေ ထည့်သွင်းစဉ်းစား ရမယ့်အချက်ဖြစ်ပါတယ်။ တဆက်တည်း ပြောသင့်တာက ဒါဟာ နအဖရဲ့ရွေးကောက်ပွဲကိုဝင်၊ နအဖရဲ့ ဖွဲ့စည်းပုံ အောက်မှာဝင်လုပ်ရင်း နအဖကို တဖြည်းဖြည်း ပြောင်းလဲယူသွားဖို့ တင်ပြနေတဲ့လူတွေကို သတိပေးနေတာဖြစ်ပါတယ်။ နအဖရဲ့ သန္ဓေပါလက္ခဏာတွေဟာ ကျည်တောက်စွပ် ပေးထားဦးတောင်မှ ပြောင်းမှာမဟုတ်ဘူးဆိုတာ ဒီအချက်က ထပ်အတည်ပြုပြနေပါတယ်။
ဗိုလ်နေဝင်းတို့ဆီက ကောက်ကျစ်တဲ့အမွေကို ဆက်ခံထားတဲ့ ဗိုလ်သန်းရွှေဟာ ဘာမဆိုလုပ်နိုင်ပါတယ်။ ဒီတော့ အာဏာရှင်တွေရဲ့ လက်အောက်မှာ အခုကိစ္စဟာ သာမာန်ကိစ္စလား၊ ညစ်ပတ်တာလား စုံစမ်းလို့ ဘယ်လိုမှအဖြေပေါ်မှာ မဟုတ်ပါဘူး။ အလားတူပဲ ဒီကိစ္စကို တရားဥပဒေကြောင်းအရ တိုက်ပွဲဝင်လို့လည်း ဘယ်လိုမှ မှန်မှန်ကန်ကန်ဖြစ်လာမှာ မဟုတ်ပါဘူး။ ဒီလိုဆိုတဲ့အတွက် တရားရုံးမှာ မရင်ဆိုင်ရဘူးလို့ မဆိုလိုပါ၊ လုပ်တန်တာတော့ လုပ်ရမှာပါ။ ဒါပေမယ့် နအဖက “ခွင့်ပြုတယ်” ဆိုတဲ့နည်းနာတွေ၊ ဘောင်တွေအတိုင်း လိုက်လုပ်လို့ကတော့ သူတို့ခွင်ထဲပဲ ဝင်သွားမှာပါ။
ဒီကိစ္စရဲ့ တကယ့်လက္ခဏာဟာ သာမာန်အမှုမဟုတ်ပါဘူး။ နိုင်ငံရေးလုပ်ကြံမှုပါ။ ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ထဲ ထည့်တာထက် ပိုဆိုးတဲ့ နစ်နာမှုတွေ၊ အသရေဖျက်မှုတွေ ဆက်တိုက်ပါလာအောင်လုပ်တဲ့ တချက်ခုတ် လေး-ငါးချက် ပြတ်တဲ့ နိုင်ငံရေးလုပ်ကြံမှုဖြစ်ပါတယ်။ နအဖဘက်ကနေကြည့်ရင် ဒေါ်စုဟာ အနောက်နိုင်ငံတွေနဲ့ တိတ်တဆိတ် အဆက်ရှိတယ်ဆိုပြီး ဝါဒဖြန့်ပြီးသားလည်းဖြစ်၊ ဗမာပြည်အရေးမှာ အမေရိကန်ကဝင်ပါနေတယ်ဆိုပြီး အာဘော် လွှင့်လို့လည်းကောင်း၊ သူ့အတွင်းမှာလည်း “ကဲ၊ မင်းတို့မမြင်ဘူးလား” လို့ ပြောနိုင်၊ ဒေါ်စုကို အိမ်ချုပ်ကနေ ထောင်ချုပ်ပို့လိုက်လို့လည်းရ၊ တချီတည်းနဲ့ အမြတ်တွေ အများကြီးရလိုက်တာဖြစ်တော့မှာပါ။
ဒါကြောင့် ဒါဟာ သာမာန်တရားရေးပြဿနာမဟုတ်ကြောင်း၊ နိုင်ငံရေးရည်ရွယ်ချက်နဲ့လုပ်တာဖြစ်ကြောင်း ဖော်ထုတ် ဖွင့်ချပြီး ဒီကိစ္စကို နိုင်ငံရေးနယ်ပယ်ထဲ ဆွဲထုတ်ရပါမယ်။ နိုင်ငံရေးနဲ့သက်ဆိုင် သူများနဲ့ နိုင်ငံရေးကို စိတ်ဝင်စားသူများက အလေးထားပါဝင် လုပ်ဆောင်ရပါမယ်။ နအဖရဲ့တရားရုံးထဲမှာပဲ လုပ်နေလို့ကတော့ ပါးကွက်သားလက်အပ်ထားရ သလိုပဲဖြစ်မှာပါ။ ဒီလိုလုပ်ရာမှာ အထက်မှာပြောခဲ့သလို နအဖက ဒီကိစ္စကို ကိုင်တွယ်ပုံနဲ့ပဲ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်တခုတည်းကိုသာမက၊ ပြည်သူအားလုံး၊ အတိုက်အခံအားလုံးကိုပါ တုံ့ပြန်လိုက်တာဖြစ်တဲ့အတွက် ပြည်သူ တရပ်လုံးရဲ့ အရေးအဖြစ် သဘောထားဖြေရှင်း ကြဖို့လိုပါတယ်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်မို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နဲ့သာ သက်ဆိုင်တဲ့ပြဿနာလို့ သဘောထားလို့ မဖြစ်ပါဘူး။ ဒီကိစ္စဟာလည်း ပြည်သူတွေပါမှပွဲပြတ်မှာပါ။
နအဖအဖို့ ရွေးကောက်ပွဲနဲ့နီးလာလေလေ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အပြတ်ရှင်းဖို့ နည်းနာတွေ လိုအပ် လေလေဖြစ်ပါတယ်။ ဒီလိုအခါမှာ ဒီကိစ္စကို သူတို့အနေနဲ့ အကောင်းဆုံးအမြတ်ထုတ်ဖို့ လုပ်မယ်ဆိုတာ ဘာမှ သံသယရှိစရာမလိုပါဘူး။ မှန်တာပြောရရင် ဒေါ်အောင်ဆန်းစုကြည်ဟာ နအဖရဲ့ မော်ဘီဒစ် (Moby Dick) ပါ။ မော်ဘီဒစ်ဆိုတာက အမေရိကန်စာရေးဆရာ ဟာမင်မယ်လ်ဗီးလ်ရဲ့ ကမ္ဘာကျော်ဝတ္ထုကြီးထဲက ဝေလငါးအဖြူကြီးရဲ့ နာမည်ဖြစ်ပါတယ်။ အဲဒီဝတ္ထုကြီးရဲ့ အဓိကအကြောင်းက မော်ဘီဒစ် ကိုက်လိုက်လို့ ခြေတချောင်းပြတ်သွားတဲ့ သင်္ဘောကက်ပတိန် အဟက်ဘ်ဟာ သူ့တသက်လုံးရန်သူအဖြစ် အငြိုးတကြီး လိုက်လံရှာဖွေသတ်ဖြတ်တဲ့ ဇာတ်လမ်း ဖြစ်ပါတယ်။ နောက်ဆုံးကျတော့ ဒေါသမာန်ကြီးလှတဲ့ အဟက်ဘ်ကို ဝေလငါးကြီး မော်ဘီဒစ်က ဒဏ်ရာတွေ ရထားတဲ့ အကြားကပဲ သမုဒ္ဒရာအောက်ဆွဲချသွားပါတယ်။
အခုကိစ္စကိုလည်း ဒေါ်အောင်ဆန်းစုကြည် အနိမ့်ဘက်ရောက်နေတာ၊ နအဖကအသာစီးရနေသလိုဖြစ်နေတာကို ဘယ်လို ပြန်လှန်မလဲဆိုတာ စဉ်းစားရှာဖွေကြရပါမယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အဖို့တော့ ဒါဟာ ရွှေဂုံတိုင်စာတမ်းကိုထုတ်ပြန်ပြီးနောက် သူတို့ ဘယ်လောက်အစွမ်း ရှိတယ်ဆိုတာကို ပေါ်လွင်စေမယ့် ပထမဆုံးစမ်းသပ်မှုလို့ဆိုရင် မမှားပါဘူး။
ဖိုးသံ (လူထု) ၏ ခေတ်ပြိုင် မှ ဆောင်းပါးကို ကူးယူဖော်ပြသည်။

No comments: