-->

Tuesday, May 12, 2009

တိုးတိုးလေးသာ အမျှေ၀၀ံ့ပါသည်

မေ .. ဒီမေလမှာ ခါးသီးတဲ့ အမှတ်တရတွေ ရှိနေတယ်။

မနှစ်က မေလဆန်း ၂ရက်နေ့ည … နာဂစ်ဝင်တော့ သေလိုက်တဲ့လူတွေ။ မုန်တိုင်း ပြီးကာစမှာတော့ လူသေပျောက်နှုန်းတွေ တဖြည်းဖြည်း မြင့်တက်လာနေတာကို ကြားရတယ်။ ဒါပေမယ့် .. ကိုယ့်နေရာမြဲရေးကိုသာ အလေးပေးနေတဲ့သူတွေကြောင့် သေတဲ့သူတွေ စာရင်းမှန် မရခဲ့ဘူး။ ဒုက္ခရောက်နေတဲ့သူတွေကို ကူညီကယ်ဆယ်ဖို့က ဝေလာဝေး နိုင်ငံတကာက အကူညီတွေကို ၀င်ခွင့်မပေးတဲ့အပြင် ပြည်တွင်းက စာနာသူအချင်းချင်း ကူညီတာကိုတောင် ဖမ်းဟယ် ဆီးဟယ် တားမြစ်ဟယ်နဲ့ လုပ်ခဲ့ကြပြီး ဥပေက္ခာ ပြုခဲ့ကြတာ။ ဒီလိုနဲ့ သေတဲ့သူတွေ စာရင်းဟာ သိန်းဂဏန်းကျောိ မြင့်တက်ခဲ့ရတယ်။

မြန်မာတွေ ၀မ်းနည်းကြေကွဲနေတုန်း မေ ၁၂ ရက် … တရုတ်ပြည် စီချွမ်ပြည်နယ်မှာ ငလျင်အကြီးအကျယ်လှုပ်လို့ အဆောက်အအုံတွေပြိုကျပြီး တရုတ်ပြည်သူတွေ ကျောင်းသားလေးတွေ သေကုန်ကြပြန်ရော … ဒီမှာတင် သူတို့ အကြီးအကဲတွေ ကိုယ်တိုင် ငလျင်ဖြစ်တဲ့ ဒေသတွေကို ချက်ခြင်းသွား ကယ်ဆယ်ရေးအဖွဲ့တွေ မြန်မြန်စီစဉ် … နိုင်ငံတကာက အကူညီတွေကို လည်း မဆိုင်းမတွ လက်ခံခဲ့ကြတယ်။ သူတို့ တရုတ်ပြည် ငလျင်ဘေးမှာ သေတဲ့သူက ၈ သောင်းခွဲရယ်ပါ။ ငလျင်ဖြစ်ပြီး နောက်နေ့မှာပဲ သူတို့ တရုတ်နိုင်ငံ တ၀ှမ်းလုံး ငလျင်ဘေးမှာ သေဆုံးသွားတဲ့ သူတွေအတွက် ဆုတောင်းမေတ္တာပို့ပွဲတွေနဲ့ ၀မ်းနည်းခြင်း အထိမ်းအမှတ်လုပ်ခဲ့ကြတယ်။ တရုတ်ပြည်ရဲ့ ရုပ်သံလိုင်းတွေမှာ တရုတ်အဆိုတော်တွေ သရုပ်ဆောင်တွေကလည်း တရုတ်ပြည်သူတွေအားလုံးက ငလျင်ဘေးသင့်သူတွေကို ကူညီဖို့ လှုံ့ဆော်တဲ့ သီချင်းတွေ စကားသံတွေ ချည်း …

ကျမတို့ မြန်မာတွေမှာတော့ ဆုတောင်းပွဲ မပြောနဲ့ ကယ်ဆယ်ရေးတောင် ဖြောင့်အောင် မလုပ်နိုင်တဲ့ အချိန် .. ကျမတို့ရဲ့ အကြီးအကဲတွေကတော့ မဲဆန္ဒ ခံယူပွဲကိုသာ အာရုံရောက်နေလေရဲ့။ မြန်မာတွေကြည့်ခွင့်ရတဲ့ စစ်အစိုးရလက်အောက်ခံ မြန်မာ့အသံနဲ့ မြ၀တီ တီဗီတွေထဲမှာတော့ မဲပေးကြစို့ သီချင်းတွေနဲ့ပဲ ဆူညံလို့ .. တမဲတည်း မဲနေကြတာ …

ကိုရွှေတရုတ်တို့က ငလျင်ဘေးအတွက် ရုံးပိတ်ရက် သတ်မှတ်လိုက်ပြီး ၀မ်းနည်းခြင်း အထိမ်းအမှတ် အခမ်းအနား လုပ်ပြီး နောက်တရက်မှာတော့ ကျမတို့ ဘဘကြီးတွေက မကောင်းတတ်လို့ပဲလား သူတို့ အားကိုးရတဲ့ ကိုရွှေတရုတ်တို့ကို မျက်နှာလို မျက်နှာရ လုပ်ချင်လို့ပဲလား။ သူများ အတုပဲ လိုက်ခိုးလေသလား မသိ .. ၀မ်းနည်းခြင်း အထိမ်းအမှတ်လိုက်လုပ်ပါလေရော .. အဲဒီလို လုပ်တဲ့ အချိန်ဟာ သူတို့ လိုချင်တဲ့ မဲတွေ ရပြီးတဲ့ အချိန်မို့လို့လဲ ဖြစ်မှာပ်ါလေ ..

အခုဆိုရင် ဒီအဖြစ်တွေဟာ ၁ နှစ် တောင် ပြည့်ခဲ့ပြီ။ ဒီနေ့ မေ ၁၂ ရက်နေ့ဟာ ကိုရွှေတရုတ်တို့ ငလျင်ဘေး ၁ နှစ်ပြည့်တဲ့နေ့ .. တရုတ်ပြည်က သတင်းဌာနတွေ နောက်၊ CNN, BBC သတင်းဌာနတွေရဲ့ အစီစဉ်တွေမှာ ဒီငလျင်ဘေး ၁ နှစ်ပြည့် အထိမ်းအမှတ် လုပ်နေတာတွေနဲ့ ပြည့်လို့ .. ငလျင်ကြောင့် ပြိုခဲ့တဲ့ အဆောက်အုံနေရာတွေမှာ ဖယောင်းတိုင်မီးတွေထွန်းပြီး ဆုတွေတောင်းကြ .. ငလျင်တုန်းက အကြောင်းတွေ ရေးထားတဲ့ စာအုပ်တွေ အမှတ်တရတဲ့ .. ငလျင်ဖြစ်တုန်းက ရိုက်ထားတဲ့ ပုံတွေ အမှတ်တရတဲ့ .. တီရှပ်တွေမှာ ပုံနှိပ်ထားတယ် .. နောက် အဲဒီတုန်းက သတင်းတွေ ဓာတ်ပုံတွေကို စုထားတဲ့ DVD အမှတ်တရတဲ့ .. ကာဗာမှာ ဟူကျင်တောင်း က ကယ်ဆယ်ရေး လုပ်တာတွေကို လာကြည့်နေပုံနဲ့ .. ၀မ်းနည်းခြင်း အထိမ်းအမှတ်ပွဲကို လာဆုတောင်း အမျှဝေကြတဲ့ သူတွေ အုံခဲလို့ ..

မေလဆန်းပိုင်းကို ပြန်လှည့်ကြည့်လိုက်တော့ … ကျမတို့ မြန်မာပြည်က နာဂစ်လည်း တနှစ် ပြည့်ခဲ့ပေါ့နော် … ပြည်ပသတင်းဌာနတွေမှာ ကြားလိုက်မိတာက မြစ်ဝကျွန်းပေါ်ဒေသမှာ အကူညီတွေ လိုသေးတယ်တဲ့ … မုန်တိုင်းက သေကံမရောက် လွတ်လာသူတွေမှာ စိတ်ဝေဒနာတွေ ဖြစ်နေသေးတယ်တဲ့ .. ပြည်ပရောက် မြန်မာတွေ နာဂစ်တုန်းက သေသွားတဲ့ သူတွေအတွက် ပြည်ပကနေ ဆုတောင်း အမျှဝေ လုပ်ကြတယ်တဲ့ …

ကိုရီးယား ဇာတ်လမ်းတွဲတွေ တရုတ် သိုင်းကားတွေ လွှင့်နေတဲ့ မြန်မာ့အသံနဲ့ မြ၀တီတို့မှာ နာဂစ် တုန်းက သေသွားကြတဲ့ သူတွေအတွက် ဘာဝမ်းနည်းခြင်း အထိမ်းအမှတ် သီချင်းမှ မရှိ .. ဘာအစီအစဉ်မှ မရှိ …

တရုတ်နိုင်ငံက ငလျင်ဘေးမှာ သေဆုံးသူတွေ အတွက် နိုင်ငံတော် အခမ်းအနားလုပ်တယ် … တလောလေးကတင် အီတလီနိုင်ငံမှာ ငလျင်ကြောင့် လူရာကျော်သေတော့ သေတဲ့သူတွေကို နိုင်ငံတော် ဈာပနနဲ့ သဂြိုလ်ပေးသတဲ့ …

သြော် … စစ်ဖိနပ်အောက်က မြန်မာပြည်သူတွေမှာတော့ နိုင်ငံတော် ဈာပန လုပ်ဖို့နေနေသာသာ မြင်မကောင်းအောင် ပြန့်နေတဲ့ အလောင်းတွေကို စေတနာနဲ့ သဂြိုလ်ပေးတဲ့ သူတွေကို ဟိုးအဝေးကြီးက နံရံ လေးဖက်ထဲ နှစ်ရှည်ပိတ်ထည့်ထားလေရဲ့ …့ သွားလေသူတွေအတွက် အမျှအတန်းဝေဖို့ ဆုတောင်းကြဖို့ ၀မ်းနည်းခြင်း အထိမ်းအမှတ်လေးမှ မလုပ်ရဲတဲ့ အခြေအနေ .. ဆုတောင်း အမျှဝေတာတောင် လွတ်လပ်မှု မရှိတဲ့ အခြေအနေ …

ရွှေတိဂုံ စေတီတော်ကြီးပေါ်က ဆည်းလည်းလေးတွေကတော့ တချွင်ချွင်မြည်သံပေးလို့၊ ဘုရားကျောင်းခေါင်မိုးပေါ်က ခိုကလေးတွေက ညည်းသံပေးလို့ တိုးတိုးလေး ဆုတောင်းအမျှဝေနေကြလေရဲ့ …
မာန်

No comments: