-->

Wednesday, May 27, 2009

ဒေါ်အောင်ဆန်းစုကြည်လွတ်ပေးရေး အိုဘားမားတောင်းဆိုပြီ

ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိ လွှတ်ပေးရန် အမေရိကန် သမ္မတ အိုဘားမားက မြန်မာစစ်အစိုးရအား ယမန်နေ့က တောင်းဆိုလိုက်သည်။
“ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားချက်များ အားလုံးကို ရုပ်သိမ်းပြီး၊ ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေး အကျဉ်းသားများ အားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးရမည့် အချိန်ဖြစ်သည်” ဟု အိုဘားမား၏ ကြေညာချက်တွင် ဖော်ပြထားသည်။

ပြန်လွှတ်ပေးပါက မြန်မာပြည်၏ အနာဂတ် ပိုမိုကောင်းမွန်ရေးအတွက် အပြုသဘောဆောင်သည့် ခြေလှမ်းတရပ်အဖြစ် အမေရိကန် ပြည်ထောင်စုနှင့် နိုင်ငံတကာက မြင်ကြမည်ဖြစ်ကြောင်းလည်း ကြေညာချက်က ဆိုသည်။



အိုဘားမား၏ ထုတ်ပြန် ကြေညာချက်တွင် ဒေါ်အောင်ဆန်းစုကြည်အား ထိန်းသိမ်းထားခြင်းကို ရှုတ်ချကြောင်း တရားဥပဒေ နှင့် ပြည်သူလူထုကို လေးစားသောအားဖြင့် သူ့အား ချက်ချင်း လွှတ်ရန် တောင်းဆိုကြောင်း ဖော်ပြထားသည်။

ကမ္ဘာ့ကုလသမဂ္ဂ၏ တရားမဲ့ ဖမ်းဆီး ထိန်းသိမ်းခြင်း ဆိုင်ရာ လုပ်ငန်းအဖွဲ့ (WGAD)က ဆုံးဖြတ်သည့်အတိုင်း ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းထားရာမှ ခြွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးရမည်ဖြစ်သည်ဟု အိုဘားမားက မြန်မာစစ်အစိုးရကို ပြောလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်ကို ၂ဝဝ၃ ခုနှစ်မှ စတင်ပြီး ချုပ်နှောင်ထားခြင်းသည် တရားမဲ့ ထိန်းသိမ်းခြင်း ဖြစ်ကြောင်း၊ မြန်မာပြည်ရှိ ဥပဒေများနှင့်လည်း ကိုက်ညီခြင်း မရှိကြောင်း WGAD က ဆုံးဖြတ်ထားခြင်းကိုလည်းကောင်း၊ နိုင်ငံရေး အကျဉ်းသား အားလုံးကို လွှတ်ရန် မေလ ၂၂ ရက်နေ့တွင် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက ကြေညာချက်ထုတ်ပြီး တောင်းဆိုထားခြင်းကိုလည်းကောင်း အိုဘားမား၏ ကြေညာချက်တွင် ကိုးကားထားသည်။

ဒေါ်အောင်ဆန်းစုကြည်အား ဆက်လက် ထိန်းသိမ်းထားခြင်း၊ လူအများနှင့် အဆက်အသွယ် ဖြတ်တောက်ထားခြင်း၊ အမှုဆင် တရားစွဲဆိုခြင်းတို့ကြောင့် မြန်မာစစ်အစိုးရ၏ တာဝန်သိ ကမ္ဘာ့မိသားစုဝင် နိုင်ငံတခု ဖြစ်လိုမှုအပေါ် အကြီးအကျယ် သံသယ ဖြစ်မိသည်ဟု ဆိုသည်။

“အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ တိုင်းရင်းသားအဖွဲ့များ၊ အတိုက်အခံ အဖွဲ့များနှင့် လက်တွဲ ဆောင်ရွက်ရန် အသင့်ရှိပြီး အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် ပြင်ဆင်နေသည် ဆိုသည့်အချက်ကို ပြသနိုင်ရန် လည်းကောင်း၊ ၎င်းတို့ ထုတ်ပြန်ထားသည့် ဥပဒေ၊ မြန်မာ ပြည်သူ လူထု တို့ကို လေးစားကြောင်း သက်သေ ပြသရန် လည်းကောင်း ယခုအချိန်သည် အရေးကြီးသည့် အခွင့်အခါကောင်း ဖြစ်ကြောင်း” ဟု အိုဘားမား၏ ကြေညာချက်တွင် ဖော်ပြထားသည်။

နေအိမ် အကျယ်ချုပ် ၆ နှစ်သက်တမ်း ကုန်ဆုံးသွားပြီဖြစ်သောကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရမည် ဖြစ်ကြောင်း The Elders ဟု အမည်ရသည့် ကမ္ဘာ့ ခေါင်းဆောင်ဟောင်းများ အဖွဲ့ကလည်း တောင်းဆိုလိုက်သည်။ ထိုအဖွဲ့သည် တောင်အာဖရိက သမ္မတဟောင်း နယ်လ်ဆင်မင်ဒဲလား တည်ထောင်ခဲ့သော အဖွဲ့ ဖြစ်သည်။

The Elders အဖွဲ့၏ ဥက္ကဋ္ဌ ဖြစ်သူ ဘုန်းတော်ကြီး ဒက်စမွန် တူးတူးက “ဒေါ်အောင်ဆန်းစုကြည်အား ဖယ်ထုတ်ပြီး အသံတိတ်နေစေရန် ကြိုးပမ်း ထားသော်လည်း ဒေါ်အောင်ဆန်းစုကြည်သည် သူ၏ နိုင်ငံအတွက်သာမက တကမ္ဘာလုံးအတွက် မျှော်လင့်ခြင်း သင်္ကေတ တခု အဖြစ် ရှိနေဆဲ ဖြစ်သည်” ဟု ပြောကြားလိုက်သည်။

အမေရိကန် သမ္မတဟောင်း ဂျင်မီကာတာကလည်း ဒေါ်အောင်ဆန်းစုကြည်သည် လူ့အခွင့်အရေး နှင့် ဒီမိုကရေစီကို သက်ဝင် ယုံကြည်သူများ၏ သူရဲကောင်းတဦး ဖြစ်သည်ဟု ဆိုသည်။

ယခုအခါ The Elders အဖွဲ့ဝင်များသည် မော်ရိုကိုနိုင်ငံတွင် အစည်းအဝေး တခု ကျင်းပလျက်ရှိသည်။ ထုံးစံအတိုင်း အစည်းအဝေးတွင် ဒေါ်အောင်ဆန်းစုကြည် အတွက် ထိုင်ခုံတလုံးကို ပြင်ဆင်ထားသည်ဟု သိရသည်။ အစည်းအဝေးတွင် မြန်မာပြည် အခြေအနေ အပါအဝင် ကမ္ဘာ့အရေးအခင်းများနှင့် ပတ်သက်ပြီး ဆွေးနွေးမည် ဖြစ်သည်။

စစ်အစိုးရ၏ လုပ်ရပ်များကြောင့် ၂ဝ၁ဝ ရွေးကောက်ပွဲ တရားဝင်မှုကို ထိခိုက်နေကြောင်း၊ အနိမ့်ဆုံး သတ်မှတ်ချက်များ ပါဝင်ခြင်း မရှိပါက ရွေးကောက်ပွဲ ရလဒ်သည်လည်း အသိအမှတ် ပြုခံရမည် မဟုတ်ကြောင်း စစ်အစိုးရကို ရှင်းရှင်း လင်းလင်း အသိပေးထားသင့်သည်ဟု အရှေ့တောင်အာရှ ဒေသတွင်း နိုင်ငံများကို The Elders အဖွဲ့က တိုက်တွန်းထားသည်။

အနိမ့်ဆုံး သတ်မှတ်ချက်များတွင် နိုင်ငံရေး အကျဉ်းသားများကို လွှတ်ရန်၊ ၂ဝဝ၈ ခုနှစ် အခြေခံ ဥပဒေအား ပြန်လည် သုံးသပ်ရေးအတွက် အလွှာအသီးသီး ပါဝင်သည့် ညှိနှိုင်းမှုများ ပြုလုပ်ရန်၊ ၂ဝ၁ဝ ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် နှင့် တခြား နိုင်ငံရေး ပါတီများကို ပါဝင်ခွင့် ပြုရန် စသည့် အချက်များ ပါဝင်သည်။

၂ဝ၁ဝ ရွေးကောက်ပွဲကို နိုင်ငံတကာက စောင့်ကြည့်ခွင့် ရရေးကိုလည်း ၎င်းတို့က တောင်းဆိုထားသည်။

ဧရာဝတီအင်တာနက်စာမျက်နှာမှ ကူးယူဖေါ်ပြသည်၊
အညာနွေတမာမြေ

No comments: