ဂါယာကနေ မနက် ၅ နာရီ ထွက်မှာဆိုပေမယ့် စိတ်စောနေတာကြောင့် ၃ နာရီကတည်းက နိုးနေပါတယ်။ ကားလာကြိုချိန်မှာတော့ ကားကြုံလိုက်မယ့် နာလန္ဒာက ကိုယ်တော်တပါးနဲ့ ရာဇဂြိုလ်က ဂျပန်ကိုယ်တော်လေး တပါး ပါလာပါတယ်။
ဗိမ္ဗိသာရမင်းနဲ့ အဇာတသတ်မင်းတို့ စိုးစံခဲ့တဲ့ ရာဇဂဟ ခေါ်တဲ့ ရာဇဂြိုလ်မြို့ ကိုတော့ မနက် ၇ နာရီခွဲလောက်မှာ ရောက်ပါတယ်။ ကုလားတွေကတော့ ရာဂျဂီ (Rajagir) လို့ ခေါ်ကြပါတယ်။ မြို့ဆိုပေမယ့် မြို့ငယ်ငယ်လေးပါ။
အမြင့်ဆုံးနန်းတော်ဖြစ်တဲ့ နှစ်ထပ်နန်းတော်ရှိတဲ့ ရာဇဂြိုလ်မြို့ကို ဝေဘာရတောင်၊ ဝေပုလ္လတောင်၊ ဂိဇ္ဈကုဋ်တောင်၊ ပဏ္ဏ၀တောင်နဲ့ ဣသိဂိလိတောင် ၅လုံးဝန်းရံထားပြီး အဲဒီတောင်တွေပေါ်မှာ ခံတပ်မြို့ရိုးဆောက်လုပ်ထားတာကြောင့် ဂိရိဗ္ဗဇ၊ တောင်ခံတပ်မြို့ဆိုပြီး ရှေးယခင်က ခေါ်ခဲ့ကြတာပါ။
အဲဒီ ဂိရိဗ္ဗဇမြို့ မီးလောင်ပျက်စီးတော့ ဗိမ္ဗိသာရမင်းဟာ ၀န်ကြီးတွေ အကြံပေးသလို မီးလောင်သွားတဲ့ မြို့ဟောင်းအပေါ် ထပ်ဆင့်ပြီးတော့ မြို့သစ်တည်ခဲ့တာလို့ ဆိုကြပါတယ်။ အဲဒီမြို့သစ်ကိုတော့ ရာဇဂဟနရ (ရာဇဂြိုလ်) ဆိုပြီး နာမည်သစ်ပေးခဲ့ပါတယ်တဲ့။
တောင်ငါးလုံးရဲ့အတွင်းဖက်မှာတော့ ဗိမ္ဗသာရမင်းတည်ခဲ့တဲ့ နန်းတော်ရှိပြီး အဇာတသတ်မင်းရဲ့ နန်းတော်ကတော့ တောင်တွေရဲ့အပြင်ဖက် နာလန္ဒာကို သွားတဲ့ဖက်မှာရှိပါတယ်။
ဗုဒ္ဓသတင်းသုံးခဲ့တဲ့ ဂိဇ္ဈကုဋ်တောင်ခြေရင်းမှာတော့ ဆေးဆရာဇီဝကက ကျောင်းအဖြစ်လှူဒါန်းထားတဲ့ သရက်တော ရှိပါတယ်။ ကျမတို့ မြင်တွေ့ခဲ့ရတဲ့ ဇီဝက သရက်တောကတော့ သရက်ပင် တပင်မှ မရှိတော့ပါဘူး။ အခုနောက်ပိုင်းလူတွေ ပြန်စိုက်ထားတဲ့ မဲဇလီပင်တွေပဲ ရှိပါတော့တယ်။ ဘုရားဖူးတွေ ဒီသရက်တောကို ရောက်လာရင်ဖြင့် ဆေးဖက်ဝင်တယ်ဆိုတဲ့ အယူအဆနဲ့ ဒီထဲက သစ်ပင်တွေဆီက အရွက်တွေ အပင်ငယ်လေးတွေကို ခူးယူသွားတတ်ကြတယ်လို့ သိရပါတယ်။
ဂိဇ္ဈကုဋ်တောင်ပေါ်ကိုရောက်ဖို့ရာက ခြေလျင်တက်တာနဲ့ ကေဘယ်စီးတာ နှစ်မျိုးရှိပါတယ်။ ကေဘယ်က မနက် ၉ နာရီကျော်မှဖွင့်တာမို့ ကျမတို့ရောက်တဲ့အချိန်က စောနေတော့ ကျမတို့ လမ်းလျှောက်ပဲ တက်ကြပါတယ်။ ကျမတို့နဲ့ပါလာတဲ့ ဂျပန်ကိုယ်တော်လေးကလည်း သူတို့ မဟာယန ထုံးစံအတိုင်း သရေကြပ်စည်းထားတဲ့ ဗုံကို တီးရင်း ဘုရားစာတွေ ရွတ်ရင် တက်လာပါတယ်။ ကျမတို့လိုပဲ တက်ခဲ့တဲ့သူတွေကတော့ ထိုင်းက သားအမိ ဖြစ်ဟန်တူတဲ့ အမျိုးသမီး နှစ်ဦးဖြစ်ပါတယ်။ ရွာနီးချုပ်စပ်က ကုလားလေးတွေကလည်း ထုံးစံအတိုင်း ဘေးမှ ရစ်သီရစ်သီနဲ့ပေါ့ရှင်။
အုတ်နီလေးတွေ သပ်သပ်ရပ်ရပ်စီထားတဲ့ တောင်တက်လမ်းပေါ်လျှောက်ရင်း တဖြည်းဖြည်း အမြင့်ကို ရောက်လာတာနဲ့အမျှ နေကလည်း ပြင်းလာပါတယ်။ အရေးထဲ မနက်စာမစားခဲ့တော့ ဗိုက်ထဲက တဂွီဂွီနဲ့ အစာပေးပါ ဆိုပြီး အသံပြုလာတယ်။ ပါလာတဲ့ တဗူးတည်းသော ရေပုလင်းကို ကျိတ်မော့ပြီး ကြိုးစားတက်ပါတယ်။ တကယ်တော့ တောင်က တက်ရခက်တဲ့ အမြင့်ကြီး မဟုတ်ပါဘူး။
တက်လာရင်းနဲ့ အသောကမင်းကြီး မင်းမြောက်တန်ဆာတွေ ချွတ်တဲ့ အထိမ်းအမှတ်နေရာကိုတောင် ကျော်လွန်ခဲ့ပါပြီ။ တကွေ့ပြီး တကွေ့တက်လာရင်းနဲ့ အရှင်သာရိပုတ္တရာ သတင်းသုံးခဲ့တဲ့ ကျောက်ဂူနဲ့ ညီတော် အာနန္ဒ တရားကျင့်ခဲ့တဲ့ ကျောက်ဂူတွေနေရာမှာ ခဏ နားပါတယ်။ ကျောက်ဂူတွေ အနားတ၀ိုက်က သစ်ပင်ခြုံပင်တွေကြားက တချွတ်ချွတ်နဲ့ ကြားလို့ ကြည့်မိတော့ ခါးကြားမှာ ဓားကောက်ကြီးနဲ့ ကုလားကြီးတယောက် ထင်းခြောက်တွေ လိုက်ကောက်နေတာတွေ့ရပါတယ်။ ကုလားပြည်မှာ ထင်းသုံးချင်ရင် အပင်တွေ မခုတ်ရပါဘူး။ ကြွေနေတဲ့ အခြောက်တွေကိုပဲ လိုက်ကောက်ရတာပါ။ အပင်ခုတ်လာတာတွေ့ရင် ထောင်ဒဏ် ငွေဒဏ်တွေ တပ်ပါတယ်။ တောရွာဖက်တွေမှာတော့ ခိုးခုတ်တာတွေ ရှိတယ်လို့ သိရပါတယ်။
အဲဒီကနေမှ ဗုဒ္ဓ ယာယီသတင်းသုံးခဲ့တဲ့ တောင်ထိပ်က ကျောင်းဆောင်ဆီကို ရောက်ဖို့ ကျမ တော်တော်လေးတက်ယူရပါတယ်။ နေကလည်း သူပူချင်တိုင်းကို အားရှိပါးရှိပူနေပါတယ်။ လွင်ပြင်ကဖြတ်တိုက်လာတဲ့လေပူပူကလည်း ကျမကို အေးချမ်းအောင် မစွမ်းဆောင်နိုင်ပါဘူး။ အိတ်ထဲပါလာတဲ့ သကြားလုံးလေး တလုံးကလည်း ဆာနေတဲ့ ကျမဗိုက်ကို ဂွီသံပျောက်အောင် မလုပ်နိုင်ပါဘူး။ အမလေး တက်မှ တက်နိုင်ပါ့မလား။ ဒီလောက်အထိလာပြီးမှတော့ ရောက်အောင်တက်ရမှာပဲဆိုပြီး ချွေးဒီးဒီးကျရင်း ကျမအားတင်းတက်ပါတယ်။ ဂျပန်ကိုယ်တော်လေးကတော့ ဘုရားစာတွေရွတ်ရင်းနဲ့ တက်သွားလိုက်တာ ကျမတို့မြင်ကွင်းက ပျောက်သွားပါပြီ။ သူ့ရဲ့ တတုံတုံ ဗုံသံကတော့ အပေါ်ကို ဆက်တက်ဖို့ အားပေးနေသလိုပါပဲ။
တဖြည်းဖြည်းအပေါ်ရောက်လာတော့ မြေကုန်းကမူဖြစ်နေတဲ့ စေတီပျက်တခုကို တွေ့ရပါတယ်။ အဲဒီကနေ အုတ်လှေကားနောက်ဆုံးတဆင့်ကို တက်လိုက်ချိန်မှာတော့ အရိပ်အာဝါသ မရှိ ကျောက်တုံးကျောက်ဆောင်တွေပေါ်က ဗုဒ္ဓရဲ့ ကျောင်းဆောင်ဟောင်းနေရာကို ရောက်ပါတော့တယ်။ အုတ်တွေကို တပေအမြင့်လောက် လေးထောင့်ကျကျ စီရီထားတဲ့ ကျောင်းဆောင်ဟောင်း အထိမ်းအမှတ်နေရာမှာတော့ ကြေးဆင်းတုတော်လေးတဆူကို ပူဇော်ခံထားပါတယ်။
ဒီနေရာကနေ လှမ်းကြည့်မယ်ဆိုရင် တောင်တွေဝန်းရံထားတဲ့ ရာဇဂြိုလ်မြို့ဟောင်း၊ အုတ်ရိုးတွေကို မြင်ရပါတယ်။ အနောက်ဖက်ကို ပြန်ကြည့်ရင်တော့ သီးခြားလိုဖြစ်နေတဲ့ တောင်ကုန်းတခုပေါ်မှာ အသောကမင်းကြီးရဲ့ ကုသိုလ်တော်စေတီ၊ နောက် တောင်ကုန်းတခုပေါ်မှာတော့ ဂျပန်တွေ တည်ထားတဲ့ စေတီတဆူတို့ရှိပါတယ်။ အဲဒီဂျပန်စေတီရှိတဲ့တောင်ကုန်းမှာက ကေဘယ် ရှိတာပါ။ ကေဘယ်သာစီးမယ်ဆိုရင် အဲဒီ ဂျပန်စေတီရှိတဲ့တောင်ကိုပဲ ရောက်မှာပါ။ ဘုရားဖူးတွေဟာ အဲဒီတောင်ဖက်ကို ကေဘယ်နဲ့ တက်ပြီးမှသာ အခုကျမတို့ရှိနေတဲ့ တောင်ကုန်းဖက်ကို ခြေလျင်ကူးကြတယ်လို့ဆိုပါတယ်။
ကျမတို့ကတော့ ပြောင်းပြန်။ ဗုဒ္ဓကျောင်းဆောင်ဟောင်းနေရာကနေမှ လမ်းတ၀က်လောက်ကို ပြန်ဆင်းပြီးမှ ဂျပန်ကိုယ်တော်လေး လမ်းပြတဲ့ တောလမ်းလေးအတိုင်း ဂျပန်စေတီရှိရာတောင်ပေါ်ကို ခရီးဆက်ကြပါတယ်။ မနက် ၈ နာရီသာရှိသေးပေမယ့် ဟုန်းဟုန်းတောက်မတက်ပူနေတဲ့ ကျောင်းဆောင်ဟောင်းနေရာမှာတော့ ထိုင်းအမျိုးသမီးကြီး၂ ယောက် ထီးတွေ ဆောင်းလို့ ၀တ်ပြုရင်း ကျန်ရစ်ခဲ့ပါတယ်။
တောလမ်းလေးအတိုင်းတက်လာရတာမို့ အရိပ်ရတော့ သိပ်မပူလှပေမယ့် ကျမ ဘယ်လိုမှ မဟန်နိုင်ဖြစ်နေပါတယ်။ တောင်ပေါ်က ပြန်အဆင်းကျရင်တော့ ကေဘယ်နဲ့ပဲ ပြန်ဆင်းမယ်လို့ အားတင်းပြီး ဖုတ်လှိုက်ဖုတ်လှိုက်နဲ့ ကျမတို့ ဂျပန်တောင်ပေါ်ကျောင်းကို ရောက်သွားပါတော့တယ်။ သစ်ရိပ်ဝါးရိပ်နဲ့ ဆိတ်ငြိမ်အေးချမ်းတဲ့ ကျောင်းဝင်းအလယ်က ဆန်ချီပုံစံ စေတီ လုံးလုံးဖြူဖြူက ကျမတို့ကို ဆီးကြိုနေပါတယ်။
သန့်ရှင်းသပ်ရပ်နေတဲ့ ကျောင်းဆောင်ထဲအမောဖြေပြီးချိန်မှာတော့ ဂျပန်ကိုယ်တော်လေး စီစဉ်ပေးတဲ့ သားသတ်လွတ် ဂျပန် ရေညှိခေါက်ဆွဲရယ်၊ ဂျပန် လက်ဖက်ရည်ကြမ်းရယ် ကုလားပူရီရယ်ကို ကျမတို့ ခေါင်းမဖော်တမ်း စားကြတာ ရှက်တောင် မရှက်နိုင်ကြတော့ပါဘူး။ (သူငယ်ချင်းတို့ သွားကြမယ်ဆိုရင်တော့ နေမပြင်းတဲ့အချိန် နွေရာသီမဟုတ်တဲ့အချိန်ကို ရွေးကြနော့။ လည်လို့ အကောင်းဆုံးအချိန်ကတော့ အောက်တိုဘာကနေ ဖေဖော်ဝါရီလအထိပါ။ အဲဒီအချိန်တွေဟာ ဆောင်းတွင်းမို့ လေအေးအေးလေးနဲ့ လူလည်း သက်သာတဲ့အချိန်ပါ။ ကျမတို့လိုတော့ နွေခေါင်ခေါင်ကြီး မသွားကြနဲ့နော်။ မနက်စာ စားဖို့လည်း မမေ့ကြနဲ့နော့ :P )
အစားစားပြီးချိန်မှာတော့ ကျောင်းဆောင်ပေါ်က ဒုံ .. ဒုံ နဲ့ စည်ကြီးတီးသံကို ကြားရပါတယ်။ ဂျပန်ကိုယ်တော်လေးက ၀တ်ပြုချိန်ရောက်ပြီဆိုပြီး ဦးဆောင်ခေါ်သွားပါတယ်။ ကျောင်းထိုင် ဂျပန်ဆရာတော်ကြီးက စည်ကြီးကို ချက်ကျကျတီးရင်းနဲ့ ဘုရားဝတ်ပြုနေပါတယ်။ ဂျပန်ကိုယ်တော်လေးကလည်း တယောက်ကိုင် သားရေစည်းကြပ်ထားတဲ့ ဗုံလေးတွေ ကျမတို့ကို ဝေပေးရင်း စည်းချက်ကျကျ လိုက်တီးပြီး ၀တ်ပြုလို့ ရတယ်လို့ ဆိုပါတယ်။
သူတို့ ၀တ်ပြုတဲ့ပုံစံကတော့ မဟာယန ထုံးစံအတိုင်း စည်းချက်ကျ တီးနေတဲ့ ဗုံသံကို အာရုံစိုက်လို့ Na Mu Myo Ho Ren Ge Kyo (သဒ္ဓမ္မ ပုဏ္ဍရီကသုတ်ကို ရှိခိုးပါ၏ လို့ အဓိပ္ပါယ်ရပါတယ်) ဆိုတာကို ရွတ်ဖတ်ပြီး ၀တ်ပြုတဲ့ ပုံစံပါ။ ကျမတို့ကတော့ ဗုံတီးတာကိုပဲ စည်းချက်ကျအောင် မနည်းလိုက်တီးယူရပါတယ်။ နည်းနည်းစည်းချက်ကျသွားတော့ အဲဒီစည်းချက်ကိုပဲ လိုက်မှတ်၊ လိုက်အာရုံစိုက်တာနဲ့ စိတ်တော့ တော်တော့ကို ငြိမ်ပါတယ်။ ဗုံသံမြည်နေတာကြောင့် စိတ်က တော်ရုံတခြားကို မပျံ့လွင့်တော့ပါဘူး။ သူတို့ ရွတ်ဖတ်သလိုတော့ လိုက်မရွတ်ဖြစ်ပါဘူး။ :)
ဝတ်ပြုအပြီးမှာတော့ ဂျပန်ကိုယ်တော်လေးက တောင်ပေါ်ကနေ လှမ်းမြင်နေရတဲ့ အိန္ဒိယ အစိုးရရဲ့ လက်နက်စက်ရုံနေရာကို ပြပါတယ်။ ဘယ်ရမလဲ သတင်းထောက်ကျမတို့လေ။ အပီအပြင်ကို ပုံတွေ ရိုက်ခဲ့ကြတာပေါ့။ အဲဒီစက်ရုံလာတည်တာ မကြာသေးဘူးတဲ့။ ဒီဂျပန်တောင်ပေါ်ကျောင်း ပြီးသွားချိန်မှာမှ လာတည်ထားတာလို့ ဆိုပါတယ်။ ၀န်ထမ်းအိမ်ရာတွေ သောက်သုံးရေကန်ကြီးတွေ၊ ၀န်းခြံ အထပ်ထပ်နဲ့ အခိုင်အမာ တည်ထားတာပါ။
ကျမစဉ်းစားမိတယ်။ မြန်မာပြည်မှာလိုသာဆိုရင်တော့ ဒီဂျပန်တောင်ပေါ်ကျောင်းကို စစ်တပ်က သိမ်းလောက်ပြီလို့လေ။ ဘာလို့လဲဆိုတော့ တောင်ပေါ်ကျောင်းကကြည့်ရင် အဲဒီ လက်နက်စက်ရုံဝင်းထဲကို အကုန်မြင်ရတယ်လေ။ ကျမတို့ရဲ့ ဘာမဟုတ်တဲ့ အပျော်တမ်းကင်မရာလေးကနေတောင် zoom ဆွဲကြည့်ရင် တော်တော်လေး ရှင်းရှင်းလင်းလင်းမြင်ရတာမျိုးဆိုတော့လေ။ ဒါပေမယ့် အိန္ဒိယ အစိုးရဟာ မြန်မာအစိုးရလို မဟုတ်မဟတ်လုပ်တာ မရှိတော့ တွေးကြောက်စရာမလိုဘူး။ ကိုယ့်အလုပ်ကိုယ်လုပ်မယ် အေးဆေးပဲ ဆိုတဲ့ ပုံစံကို ဒီနေရာမှာ အထင်ရှားတွေ့ရပါတယ်။ ကျမတို့တိုင်းပြည်က စစ်အစိုးရလိုသာဆိုရင်တော့ သူတို့ကြောက်တာနဲ့ပဲ လုံခြုံရေးအကြောင်းပြပြီး ဒီဂျပန်တောင်ပေါ်ကျောင်းကို စစ်တပ်က သိမ်းတာကြာလှပေါ့နော်။
နားနားနေနေ နေချင်သေးပေမယ့် နာလန္ဒဖက် ခရီးဆက်ရအုံးမှာမို့ တောင်ပေါ်ကျောင်းက ပြန်ဆင်းခဲ့ပါတယ်။ ၉ နာရီ ခွဲပြီမို့ ကေဘယ်လည်း ဖွင့်ပြီဆိုတော့ ကျမတို့ ကေဘယ်နဲ့ ပြန်ဆင်းဖို့ လုပ်ပါတယ်။ ကေဘယ်က အတက်အဆင်း တယောက်ကို ရူပီး ၃၀ ပေးရပါတယ်။ အဆင်းချည်း သပ်သပ်ဆိုရင်တော့ ၁၅ ရူပီးပါ။ ကံကောင်းသူ ကျမတို့ကတော့ ဂျပန်ကိုယ်တော်လေး က တောင်အောက်ထိ လိုက်ပို့တာမို့ သူ့မျက်နှာနဲ့ တပြားမှ မပေးခဲ့ကြရပါဘူး။
စတွေ့ပါပြီ ကျမ တခါမှ မစီးဖူးသေးတဲ့ ကေဘယ်။ စီရရီတန်းနေတဲ့ ၀ါစိမ်းနီပြာ တယောက်ထိုင်ခုံလေးတွေ မရပ်တန်း လှည့်သွားနေပါတယ်။ ဘယ်လိုတက်ရမယ်မှန်း ကျမမသိတော့ တခုံပြီး တခုံ လွတ်လွတ်သွားပါတယ်။ နာလန္ဒက ကိုယ်တော်လေးက ဒီလိုတက် တကာမလေး ဆိုပြီး တက်ပြပြီး သူကအရင်ဆင်းသွားတော့လည်း အဟုတ်။ နောက်ဆုံးတော့ ကုလားကြီး ဆွဲပေးထားတဲ့ ထိုင်ခုံလေးပေါ် စွတ်ဆို တက်လို့ ရသွားတယ်။ ခုံလေးရှေ့က သံမောင်းတံလေးကို ချိတ်ပြီး လူပြုတ်မကျအောင် လုပ်ထားပါတယ်။
Cable Station ကနေ လွတ်လာတဲ့ ကျမစီးလာတဲ့ ထိုင်ခုံလေး တောင်စွန်းပေါ်ရောက်လာတော့ ကျွီဆိုပြီး ရပ်သွားပါလေရော။ မီးပြတ်သွားလို့တဲ့လေ။ အမလေး … အမြင့်ကြောက်တဲ့ ကျမ အောက်ကိုကြည့်လိုက် အော်လိုက်။ အနောက်ကို ပြန်ကြည့်လိုက် ဘာဖြစ်တာလဲ အော်မေးလိုက်နဲ့ တယောက်တည်း အလုပ်ရှုပ်သွားပါတယ်။ (တကယ်တမ်းတော့ တောင်စောင်းအောက်ကမြေပေါ်ကနေ ထိုင်ခုံအထိက ၁၅ ပေလောက် ရှိတာပါ။ တောင်စောင်းအတိုင်းဆင်းရတော့ တောင်အောက်ပတ်ဝန်းကျင်ကိုလည်း မြင်နေရတာကြောင့် အမြင့်ကြီးလို့ထင်ပြီး အမြင့်ကြောက်တတ်တဲ့ ကျမ အကဲပိုမိတာ နောက်မှ တွေးကြည့်ပြီး ရီစရာဖြစ်နေပါတယ်)
၅မိနစ်လောက် လေထဲရပ်နေပြီး ချိန်မှာတော့ မီးပြန်လာတာနဲ့ ကျမစီးလာတဲ့ ခုံကလေး တဂျိန်းဂျိန်းမြည်ပြီး တောင်အောက်ကို တဖြည်းဖြည်းရောက်လာပါတယ်။ ပင်မ သံတိုင်ကြီးတွေ ရှိတဲ့နေရာမှာတော့ ခုံကလေး အပေါ်က ချိတ်ဟာ သံတိုင်နဲ့ ပွတ်တိုက်တာကြောင့် တဂြုတ်ဂြုတ်မြည်နေပါတယ်။ ပထမတော့ ကျမ ဘာပါလိမ့်ဆိုပြီး လန့်မိပါသေးတယ်။
ကျမတင် လန့်တယ်မှတ်တာ။ တောင်အောက်ကနေ တက်လာတဲ့ ကုလားမကြီးမှာလည်း လက်ကိုင်ကို ကျစ်ကျစ်ပါအောင်ဆုပ်ပြီး မိုးပေါ်ပဲကြည့်ပြီး တက်လာတာ တွေ့ရပြန်ပါတယ်။ တောင်အောက်က station ကိုရောက်ခါနီးမှာတော့ ခုံပေါ်က ဆင်းနိုင်အောင် သံမောင်းတံလေးကိုဖြုတ်ပြီး အသင့်လုပ်ရပါတယ်။ (တော်ကြာ အပေါ်တခေါက် ပြန်ပါသွားမှဖြင့်:P) တောင်အောက်က ကေဘယ်ဝန်ထမ်းတွေက ဆင်းရအဆင်ပြေအောင် ခုံကို ဆွဲထားပေးပါတယ်။
ဂိဇ္ဈကုဋ်တောင်ခြေကနေ နာလန္ဒအသွားလမ်းမှာတော့ ဗိမ္ဗိသာရမင်းကို သူ့ရဲ့သားတော် အဇာတသတ်မင်းက အကျဉ်းချထားတဲ့ အကျဉ်းထောင်နေရာကို ရောက်ပါတယ်။ ဗိမ္ဗိသာရမင်းက ဗုဒ္ဓဒေသစာရီကြွချီတာကို မြင်ရတဲ့နေရာမှာ ထားပေးပါလို့ သူ့သားတော်ကို တောင်းပန်ခဲ့တာကြောင့် ဒီအကျဉ်းထောင်ကနေ လှမ်းကြည့်ရင် ဂိဇ္ဈကုဋ်တောင်ပေါ်က ဗုဒ္ဓရဲ့ယာယီကျောင်းဆောင်ကို လှမ်းမြင်နေရပါတယ်။
စာအုပ်တွေထဲမှာ ကျမတို့ဖတ်ရတာက ဒီအကျဉ်းထောင်ဟာ အိပ်လို့လဲမရ လမ်းလျှောက်လို့လဲ မရအောင် ကျောက်ချွန်တွေ ဆူးတွေထားထားတဲ့နေရာပါ။ အခုကျမတို့ရောက်ချိန်မှာတော့ ဒါတွေ တခုမှ မရှိတော့ပါဘူး။ အကျဉ်းထောင်ဖြစ်ခဲ့တယ်ဆိုတဲ့နေရာ အုတ်ရိုးတွေသာရှိပါတော့တယ်။ ၃ပေအမြင့်လောက် အုတ်နီချပ်တွေ စီထားတဲ့ အုတ်ရိုးတွေပါ။
ဗိမ္ဗိသာရ အကျဉ်းထောင်နေရာကနေ ဗိမ္ဗိသာရမင်းရဲ့ ဘဏ္ဍာတိုက်ဆိုတဲ့ ကျောက်တောင်ကိုရောက်ခဲ့ပါတယ်။ ကျောက်တောင်ရဲ့အခြေမှာတော့ ကျောက်ဂူဥမင်တွေ ရှိပြီး အခုတော့ ဂူပေါက်တွေ ပိတ်သွားပြီ ဥမင်ထဲကို ၀င်လို့မရတော့ဘူးဆိုပြီး ဥမင်ပိတ်သွားတဲ့နေရာကို အဲဒီနားက ကုလားကြီး တယောက်က ပြပါတယ်။ အဲဒီ ဥမင်လှိုဏ်ခေါင်းတွေဟာ ၃ မိုင်အထိရှည်လျားတယ်လို့ ပြောစမှတ်ပြုကြပါတယ်။ ကျမတို့မြင်ခဲ့ရတာကတော့ ကျောက်တောင်ကြီးနဲ့ ဂူငယ်လေးတွေပါပဲ။
ဘဏ္ဍာတိုက်ကနေ လမ်းမကြီးပေါ် ပြန်ထွက်တော့ လမ်းညာဖက်မှာ ဓာတ်တော်တိုက်ဆိုတဲ့ စေတီလေး တဆူကို ၀င်လေ့လာကြပါတယ်။ အဲဒီစေတီကတော့ ကောလိယ မင်းတွေဟာ သူတို့ဝေစုရတဲ့ ဗုဒ္ဓရဲ့ ဓာတ်တော်တွေကို ဌာပနာပြီး တည်ထားခဲ့ကြတာဖြစ်ပါတယ်။
အဲဒီကနေ ထွက်လာပြန်တော့ ရာဇဂြိုလ်ရဲ့ နာမည်ကြီး ရေပူစမ်းဆီ ရောက်ခဲ့ပါတယ်။ နေပူလွန်းတယ်လဲဆိုသေး ရေပူစမ်းချိုးမလို့လားလို့ မပြောပါနဲ့။ နေပူလွန်းလို့ ချွေးပြိုင်းပြိုင်းကျနေတဲ့ ကျမတို့ ရေပူစမ်းကို ရောက်တယ်ဆိုရုံလေး ရေဆွတ်တယ်ဆိုရုံလေး ရောက်ဖြစ်တာပါ။ ကုလားတွေကတော့ ပူ၏ အေး၏ မသိလေလား မပြောတတ်ပါ။ ရေပူစမ်းမှာလည်း စိမ်နေကြတာပါပဲ။
ရေပူစမ်းက ၂ဆင့်လုပ်ထားတာပါ။ အပင် အုံ့အုံ့လေးတွေရှိတဲ့ အောက်ဆုံးအဆင့်က ဇာတ်နိမ့်တွေ ချိုးတဲ့နေရာပါ။ အကာရံမရှိ ရေညှိတွေ အထပ်ထပ်ဖြစ်နေတဲ့ ဒီနေရာမှာတော့ ရေတွေက ဆပ်ပြာရေလို နောက်ကျိကျိတွေဖြစ်နေပါတယ်။ ဒါပေမယ့်လည်း ဒီဇာတ်နိမ့်တွေ ရေချိုးတဲ့နေရာမှာတော့ စည်ကားနေတာပါပဲ။ ဘုရားဖူးရာသီဆိုရင် ဒီထက်မက လူတွေ ကြိတ်ကြိတ်တိုးနေမှာ သေချာပါတယ်။
နောက်ထပ် တဆင့် ထပ်တက်သွားမယ်ဆိုရင်တော့ ဇာတ်မြင့်တွေ ချိုးတဲ့ဆိပ်ကို ရောက်ပါမယ်။ အဲဒီကို ၀င်ပေါက်သီးသန့်လုပ်ထားပါတယ်။
ကျမတို့ဝင်မယ်လုပ်တော့ ကျမတို့ကို ရေပူစမ်းက အစောင့်က တားပါတယ်။ ကျမတို့ကို ရှေ့က ဦးဆောင်ခေါ်တဲ့ ဂျပန်ကိုယ်တော်လေးက ဂရုသွားမစိုက်နဲ့ သူ့နောက်သာ လိုက်ခဲ့ဆိုတာနဲ့ ကျမတို့လည်း အထဲကို ဇွတ်ဝင်သွားလိုက်ပါတယ်။ နောက်မှ သိရတာက ကျမတို့ကို ဇာတ်နိမ့်တွေလို့ ထင်လို့ ပေးမ၀င်တာပါတဲ့။
ကုလားအများစုဟာ သင်္ကန်းဝတ်တွေကို သံဃာတော်မှန်း ဘာမှန်းသိတာ မဟုတ်ပါဘူး။ သံဃာတွေကို မမြင်ဖူးကြပါဘူး။ သူတို့က ဗုဒ္ဓဘာသာ ရဟန်းတွေဝတ်တဲ့ သင်္ကန်းကို ဆာရီလို့ မြင်ပါသတဲ့။ အဲဒီတော့ သံဃာတွေကို သူတို့က (နားနဲ့မနာ ဖ၀ါးနဲ့နာပါရှင်) အခြောက်လို့ ထင်တဲ့သူရှိပါသတဲ့ရှင်။ (အဲဒီ အခြောက်တွေ အကြောင်း သပ်သပ် ပြောပြပါအုံးမယ်) ပြီးတော့ ဘယ်လောက်တောင် ဆိုးသလဲဆိုရင် သင်္ကန်းရုံထားတဲ့ သံဃာတွေကို သူတို့က ဇာတ်နိမ့်လို့ သတ်မှတ်ပါသတဲ့ရှင်။ ဗုဒ္ဓပွင့်ခဲ့ပါတယ်ဆိုတဲ့ အိန္ဒိယပြည်မှာ ဗုဒ္ဓသာသနာ မှေးမှိန်နေတယ်ဆိုတာ အထင်အရှားပါပဲ။ ပညာတတ် အသိုင်းအ၀ိုင်း၊ ဗုဒ္ဓဂါယာမှာရှိတဲ့ ကုလားတွေ၊ ဗုဒ္ဓဘာသာဝင် လူနည်းစု ကုလားတွေနဲ့ ဗဟုသုတ လေ့လာတဲ့သူတွေ ဗုဒ္ဓဘာသာ တက္ကသိုလ်နဲ့ ဘုန်းတော်ကြီးတွေနဲ့ အကျွမ်းတ၀င်ရှိတဲ့သူတွေလောက်သာ သံဃာတွေကို တလေးတစား ဆက်ဆံကြပါတယ်။ အများစုကတော့ ဘာမှန်းညာမှန်းမသိတောင် မြင်တာနဲ့ ဇာတ်နိမ့်ပဲလို့ သတ်မှတ်ပါတယ်။ ဗုဒ္ဓဘာသာဝင် ကုလားတွေကျပြန်တော့လည်း သူမတူအောင်ကို ဘာသာရေး ကိုင်းရှိုင်းလှတာ တအားလေးစားဖို့ကောင်းပါတယ်။ (လူမျိုးရေး ဘာသာရေး ပဋိပက္ခ ဖြစ်အောင် ပြောတယ်လို့ မမြင်စေလိုပါဘူး။ အိန္ဒိယမှာ သာသနာပြုနေတဲ့ စာပေလာရောက်သင်ကြားနေတဲ့ သံဃာတော်တွေရဲ့ ဒုက္ခကို သိစေချင်လို့ပါ)
ဒီမှာတော့ ရေထွက်ပေါက်ကို နဂါးခေါင်းလိုလိုပုံ လုပ်ထားပြီးတော့ ပတ်ဝန်းကျင်မှာလည်း ကျောက်ပြားတွေ ခင်းထားပါတယ်။ ရေထွက်ပေါက် ၄ ခုရှိပါတယ်။ ရေချိုးစရာ အခန်း ဘာညာ မရှိပါဘူး။ အ၀တ်လဲခန်းလေးတွေတော့ ရှိပါတယ်။ ရေကန်နဲ့ ထည့်စိမ်စရာလည်း မရှိပါဘူး။ ရေထွက်ပေါက်က ကျလာတဲ့ရေကိုပဲ လုပြီး ခံယူချိုးရမှာပါ။
ရေပူစမ်းရဲ့ရေကတော့ ကျမတို့ မြန်မာပြည်နဲ့ ထိုင်းက ရေပူစမ်းတွေမှာလို ကန့်အနံ့ ထွက်နေတာ မရှိပါဘူး။ ရေကလည်း အဆင့်ဆင့်ဖြတ်လာရလို့လားမသိဘူး ဆိုသလောက် မပူပါဘူး။ ကျမတို့ဝင်ခဲ့တဲ့ နေရာရဲ့ အပေါ်လောက်မှာ ဇာတ်မြင့်တွေ ရေချိုးနိုင်တဲ့ နေရာအသစ်တခု ထပ်လုပ်နေတာ တွေ့ရပါတယ်။ လာမယ့် ဘုရားဖူးရာသီမှာတော့ အပြီးသတ်နိုင်မယ်လို့ ဆိုပါတယ်။ ဆောင်းတွင်းမှာ လာခဲ့မယ်သာဆိုရင်တော့ ဒီရေပူစမ်းက ရေက ချိုးလို့ ကောင်းမှာ။
ရေချိုးတဲ့နေရာမှာရှိတဲ့ ပုဏ္ဍားကြီးတွေက ကြေးခွက်လေးတွေထဲ ရေထည့် ကျမတို့ လက်တွေပေါ်ကို ဘုရားစာတွေရွတ်ပြီးလောင်းနဲ့ (တချို့ကိုကျတော့ သောက်တောင် သောက်ခိုင်းသတဲ့။ ကျမတော့ မသောက်ပေါင်) ပြီးလည်းပြီးရော Money Please တဲ့။ ကောင်းပါလေ့။ :P
ရေပူစမ်းကရေတွေ ခြေထောက်မှာ စိုစိုနဲ့ ကားပေါ်ပြန်တက်ပြီး ဗုဒ္ဓတက္ကသိုလ်ရှိတဲ့ နာလန္ဒာမြို့ဟောင်းကို ဆက်ခဲ့ကြပါတယ်။ ဂျပန်ကိုယ်တော်လေးကတော့ ရာဇဂြိုလ်မှာပဲ ကျန်ရစ်ခဲ့ပါတယ်။
နာလန္ဒာကိုသွားတဲ့ လမ်းမှာတော့ စီလောဝ် ဆိုတဲ့ မြို့သေးသေးလေးရှိပါတယ်။ ဒီမြို့လေးဟာ ဗီဟားပြည်နယ်မှာတော့ အကောင်းဆုံး ခါဂျာမုန့် လုပ်တဲ့မြို့လို့ နာမည်ကြီးပါတယ်။
မြို့လယ်လမ်းမ တလျှောက်မှာတော့ ခါဂျာမုန့်ရောင်းတဲ့ဆိုင်တွေ တန်းစီနေတာပါပဲ။ စီစီရီရီ တင်ထားတဲ့ ခါဂျာမုန့်ဗန်းတွေပေါ် တ၀ီဝီနဲ့ အုံခဲနေတာ ယင်ကောင်တွေလို့ ကျမထင်ပေမယ့် တကယ်တမ်းကျတော့ ပျားတွေဖြစ်နေပါတယ်။ သူတို့ဆီက ခါဂျာမုန့်က ကျမတို့ မြန်မာပြည်မှာလို ဘဲဥပုံ ကြီးကြီး ၀ိုင်းဝိုင်းကြီးတွေ မဟုတ်ပါဘူး။ လက်တ၀ါးမရှိတရှိ လေးထောင့်လေး၊ ကျစ်ကျစ်လေးတွေပါ။ အချိုနဲ့ အဆိမ့် ၂ မျိုးရှိပါတယ်။ တခြားမြို့တွေက မှာယူကြသလို ဘုရားဖူးတွေ တခုတ်တရ ၀ယ်ကြလွန်းလို့ နေ့တိုင်းရောင်းကုန်တယ်၊ ဘုရားဖူးရာသီမှာဆိုရင်တော့ လက်တောင်မလည်ဘူးလို့ ဆိုပါတယ်။
နာလန္ဒဟာ့ သစ်ပင်တွေ အုပ်အုပ်ဆိုင်းဆိုင်းနဲ့ အေးချမ်းတဲ့ မြို့လေးပါ။ ဗုဒ္ဓတက္ကသိုလ်ဟောင်းနေရာမှာလည့်း သစ်ပင်၊ပန်းပင်တွေနဲ့ သာသာယာယာ ရှိပါတယ်။ ဘေးတဖက်တချက်က သစ်ပင်တွေနဲ့ အရိပ်ရအောင်လုပ်ထားတဲ့ အုတ်နီလမ်းလေးအတိုင်း ၀င်သွားရင် ပြိုပျက်နေတဲ့ အုတ်နီနီ အဆောက်အအုံးဟောင်းတွေ စီစီရီရီ ရှိနေတဲ့ ၀င်းကျယ်ကြီးထဲကို ရောက်သွားပါတယ်။
ဒါကတော့ အေဒီ ၂ ရာစုကတည်းက အသောကမင်းကြီးက စတည်ခဲ့လို့ အေဒီ ၅ ရာစုကနေ ၁၂ ရာစုအထိ မင်းတွေ အဆက်ဆက် အထောက်အပံ့ပြု ထိန်းသိမ်းခဲ့တဲ့ ကမ္ဘာကျော် ကမ္ဘာ့ပထမဆုံး တက္ကသိုလ်စာရင်းဝင် နာလန္ဒာ နိုင်ငံတကာ ဗုဒ္ဓဘာသာ တက္ကသိုလ်ကြီးပဲဖြစ်ပါတယ်။
ကျောင်းဆောင်ပေါင်း ၁၈၀ ပါဝင်ပြီး ဧက ၁၂၈၀ ကျယ်ပြန့်တယ်ဆိုတဲ့ ကျောင်းဝင်းကြီးဟာဖြင့် ကျမတို့ နှံ့နှံ့စပ်စပ် မကြည့်နိုင်လောက်အောင် ကျယ်ပြန့်လွန်းလှပါတယ်။ တကမ္ဘာလုံးမှာရှိတဲ့ မဟာယန၊ ထေရ၀ါဒ၊ ဟိနယန စတဲ့ ဗုဒ္ဓဘာသာဝင်တွေကို ဗုဒ္ဓစာပေ၊ ဆေးပညာရပ်တွေကို သင်ကြားပို့ချပေးခဲ့တဲ့ ဒီတက္ကသိုလ်ကြီးဟာ ၅ ရာစုကနေ ၁၂ ရာစုတိုင်အောင် ကမ္ဘာမှာ ကျော်ကြားခဲ့ပါတယ်။ အကျော်ကြားဆုံးဖြစ်နေတဲ့ အဲဒီခေတ်များက နာလန္ဒတက္ကသိုလ်မှာ ပညာသင်ကြားတဲ့ ကျောင်းသားပေါင်း ၁ သောင်းကျော်နဲ့ ဆရာပေါင်း ၁၅၀၀ ရှိခဲ့တယ်လို့ သမိုင်းမှတ်တမ်းများမှာ ဖော်ပြထားပါတယ်။
မူဆလင်ဘာသာဝင်ဖြစ်တဲ့ မဂိုလ်မင်းတွေကြီးစိုးချိန် ဟိန္ဒူ၊ မွတ်စလင် ဘာသာရေး အဓိကရုဏ်းတွေဖြစ်လာတဲ့ ၁၂ ရာစုနှောင်းပိုင်းမှာတော့ နလန္ဒာတက္ကသိုလ်ဟာလည်း မီးရှို့ဖျက်ဆီး ခံလိုက်ရပါတော့တယ်။ အုတ်တွေနဲ့ဆောက်ထားတာကြောင့် ကျောင်းဆောင်ကြီးတချို့ မီးလောင်တာ လနဲ့ချီကြာမြင့်တယ်လို့ ဆိုကြပါတယ်။
အခုတော့ ဒီရှေးဟောင်းနေရာက အဆောက်အအုံတွေကို ပြင်တာပြင် ထိန်းတာထိန်းနဲ့ အိန္ဒိယ ရှေးဟောင်းသုတေသနက ထိန်းသိမ်းထားပါတယ်။
ဒီနေရာမှာ ကျမတခုပြောပြချင်တာက ကျမရောက်ခဲ့လေသမျှနေရာတွေမှာ တူးဖော်တွေ့ရှိတယ်ဆိုတဲ့ ရှေးဟောင်းအဆောက်အအုံတွေ အားလုံးလိုလိုကို ရှေးက အုတ်တွေနဲ့ ပုံစံတူတဲ့ အုတ်တွေနဲ့အစားထိုးပြီး ပြန်ပြင်ထားတာတွေကိုတွေ့ရပါတယ်။ အုတ်တွေစီပြီးရင် မြေနီမှုန့်တွေ သုတ်လိမ်းပါတယ်။ ကြပ်ခိုးတွေ တိုက်ပါတယ်။ ဒီလိုလုပ်နေတာ တခြား ရှေးဟောင်းနယ်မြေတခုမှာ ကျမကိုယ်တိုင် မြင်ခဲ့ရတာပါ။ ဘာကြောင့် ဒီလိုလုပ်လဲ ကျမ မသိပါ။ အပေါ်က ပြိုကျနိုင်လောက်တာမျိုးကို ကြံ့ခိုင်အောင် အောက်က ပင့်ထောက်တဲ့သဘောနဲ့ လုပ်တာမျိုးကို လက်ခံနိုင်ပေမယ့် မလိုအပ်တဲ့နေရာမျိုးမှာ အုတ်တွေ တမင်ဖြည့်ယူပြီး ပြုပြင်ထားတာတွေကိုတော့ ကြည့်ရတာ တော်တော် ဂွကျလှပါတယ်။
နောက်ပြီးတော့ နေရာတိုင်းမှာ အုတ်ရိုးတွေနေရာမှာဆိုရင် ၂ ပေကျော် ၃ ပေ မရှိတရှိ အမြင့်လေးတွေအတိုင်း တညီတည်းဖြစ်အောင် လုပ်ထားပါတယ်။ မျက်နှာပြင် တပြေးတည်းတွေပါ။ ဒါ ကျမရောက်ခဲ့လေသမျှနေရာတွေ (ဂါယာကနေ ဗာရာဏသီအဆုံး နေရာတိုင်း) မှာ ဒီလိုတပုံစံတည်း မြင်ရတာပါ။
နောက်ပြီး ဒီလိုအုတ်ရိုးတွေ၊ နံရံတွေရဲ့ နံဘေး ပတ်ဝန်းကျင်မြေတွေကိုဆိုရင်လည်း အင်္ဂတေတွေ ကိုင်ပစ်လိုက်တာချည်းပါပဲ။ သပ်ရပ်တာကိုပဲ ကြိုက်လေတာလား အခြားပတ်ဝန်းကျင်က အဆောက်အအုံတွေ ပြိုမကျလေအောင်ပဲ ပြုပြင်လေတာလားတော့ ကျမ မသိပါ။
ကျမတို့ ပုဂံက ဘုရားကုန်းတော် အဟောင်းတွေကို တူးဖော်ပြီးတော့ အသစ်တွေ ထပ်တည်တာမှာ မူလပုံစံမပျက် ထိန်းသိမ်းထားလိုတဲ့ ရှေးဟောင်းသုတေသန ဂုရုကြီးတွေနဲ့ အသစ်ပြင်လိုတဲ့သူတွေ အခြေအတင်ဖြစ်ရတာကို သွားသတိရမိပါတယ်။ အဲဒီတုန်းကအကြောင်းတွေကို စာတွေမှာဖတ်ရတော့၊ ဟောင်းနေလို့ အသစ်ပြန်လုပ်တာ ဒီလူကြီးတွေက ဘာလဲဆိုပြီး ထင်ခဲ့မိပေမယ့် အခု ကိုယ်တိုင် လက်တွေ့မြင်ရမှ သိပါတော့တယ်။ ကျမအမြင်နဲ့ စာဖတ်သူတို့အမြင် တူချင်မှ တူပါမယ်။ ကျမအမြင်ကို လက်ခံချင်မှ လက်ခံနိုင်ပါလိမ့်မယ်။ ကျမ အမြင်မှားချင်မှားနေပါလိမ့်မယ်။
ရှေးဟောင်းအမွေအနှစ်တွေကို ရှေးလက်ရာမပျက် ထိန်းသိမ်းထားတာကိုပဲ မြင်ချင်တဲ့ ကျမအတွက်တော့ မြင်မြင်ရသမျှ ဘ၀င်မကျချည်း ဖြစ်နေတာပါ။ ရှေ့ဆက်ခရီးတွေမှာ တွေ့ရတာတွေကို ပြောပြပါအုံးမယ်။
နာလန္ဒာ တက္ကသိုလ်ဟောင်း မျက်နှာချင်းဆိုင်က ၀င်းလေးထဲမှာတော့ Tourist Information Center ရှိတယ်။ အဲဒီမှာ ထမင်းကြော်၊ ခေါက်ဆွဲကြော်ရတဲ့ ဆိုင်တခုလည်း ရှိပါတယ်။ ကျမတို့ အဲဒီဆိုင်မှာ နာရီဝက်လောက်စောင့်ရတဲ့ ထမင်းကြော်ကို စားပြီးချိန်မှာတော့ :) လမ်းကြုံလိုက်လာတဲ့ နာလန္ဒာ တက္ကသိုလ်က ကိုယ်တော်လေးကို လိုက်ပို့ရင်း တက္ကသိုလ်သစ်ကို လေ့လာခွင့်ရခဲ့ပါတယ်။
ရှေးက တက္ကသိုလ်နဲ့ မတူတဲ့ အဆောက်အဦ ၀ါနုနုလေးတွေနဲ့ ဒီတက္ကသိုလ်သစ်မှာလည်း ရှေးတက္ကသိုလ်ကြီးမှာလိုပဲ ဗုဒ္ဓဘာသာ၊ ဒဿနိကဗေဒ ဘာသာရပ် စတာတွေကို သင်ကြားရာမှာ နာမည်ကျော်ပါတယ်။
နာလန္ဒာကထွက်လာခဲ့တဲ့ ကျမတို့ကားလေးကတော့ ညနေပိုင်းမှာတော့ ဝေသာလီကိုသွားတဲ့ခရီးမှာ ဗုဒ္ဓ တညအိပ်နားခဲ့တဲ့ ပတ္တနားဆိပ်ကမ်းမြို့ကို ရောက်ပါတော့တယ်။
(ဆက်ပါအုံးမယ်)
မာန်
နောက်ဆုံးရ မြန်မာသတင်းများ
4 years ago
No comments:
Post a Comment