-->

Friday, June 5, 2009

ဒီမိုကရေစီရေး တက်ကြွသူတို့ရဲ့ ဒေါ်စု ဓာတ်ပုံကမ်ပိန်းကို နအဖက တန်ပြန် ကမ်ပိန်းတွေ လုပ်နေပြီ

အန်အယ်ဒီနဲ့ ဒီမိုကရေစီရေး တက်ကြွသူတွေဦးဆောင်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံတွေ ဖြန့်ဝေတဲ့ ကမ်ပိန်းတွေ အရှိန်မြင့်လာတာနဲ့အမျှ အသားထဲက လောက်ထွက်တဲ့ သူတွေရဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကြက်တောတို့ အတူတွဲရိုက်ထားပါတယ်ဆိုတဲ့ လုပ်ကြံပုံတွေကို တန်ပြန်ဖြန့်ဝေနေပြန်ပါတယ်။

အဲဒီပုံတွေကို မန္တလေးမှာ အသားထဲကလောက်ထွက်တဲ့ နအဖ လက်ပါးစေတွေက လိုက်ဖြန့်နေတာလို့ မန္တလေးသားတွေက ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ပုံတွေကို ဖြန့်ဝေတာတွေကို ပထမဆုံး ဦးဆောင်ခဲ့တဲ့ မိထ္ထီလာ အန်အယ်ဒီက ဒေါ်မြင့်မြင့်အေးရဲ့ ဖုန်းလိုင်းကိုလည်း ခိုးနားထောင်တာတွေ၊ ဖုန်းပြောနေတုန်း လိုင်းဖြတ်ချပစ်တာတွေကိုလည်း လုပ်ပြီး နှောင့်ယှက်နေတယ်လို့ သိရပါတယ်။

ပုဂံညောင်ဦးမှာလည်း အေဖိုးဆိုဒ် စာရွက်နဲ့ မြန်မာပြည်မြေပုံပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်ပုံနဲ့ `လွှတ်´ဆိုတဲ့ စာပါတဲ့ စာရွက်တွေကို လမ်းလယ် ဓာတ်တိုင်တွေ ဘုရား နံရံတွေမှာ ကပ်ထားတာတွေ တွေ့ရပြီး သိပ်မကြာခင်မှာပဲ အာဏာပိုင်တွေက လိုက်ခွာပစ်တယ်လို့ ဒေသခံတွေက အညာနွေ တမာမြေကို ပြောပြပါတယ်။

အာဏာပိုင်တွေ လက်ပါးစေတွေက ဒီလိုနှောင့်ယှက်မှုတွေ လုပ်ပေမယ့် ပြည်သူလူထုက သူတို့ လေးစားချစ်ခင်မြတ်နိုးတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံတွေကို တောင်းယူတာတွေပိုမိုများပြားလာလို့ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်းနဲ့ ရန်ကုန်တိုင်းတို့မှာ ဓာတ်ပုံတွေ မလောက်ဘူးလို့ သိရပါတယ်။

ပြည်သူကြည်ညိုလေးစားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံတွေမို့လို့သာ ပြည်သူတွေက လိုလိုလားလားတောင်းယူကြတာပါ။ ပြည်သူ မကြည်ညိုတဲ့ သူတွေပုံသာဆိုရင် ပြည်သူတွေက တောင်းယူကြပါ့မလား။

ပြည်သူကြည်ညိုတဲ့ လူထုခေါင်းဆောင်ရဲ့ ပုံကို မလျော်မကန် မဖွယ်မရာ ဖန်တီးပြီး အသရေဖျက်တာဟာ သင့်လျော်ပါရဲ့လား။ အဲဒီပုံတွေကို ဘယ်သူက လက်ခံယူချင်ကြပါသလဲ။ လက်ခံယူချင်တဲ့သူတွေက ဘယ်လိုလူစားတွေပါလဲ။

ဒီလိုပုံတွေကို ဖန်တီးတဲ့သူတွေ၊ ဖြန့်ဝေတဲ့သူတွေဟာ သူတို့ဟာ ဘယ်လိုအဆင့်အတန်းနဲ့ နေတဲ့သူတွေပါလဲ။ (ရိုင်းရိုင်းပြောရရင် ဘယ်လိုမိဘတွေက မွေးတဲ့သူတွေပါလဲ)
အညာနွေတမာမြေ

No comments: