-->

Saturday, June 6, 2009

“ဒါလင်ကိုလွမ်းလိုက်တာ” နဲ့ “စိတ်ရှုပ်လိုက်တာ မောင်လေးရယ်” တန်ပြန် ကမ်ပိန်းများ စတင်

ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး လိုလားသူတွေရဲ့ ဓာတ်ပုံတွေ ဖြန့်ဝေတာကို တန်ပြန်တဲ့အနေနဲ့ မြင်းခြံ၊ တောင်သာနဲ့ ကျောက်ပန်းတောင်းမြို့တွေမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကြက်တောတို့တွဲရိုက်ထားပါတယ်ဆိုတဲ့ ပုံတွေကို ကြံ့ဖွံ့တွေက ဆိုင်ကယ်ပေါ်ကနေ ကြဲချသွားတယ်လို့ ဒေသခံတွေမှ သိရပါတယ်။

“ပုံတွေက ပုံစံ ၂ မျိုးနဲ့။ တပုံက ဒေါ်စုရဲ့အမျိုးသား မိုက်ကယ်အဲရစ်ပုံနဲ့ ကြက်တောရဲ့ပုံ အလယ်မှာ ဒေါ်စုကိုထားထားပြီး ဒါလင်ကို လွမ်းလိုက်တာ ဆိုပြီး ရေးထားတဲ့ ပုံတခုရယ်၊ နောက်တခုက ဒေါ်စုအိမ်ကိုနောက်ခံထားပြီး ကြက်တောရဲ့ရင်ခွင်ထဲမှာ ဒေါ်စုကပက်လက်ကလေးနေတယ် ပြီးတော့ စိတ်ရှုပ်လှပြီ မောင်လေးရယ် ဆိုပြီးရေးထားတယ်။ ပုံတွေက ကွန်ပြူတာနဲ့ တမင်ပြင်ထားတာ သိသာပါတယ်” လို့ မြင်းခြံသားတယောက်က အညာနွေ တမာမြေကို ပြောပြပါတယ်။


ရဲတွေ စည်ပင်တွေက လာရောက်သိမ်းဆည်းခြင်း ဖမ်းဆီးခြင်းမရှိတဲ့ ထောင်ချီကျဲပြန့်နေတဲ့ အဲဒီရောင်စုံဓာတ်ပုံတွေဟာ လိပ်စာကဒ်အရွယ်လောက်ပဲရှိပဲတယ်လို့ ဆိုပါတယ်။

“တချို့ကတော့ ကောက်ယူကြည့်ကြပြီးတော့၊ သတ္တိရှိရင် ဘာလို့ လူမသိသူမသိလျှောက်ကြဲနေလဲ။ ကိုယ်တိုင်လာပေးရဲပေးကြည့် ဆွဲထိုးပစ်မယ်နဲ့။ ဈေးသည်တွေကလည်း ပါးဆွဲချလိုက်မယ်နဲ့ ပြောနေကြတယ်ဗျ” လို့ ဒေသခံ တယောက်က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ဆုတောင်းပေဖို့ ဒေါ်အောင်ဆန်းစုကြည် တယောက်တည်းပုံတွေကို ပြည်သူအတွက် ဖြန့်ပေးနေတဲ့ လှုပ်ရှားမှုမှာတော့ ပုံတွေက မလောက်နိုင်အောင်ဖြစ်နေပြီး ပြည်သူလူထုကလည်း လိုလိုလားလားကို လာတောင်းကြတယ်လို့ ဆိုပါတယ်။

“ဒေါ်စုကိုမလိုလားသူတွေက ဘယ်လိုပဲ လိုက်အသရေဖျက်နေပါစေ ဒေါ်စုရဲ့ ဂုဏ်သိက္ခာ ကျဆင်းသွားမှာ မဟုတ်သလို ပြည်သူကလည်း အကြည်ညိုလျော့သွားမှာ မဟုတ်ပါဘူး။ ဒီလို မဟုတ်တာလုပ်တဲ့သူတွေရဲ့ သိက္ခာပဲ ကျတာပါ” လို့ ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံတွေကို ဖြန့်ဝေပေးနေတဲ့ တက်ကြွလှုပ်ရှားသူ တယောက်က ပြောသွားပါတယ်။

အညာနွေတမာမြေ

No comments: