-->

Monday, July 6, 2009

ဓမ္မစင်္ကြာအခါတော်နေ့


“သန္ဓေတောထွက်၊ ဓမ္မစက်”ဟူ၍ ဆိုရိုးစကားရှိသည့်အတိုင်း ၀ါဆိုလပြည့်နေ့သည် ဂေါတမဗုဒ္ဓမြတ်စွာဘုရားရှင် ဘုရားဖြစ်မည့် ယခုနောက်ဆုံး ဘ၀တွင် ပဋိသန္ဓေယူသောနေ့၊ တောထွက်တော်မူသောနေ့နှင့် ဓမ္မစကြာတရားဦးဟောသောနေ့ ဟူသည့် နေ့ထူးနေ့မြတ်သုံးခု တိုက်ဆိုင်သောနေ့ပင်ဖြစ်သည်။

ဂေါတမဗုဒ္ဓ အလောင်းတော်သည် မဟာသက္ကရာဇ် ၆၇ ခုနှစ် ၀ါဆိုလပြည့်နေ့ညတွင် ကပိလ၀တ် ဘုရင် သုဒ္ဓေါဓန၏ မိဖုရားခေါင်ကြီး မဟာမာယာဒေ၀ီ၏ ၀မ်းကြာ တိုက်တွင် ပဋိသန္ဓေနေတော်မူသည်။
သန္ဓေယူ၍ ၁၀ လအကြာ၊ သက္ကရာဇ် ၆၈ ခုနှစ် ကဆုန်လပြည့် သောကြာနေ့တွင် ကပိလ၀တ်နှင့် ကောလိယနှစ်ပြည်အကြား ယခုနီပေါနိုင်ငံအတွင်းရှိ လုမ္ဗိနီ အမည်ရှိ အင်ကြင်းတောတွင် ဖွားမြင်တော်မူသည်။


အသက် ၂၉ နှစ်အရွယ်အထိ နန်းစည်းစိမ်ကို သူမတူအောင် ခံစားခဲ့ပြီးနောက် မဟာသက္ကရာဇ် ၉၇ ၀ါဆိုလပြည့် တနင်္လာနေ့တွင် မင်းစည်းစိမ်ကို စွန့်လွှတ်၍ တောထွက်တော်မူသည်။ ဟိမ၀န္တာတောင်ခြေရှိ ဥရုဝေလတောတွင် အစာရေစာဖြတ်တောက်ကာ ဒုက္ကရစရိယာ (ကျင့်နိုင်ခဲသောအကျင့်) ကို ခြောက်နှစ်တိုင် ပင်ပန်းဆင်းရဲစွာကျင့်တော်မူသည်။


မဟာသက္ကရာဇ် ၁၀၃ ခုနှစ် ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့တွင် မဇ္ဈိမဒေသ ဗုဒ္ဓဂယာရှိ ဗောဓိပင်ရင်း၌ သဗ္ဗညုတဉာဏ်ကိုရ၍ ဗုဒ္ဓအဖြစ်သို့ ရောက်တော် မူသည်။ ဘုရားဖြစ်ပြီးနောက် ၄၉ ရက်တိုင်တိုင် သတ္တသတ္တာဟ (တစ်နေရာတွင် ခုနစ်ရက်စီနှင့် ခုနစ်နေရာ) စံတော်မူ၍ တရားကျင့်ဖော်ကျင့်ဖက် ပဉ္စ၀ဂ္ဂီ ငါးဦးတို့အား ကျေးဇူးဆပ်သည့်အနေဖြင့် တရားဦးဟောရန် ဗာရာဏသီမြို့အနီးရှိ မိဂဒါဝုန်တောသို့ ကြွတော်မူသည်။

ထိုနှစ် ၀ါဆိုလပြည့် စနေနေ့တွင် “သမင်တို့ကိုဘေးမဲ့ပေးရာတော”ဟု အဓိပ္ပာယ်ရသည့် မိဂဒါဝုန်၌ ပဉ္စ၀ဂ္ဂီငါးပါးတို့အား ဓမ္မစကြာတရားဦး ဟောတော်မူသည်။

ဤသို့ ပဉ္စ၀ဂ္ဂီတို့အား ဓမ္မစကြာ တရားဦးဟောသည်ကို အစွဲပြု၍ ၀ါဆိုလပြည့်နေ့ကို “ဓမ္မစကြာအခါတော်နေ့” ဟူ၍လည်း ခေါ်ကြသည်။ “ဓမ္မစကြာ”၏ အဓိပ္ပာယ်မှာ “ဓမ္မ=တရား၊ စကြာ=အ၀န်းအ၀ိုင်း၊ ဘီး” ဟူ၍ဖြစ်ပြီး မြတ်စွာဘုရားရှင်၏ ၄၅ ၀ါပတ်လုံး ဟောကြားတော်မူခဲ့သည့် တရားတော်များအနက် ပထမဆုံးဖြစ်သည့် ထိုတရားသည် ရပ်နေသောတရားဘီးလုံးကြီးကို စတင်လှည့်လိုက်သည်နှင့် တူသောကြောင့် “ဓမ္မစကြာ” ဟူ၍ အမည်ရခြင်းဖြစ်သည်။

ဓမ္မစကြာတရားတော် အနှစ်ချုပ်

မြတ်စွာဘုရားရှင်၏ ဓမ္မစကြာတရားတော်ကို လွယ်ကူရှင်းလင်းသောစကားပြေဖြင့် ပြန်လည်ဖော်ပြရသော် …
လောကတွင် အစွန်းနှစ်ပါးရှိ၏။ ယင်းတို့မှာ ကာမဂုဏ်စည်းစိမ်ကို လိုက်စားခံစားခြင်းဆိုသည့် အစွန်းတစ်ပါးနှင့် မိမိကိုယ်ကိုယ် ဆင်းရဲပင်ပန်းအောင် ညှင်းဆဲခြင်းဆိုသည့် အစွန်းတစ်ပါးတို့ဖြစ်သည်။

ယင်းအစွန်းနှစ်ပါးစလုံးသည် သံသရာဝဋ်ဆင်းရဲမှလွတ်မြောက်ကြောင်းတရားမဟုတ်၊ အရိယာ သူတော်စင်တို့၏ အကျင့်တရားမဟုတ်၊ ချမ်းသာကိုဆောင်ယူပေးနိုင်သောတရားမဟုတ်။

မြတ်စွာဘုရားသည် ထိုအစွန်းနှစ်ပါးစလုံးကို ရှောင်တော်မူ၍ အလယ်အလတ်ဖြစ်သော (မဇ္ဈိမပဋိပဋာ) လမ်းစဉ်ကို ထူးသောဉာဏ်ဖြင့် ထိုးထွင်း၍ သိခဲ့ပြီ။ ထိုအကျင့်သည်သာလျှင် ကိလေသာငြိမ်းရန်၊ သစ္စာလေးပါးကိုထိုးထွင်းသိမြင်ရန်၊ နိဗ္ဗာန်ကိုမျက်မှောက်ပြုရန်ဖြစ်သည်။

ထို အလယ်အလတ်ဖြစ်သော မြတ်သောအကျင့်သည် အဘယ်နည်း။ ယင်းတို့မှာ သမ္မာဝါစာ (မှန်သောစကား)၊ သမ္မာကမ္မန္တ (မှန်သောအလုပ်)၊ သမ္မာ အာဇီဝ (မှန်သောအသက်မွေးမှု)၊ သမ္မာသတိ (မှန်သော အောက်မေ့အမှတ်ရမှု)၊ သမ္မာဝီရိယ (မှန်သောအားထုတ်မှု)၊ သမ္မာသမာဓိ (မှန်သော တည်ကြည်မှု)၊ သမ္မာသင်္ကပ္ပ (မှန်သောကြံစည်မှု)နှင့် သမ္မာဒိဋ္ဌိ (မှန်သောအမြင်)ဆိုသည့် မဂ္ဂင်ရှစ်ပါးတို့ပင်တည်း။

မြတ်စွာဘုရားသည် အစွန်းနှစ်ပါးကိုလည်းကောင်း၊ အစွန်းနှစ်ပါးမှလွတ်ရာ အလတ်အလတ်လမ်းကိုလည်းကောင်း ပြဆိုပြီးနောက် အရိယာ သစ္စာလေးပါးကို ဆက်လက်ဟောကြားတော်မူပါသည်။

သစ္စာလေးပါး

ပထမသစ္စာမှာ “ဒုက္ခသစ္စာ” ဆိုသည့် ဆင်းရဲခြင်းအမှန်တရားဖြစ်သည်။ ဆင်းရဲခြင်းဆိုသည်မှာ အဘယ်နည်းဟု ဆိုလိုသည်။ မြတ်စွာဘုရားက ပဋိသန္ဓေနေရခြင်းသည် ဆင်းရဲ၏။ အိုရခြင်းသည် ဆင်းရဲ၏။ နာရခြင်းသည် ဆင်းရဲ၏။ သေရခြင်းသည် ဆင်းရဲ၏။ ချစ်သောသူတို့နှင့် ကွေကွင်းရခြင်း သည်ဆင်းရဲ၏။ မချစ်သောသူတို့နှင့် အတူနေရခြင်းသည် ဆင်းရဲ၏။ လိုချင်တာကိုမရခြင်းသည် ဆင်းရဲ၏။ အနှစ်ချုပ်အားဖြင့် ဤဘ၀ခန္ဓာသည် ပင်လျှင် ဆင်းရဲဒုက္ခဖြစ်၏ဟု ဟောတော်မူသည်။

ယင်းနောက် ဒုတိယသစ္စာဖြစ်သည့် “သမုဒယသစ္စာ”ခေါ် ဆင်းရဲခြင်းဖြစ်ကြောင်းအမှန်တရားကို ဟောကြားသည်။ ဘာကြောင့် ဆင်းရဲခြင်းဆိုသည့် ခန္ဓာငါးပါးတို့ကိုရသနည်း၊ ဆင်းရဲခြင်း၏ အကြောင်းရင်းမှာအဘယ်နည်းဟု ဆိုလိုသည်။ ဆင်းရဲခြင်း၏အကြောင်းရင်းမှာ “တဏှာ”ဆိုသည့် စွဲလမ်းတပ်မက်မှုဖြစ်၏။ ထိုတဏှာသည် ဘ၀အသစ်ကို ပြန်လည်ဖြစ်စေတတ်၏။ ထိုတဏှာသည် ထိုထို အာရုံတို့အပေါ် ပြင်းစွာ စွဲလမ်းစေ၏ဟု ဟောတော်မူသည်။

တတိယမြောက် သစ္စာဖြစ်သော “နိရောဓသစ္စာ” ခေါ် ဆင်းရဲခြင်းတို့ချုပ်ငြိမ်းရာကို ပြဆိုရာ၌ ဆင်းရဲခြင်း၏ချုပ်ငြိမ်းခြင်းသည် ဆင်းရဲခြင်းကို ဖြစ်စေတတ်သော ထို တဏှာမှလွတ်မြောက်ခြင်း (နိဗ္ဗာန်) ပင်ဖြစ်၏ဟု ဟောတော်မူသည်။

စတုတ္ထသစ္စာမှာ “မဂ္ဂသစ္စာ” ခေါ် နိဗ္ဗာန်ရောက်ကြောင်းအကျင့်ကောင်း အမှန်တရားဖြစ်၏။ ဆင်းရခြင်းမှလွတ်မြောက်ခြင်းဖြစ်သော ထို နိဗ္ဗာန်ကို မျက်မှောက်ပြုရန် မည်သည့်အကျင့်ကို ကျင့်ရမည်နည်း။ ယင်းအကျင့်ကောင်းကား (အထက်ကပြဆိုခဲ့သည့်) သမ္မာဝါစာ အစရှိသည့် အင်္ဂါရှစ်ပါးရှိသော မဂ္ဂင်ကျင့်စဉ်ပင်ဖြစ်၏ဟု ဆိုတော်မူသည်။

ထို ဆိုခဲ့ပြီးသော ဆင်းရဲခြင်းအမှန်တရား (ဒုက္ခသစ္စာ)၊ ဆင်းရဲခြင်း၏အကြောင်းရင်း (သမုဒယသစ္စာ)၊ ဆင်းရဲခြင်းမှ လွတ်ငြိမ်းခြင်း (နိရောဓ သစ္စာ) ၊ ဆင်းရဲခြင်းမှလွတ်ငြိမ်းခြင်း၏လမ်းစဉ် (မဂ္ဂသစ္စာ) တို့ကို ရှေးယခင်က မသိခဲ့ကြောင်း၊ ယခု မြတ်စွာဘုရားသည် ထိုတရားတို့ကို ပညာမျက်စိ ဖြင့်သိပြီ။ အသိဉာဏ်ဖြင့် သိပြီ။ အထူးသိသောပညာဖြင့်သိပြီ။ ထိုးထွင်းသိတတ်ပြီ။ ဉာဏ်၌ အလင်းရောင်သည် ထင်ရှားဖြစ်ပေါ်ခဲ့ပြီဟု ဥဒါန်းကျူးရင့်တော် မူပါသည်။

မြတ်စွာဘုရားက ဆက်လက်၍ ဆိုခဲ့ပြီးသော၊ အရိယာတို့သာထိုးထွင်းသိအပ်သော အမှန်တရား (သစ္စာလေးပါး)တို့ကို ယခင် သူ မသိခဲ့စဉ် ကာလတလျှောက်လုံး ထိုတရားတို့ကိုသိခဲ့ပြီဟု မ၀န်ခံခဲ့ဖူးကြောင်း၊
ယခု ထိုတရားလေးပါးတို့ကို သိပြီးသည့်အခါမှသာ သိပြီးပြီဟု ၀န်ခံကြောင်း၊ မြတ်စွာဘုရားက သူ၏ ကိလေသာမှလွတ်မြောက်ခြင်းသည် မပျက်စီး နိုင်တော့ကြောင်း၊ ယခုဘ၀သည် အဆုံးစွန်သောဘ၀ (နောက်ဆုံးဘ၀)ဖြစ်ကြောင်း၊ နောက်ထပ်ဘ၀သစ်တစ်ဖန် ထပ်မံနေစရာမရှိတော့ပြီဟု သုံးသပ်ဆင်ခြင်နိုင်ခဲ့ပြီဖြစ်ကြောင်းဆိုရင်း ဓမ္မစကြာတရားကို အဆုံးသတ်တော်မူလေသည်။

ထိုသို့ မြတ်စွာဘုရား၏ တရားတော်ကို နာကြားရသည့် ပဉ္စ၀ဂ္ဂီတို့သည် တရားတော်ကို ၀မ်းမြောက်ဝမ်းသာခံယူကြ၏။ ပဉ္စ၀ဂ္ဂီတို့အနက် အသက်အကြီးဆုံးဖြစ်သော အရှင်ကောဏ္ဍညသည် သောတာပတ္တိမဂ်ဉာဏ်ကိုရသူ (သောတာပန်ပုဂ္ဂိုလ်) ပထမဆုံးပုဂ္ဂိုလ် ဖြစ်လာ၏။

ထိုအခါ မြတ်စွာဘုရားသည် “ကောဏ္ဍညသည် တရားကိုသိပြီ”ဟု ကျူးရင့်တော်မူလေသည်။
အရှင်ကောဏ္ဍညသည် မြတ်စွာဘုရားထံတွင် ရဟန်းအဖြစ်ကိုရလိုကြောင်းလျှောက်၏။ မြတ်စွာဘုရားသည် “ရဟန်း လာလော့။ ငါ့သာသနာ၌ ၀ဋ်ဆင်းရဲကိုအဆုံးသတ်စေရန် မြတ်သောအကျင့်ကိုကျင့်လော့” ဟု ခေါ်တော်မူ၏။ အရှင်ကောဏ္ဍညသည် ရဟန်းအဖြစ်ကို ရလေသည်။ အရှင် ကောဏ္ဍညသည် မြတ်စွာဘုရား၏ သာသနာ၌ ပထမဦးဆုံး တရားကိုထိုးထွင်းသိသူ၊ ပထမဆုံးရဟန်းအဖြစ်ကိုရသူ ဖြစ်လာခဲ့သည်။

အညာနွေတမာမြေ

No comments: