လွတ်မြောက်နယ်မြေတွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နှုတ်ထွက်စကားတခွန်းကို ဆီသည်မလက်သုတ်ဝတ် ဖြစ်လောက်အောင် ကိုးကားဖြေကြားနေမှုများ မကြာခဏ နားသောတဆင်နေရပါသည်။ အထိမ်းအမှတ်အခမ်းအနားများ၊ အောက်မေ့သတိရလွမ်းဆွတ်မှု အခမ်းအနားများ၊ နှစ်ပတ်လည်အခမ်းအနားများတွင် မကြာခဏဆိုသလို ကြားနေရ၍ ပြုံးချင်သလိုလို ဖြစ်နေမိပါသည် (ဒေါ်အောင်ဆန်းစုကြည်ကို မဟုတ်ပါ။ ကိုးကားပြောဆိုနေသူများကို ဖြစ်ပါသည်)။
များသောအားဖြင့် အခမ်းအနားတက်ရောက်လာသူများထဲမှ “လွတ်မြောက်နယ်မြေတွင် အဖွဲ့အစည်းအများကြီး၊ ခေါင်းဆောင်ကြီးများ အမြောက်အမြား ရှိပါလျက်ကယ်နှင့် အဘယ်ကြောင့် တော်လှန်ရေး မအောင်မြင်သေးပါသနည်း” ဟု အဓိပ္ပာယ်ရသော မေးမြန်းမှု (အဆိုပါမေးခွန်းကို များသောအားဖြင့် မျိုးဆက်သစ် ကျောင်းသားလူငယ်များက စိတ်ဝင်တစား မေးမြန်းတာ တွေ့ရပါသည်) အပေါ် အခမ်းအနားတက်ရောက်လာသည့် အဖွဲ့အစည်းခေါင်းဆောင် အတော်များများက ပြန်လည်ဖြေကြားရာ၌ ထိုနှုတ်ထွက်စကားကိုသာ ကိုးကားဖြေကြားတတ်ကြခြင်းဖြစ်ပါသည်။
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နှုတ်ထွက်စကားဆိုသည်မှာ “ပြည်သူတဦးက ဒေါ်အောင်ဆန်းစုကြည်အား NLD အခု ဘာလုပ်နေပါသလဲဟု မေးမြန်းသည်ကို လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က လူထုတွေကော ဘာလုပ်နေသလဲ” ဟု ပြန်လည်မေးခွန်းထုတ် ဖြေကြားလိုက်သည့် စကားဖြစ်ပါသည် (ဒေါ်အောင်ဆန်းစုကြည်၏ ဖြေကြားမှုအတိုင်း အတိအကျမဟုတ်ပါ။ အခမ်းအနားများတွင် မကြာခဏကြားရပြီး အလွတ်ရနေသည့် ဆိုလိုရင်းကိုသာ ရေးပြခြင်းဖြစ်ပါသည်)။ ထိုစကားကို မကြာခဏ ကိုးကားဖြေကြားနေကြခြင်းဖြစ်သည်။
ထိုသို့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နာမည်နှင့်တကွ ကိုင်ပေါက်ခံလိုက်ရသည့်အခါ မေးမြန်းသူ ကျောင်းသားကျောင်းသူလေးများခမျာ ဟဲဗီးဝိတ်လက်သီးကြီးတလုံး အုံးကနဲ ထိမှန်သွားသည့်အလား မည်သို့မှ အတွန့်မတက်ရဲကြတော့ဘဲ မျက်စိကလယ်ကလယ်နှင့် ငြိမ်သက်သွားကြသည်ကို တွေ့ရတတ်ပြီး ဖြေကြားသူများကိုတော့ အောင်နိုင်သူ စစ်သူကြီးများပမာ ရှုတည်တည် ပြန်ထိုင်နေကြသည်ကို တွေ့ရလေ့ရှိပါသည်။ သို့သော် ထိုစကားကို ကြားကြားနေရသည့် ကျနော့်စိတ်ထဲတွင်မူ တစုံတခုကို ဘ၀င်မကျသလိုမျိုး အမြဲလိုလို ခံစားခဲ့ရပါသည်။
ကျနော့်အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ ဖြေကြားမှုသည် မမှားသော်လည်း ကာလံဒေသံနှင့် မလျော်ညီဟု ယူဆ၍ ဘ၀င်မကျမိခြင်းဖြစ်သည်ဟု အဖြေထုတ်မိပါသည်။ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် တော်လှန်ရေးကောင်စီ အာဏာသိမ်းယူသည့် ၁၉၆၂ ခုနှစ် မတ်လ (၂) ရက်နေ့နှင့် ၁၉၈၈ ခုနှစ် ရှစ်လေးလုံးအရေးတော်ပုံကာလ မတိုင်မီ ကြားကာလ၌ ထိုစကားကို ပြောဆိုသည်ဆိုလျှင် ကျနော့်အနေဖြင့် တစိတ်တပိုင်း လက်ခံမိမည်ဖြစ်ပါသည်။
အဘယ့်ကြောင့်ဆိုသော် ထိုအချိန်က မြန်မာနိုင်ငံတွင် မဆလပါတီနှင့် အာဏာရှင်ဗိုလ်နေ၀င်း၏ မဆလအစိုးရ လက်အောက်ခံ အဖွဲ့အစည်းများမှအပ ပြည်သူလူထုကို အမှန်တကယ် ကိုယ်စားပြုသည့် အဖွဲ့အစည်း အသင်းအပင်းများ ဖွဲ့စည်းခွင့်မရသေး၊ လူထုကို ကိုယ်စားပြုသည့် ခေါင်းဆောင်များ မပေါ်ပေါက်သေး (ရှိခဲ့သည့် နိုင်ငံရေးပါတီများ၊ အဖွဲ့အစည်းများကို ဖျက်သိမ်းခဲ့ပြီး၊ လျှို့ဝှက်ဖွဲ့စည်းသည်များ ရှိလျှင်လည်း ရက်ရက်စက်စက် နှိပ်ကွပ်ထား) ၍ ဖြစ်ပါသည်။
ထိုသို့ လူထုကိုယ်စားပြု အဖွဲ့အစည်းများ၊ ခေါင်းဆောင်များ တရားဝင်ထွက်ပေါ်ခြင်း မရှိသေးသည့်အတွက် ထိုအချိန်ကာလမျိုးမှာဆိုလျှင် မြန်မာပြည် ဒီမိုကရေစီစနစ်သို့ ကူပြောင်းအောင်ဆောင်ရွက်ခြင်းဟူသည့် အရေးကိစ္စသည် ထိုစဉ်ကာလက ပြည်သူတဦးဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်နည်းတူ မြန်မာပြည်သူပြည်သားများအားလုံး၌ အညီအမျှ တာဝန်ရှိသည်ဟု ယူဆပါသည်။ ထိုကာလ၌ အဆိုပါစကားကို ပြောဆိုခဲ့သည်ဆိုလျှင် ဒေါ်အောင်ဆန်းစုကြည်လည်း သာမန်ပြည်သူ၊ မေးမြန်းသူလည်း သာမန်ပြည်သူပင်ဖြစ်၍ လျော်ညီသည်ဟု ယူဆပါသည်။
သို့သော် ထိုစကားကို ရှစ်လေးလုံးအရေးတော်ပုံ နောက်ပိုင်းကာလ၌ ပြောဆိုခဲ့ခြင်းဖြစ်၍ အခြေအနေ၊ အချိန်အခါနှင့် မလျော်ညီဟု ယူဆမိခြင်းဖြစ်ပါသည်။ အဘယ်ကြောင့် ဆိုသော် ရှစ်လေးလုံးနောက်ပိုင်းကာလတွင် ဒေါ်အောင်ဆန်းစုကြည်သည် သာမန်ပြည်သူတဦးအနေအထား မဟုတ်တော့ဘဲ မြန်မာပြည်သူလူထုတရပ်လုံးက အားကိုးသည့် လူထုခေါင်းဆောင် အဖြစ်သို့ ရောက်ရှိလာခဲ့ပြီဖြစ်ပါသည်။ သို့ဖြစ်၍ သာမန်ပြည်သူများနှင့် အညီအမျှ တာဝန်ရှိသည်မဟုတ်တော့ဘဲ သာမန်ပြည်သူများထက် အဆပေါင်းများစွာ တာဝန်ရှိသည့် အထင်ကရ ပြည်သူတဦးဖြစ်လာပြီဟု ပြောရမည်ဖြစ်ပါသည် (‘ဒီမိုကရေစီမရရင် ဒေါ်အောင်ဆန်းစုကြည်တာဝန်ပဲ’ ဟု ပုံချပြောဆိုခြင်းမျိုး မဟုတ်သည်ကိုတော့ အလိုအလျောက် နားလည်ပြီးဖြစ်လိမ့်မည်ဟု ယူဆပါသည်)။
ထို့အပြင် ရှစ်လေးလုံးအရေးတော်ပုံ နောက်ပိုင်းကာလသည် အာဏာသိမ်းစစ်အုပ်စု၏ ရက်စက်စွာ ပစ်ခတ်သတ်ဖြတ်မှုကြောင့် ရဟန်းရှင်လူ ကျောင်းသားပြည်သူ အမြောက်အမြား သေကျေ အဖမ်းအဆီးခံရကာ၊ ဘ၀တွေ စွန့်လွှတ်ကာ ပေးဆပ်ပြီးချိန်၊ ပေးဆပ်နေရချိန်ဖြစ်ပါသည်။ ထိုမှတဆင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟူသည့် ပြည်သူတို့၏ အသက်သွေးချွေး ပေးဆပ်မှုများ ကြားမှ သီးပွင့်လာသော ဦးဆောင်ပါတီကြီးတရပ် ပေါ်ပေါက်လာချိန်၊ ဒေါ်အောင်ဆန်းစုကြည်သည်လည်း ၁၉၉၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကြီး၌ ပြည်သူလူထုတရပ်လုံးက အားကိုးတကြီးဖြင့် မန်းဒိတ်အပြည့်ပေးခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ခေါင်းဆောင် (၀ါ) လူထုအားအကိုးဆုံးဖြစ်သည့် ခေါင်းဆောင်တဦး ဖြစ်နေချိန်လည်း ဖြစ်ပေသည်။
တနည်းအားဖြင့် ပြောရမည်ဆိုလျှင် ပြည်သူလူထုအနေဖြင့် လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ဆန္ဒထုတ်ဖော်ပြသပြီး ကြခြင်း၊ အခွင့်အရေးရလျှင် ရသလို မကျေနပ်မှုများကို ဆက်လက်ထုတ်ဖော်ပြသနေကြခြင်း၊ အသေခံ တိုက်ပွဲဝင်ခဲ့ပြီးကြခြင်း၊ အသည်းကြားမှ မဲပြားများကို တခဲနက် ပုံအောပေးပြီးခြင်း တည်းဟူသည့် ပေးဆပ်မှုမျိုးစုံကို ကမ်းကုန်အောင် ဆောင်ရွက်ပြီးခဲ့ ကြသည့် ကာလဟု ပြောရမည်ဖြစ်ပါသည် (စကားချပ် - ၂၀၀၇ ခုနှစ်ကျမှ ဖြစ်သည့် ရွှေဝါရောင်တော်လှန်ရေးတွင်လည်း ရဟန်းရှင်လူ ကျောင်းသားပြည်သူအပေါင်း ထပ်မံတာဝန်ကျေခဲ့ကြသည်ကို အားလုံးအသိပင်ဖြစ်ပါသည်။ တာဝန်မကျေသူတွေ မည်သူတွေလဲဆိုသည်ကိုတော့ စာဖတ်သူများ မိမိဘာသာ ဆက်လက်စဉ်းစားကြပါကုန်)။
ထို့ပြင်တ၀ ပြည်သူလူထုတရပ်လုံးက NLD ကို မန်းဒိတ်အပြည့် ပေးထားပြီးချိန်ဖြစ်၍ ဒီမိုကရေစီစနစ်သို့ ကူးပြောင်းရေး၏ အဆင့်တဆင့်ဖြစ်သော အာဏာလွှဲပြောင်းရယူနိုင်ရန်အတွက် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် NLD ပါတီနှင့် ဗိုလ်ချုပ်သန်းရွှေ ဦးဆောင်သည့် နအဖစစ်အုပ်စုတို့ အဓိက စီးချင်းထိုးရမည့်အချိန် (စစ်တုရင်စကားနှင့် ပြောရလျှင် အပြီးသတ် End Game အပိုင်းကို လှလှပပ ဉာဏ်ကစားပြီး ရွှေ့ရမည့်အချိန်) ဖြစ်သည်ဟု ယူဆပါသည်။ လူထုအနေဖြင့် ၁၉၆၂ ခုနှစ် ဆဲဗင်းဂျူလိုင်အရေးအခင်းမှစ၍ ၉၀ ပြည့်ရွေးကောက်ပွဲအထိ အဆင့်ဆင့် ပေးဆပ်တိုက်ပွဲဝင်ခဲ့၍ ထိုသို့ စီးချင်းထိုးနိုင်မည့် အခြေအနေ အချိန်ကာလသို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်ဆိုလျှင်လည်း မှားမည်မဟုတ်ပေ။
ထိုအချိန်မျိုးတွင် အဆိုပါမေးမြန်းသူ ပြည်သူ (စစ်အုပ်စု၏ သူလျှိုဒလန် ပြည်သူဖြစ်ဖြစ်၊ ဒီမိုကရေစီတိုက်ပွဲဝင် ပြည်သူဖြစ်ဖြစ်၊ ရိုးရိုးသာမာန်ပြည်သူဖြစ်ဖြစ်) ၏ နံဘေး၌ ကျနော်ရှိမည်ဆိုလျှင် ကျနော်အားကိုးသည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစု ကြည်ထံမှ NLD ပါတီ လုပ်ကိုင်ဆောင်ရွက်နေသည်များကို ရှင်းပြပြောဆိုပြီး “ကျမရဲ့ ဦးဆောင်မှုနောက်ကိုသာ ယုံယုံကြည်ကြည် လိုက်ခဲ့ကြပါ။ ကျမတို့ ညီညီညွတ်ညွတ် လုပ်ဆောင်ရင် ဒီမိုကရေစီ ရကိုရပါမယ်” ဟူသည့် အားရှိစရာ နှုတ်ထွက်စကားမျိုးကိုပဲ ကြားချင်မိမည်မှာ အမှန်ဖြစ်ပါသည်။
ထိုသို့ ကျနော်ကြားချင်သည့် နှုတ်ထွက်စကားမျိုးမဟုတ်ဘဲ “လူထုတွေကော ဘာလုပ်နေသလဲ” ဟူသည့် နှုတ်ထွက်အဖြေစကားကိုသာ ကြားခဲ့ရမည်ဆိုလျှင်တော့ ထိုစဉ်ကတည်းက ကျနော် ပါးစပ်အဟောင်းသားဖြစ်ပြီး စိတ်ကသိကအောက်ဖြစ်ကာ ဘ၀င်မကျဖြစ်နေခဲ့ရမည်ဟု ထင်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်၏ အဆိုပါနှုတ်ထွက်စကားကို လွတ်မြောက်နယ်မြေရောက်မှ ကျယ်ကျယ်လောင်လောင် ကြားရသည့်အတွက် ဆယ်စုနှစ်တစုစာမျှ စိတ်သက်သာရာ ရခဲ့ခြင်းအပေါ် ကိုယ့်ကိုယ်ကိုယ်ပဲ ကျေးဇူးတင်ရတော့မည်လား မပြောတတ်တော့ပေ။
မည်သို့ပင်ဖြစ်စေ လူထုခေါင်းဆောင်၏ နှုတ်မှ အဆိုပါစကား ပြောဆိုခဲ့ခြင်းအတွက် ကျနော်အနေဖြင့် ဒေါ်အောင်ဆန်းစုကြည် အပေါ် လေးစားမှု တပြားသားမှ လျော့ကျသွားမည်မဟုတ်သလို အားကိုးစိတ်လည်း မြူတမှုန်စာမျှ လွင့်စင်သွားမည်မဟုတ်ပါ။ လေးစားမြဲ လေးစားလျက်၊ ဦးညွှတ်မြဲ ဦးညွှတ်လျက်၊ အားကိုးမြဲ အားကိုလျက်ပင် ရှိနေပါသည်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်နှိုက်က ကျမပြောတာ မမှားဘူးဟု နောင်တချိန်ဆိုလာလျှင်လည်း ကျနော်အနေဖြင့် ကျနော်တို့၏ လူထုခေါင်းဆောင်သည် ထက်မြက်သွက်လက်ပြီး တုံ့ပြန်မှု မြန်ဆန်လွန်းသွား၍သာ ထိုသို့ ပြောထွက်သွားခြင်းဖြစ်သည်ဟု ယခုကတည်းက တဖက်သတ် မှတ်ယူထားတော့မည် ဖြစ်ပါသည် (သို့မှသာ ကျနော် စိတ်သက်သာရာ ရမည်ဖြစ်သည့်အတွက် ခွင့်လွှတ်ကြစေလိုပါသည်)။
နောက်တချက် စိတ်မသက်မသာဖြစ်ရသည့် အကြောင်းမှာ ထိုစကားကို လွတ်မြောက်နယ်မြေမှ အဖွဲ့အစည်းခေါင်းဆောင်များ တဖွဖွ ကိုးကားပြောဆိုနေခြင်းသည်လည်း နောက်ထပ် မဆီလျော်မှုတခုဟု ယူဆမိ၍ ဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် လွတ်မြောက်နယ်မြေမှ အဖွဲ့အစည်းခေါင်းဆောင်များ စည်းရုံးလှုပ်ရှားနိုင်သည့် အနေအထား၊ တိုက်ပွဲဝင်နိုင်ပုံ-၀င်ခဲ့ပုံနှင့် ဒေါ်အောင်ဆန်းစုကြည် စည်းရုံးလှုပ်ရှားနိုင်သည့် အနေအထား၊ တိုက်ပွဲဝင်နိုင်ပုံ-၀င်ခဲ့ပုံတို့ များစွာကွာခြားလွန်းနေ၍ ထိုသို့ယူဆမိခြင်းဖြစ်ပါသည်။
လွတ်မြောက်နယ်မြေမှ အဖွဲ့အစည်းခေါင်းဆောင်များအနေဖြင့် လွတ်မြောက်နယ်မြေတွင် သန်းနှင့်ချီ (မြန်မာပြည် ပတ်ပတ်လည်၌ ခန့်မှန်းခြေ လေးသန်းခန့်ရှိမည်ထင်) သည့် လူထုကို ပြည်တွင်းမှာထက် လွတ်လွတ်လပ်လပ် စည်းရုံးလှုပ်ရှား နိုင်ခြင်း၊ အင်အားစုဆောင်းပြီး နည်းပေါင်းစုံဖြင့် တိုက်ပွဲဝင်ရန် ကြိုးစားနိုင်သည့် အခွင့်အရေးများရှိခြင်း စသဖြင့် အခြေအနေ တိုက်ပွဲဝင်နိုင်ပုံ၊ ၀င်ရပုံခြင်း များစွာမတူညီသည့်အလျောက် အနှစ် (၂၀) အတွင်း မိမိတို့ ရင်ဆိုင်ခဲ့ရသည့် အခက်အခဲများ၊ အောင်မြင်မှု ကျရှုံးမှု အတွေ့အကြုံများအပေါ် အခြေခံ၍သာ ရိုးရိုးသားသား ဖြေကြားသင့်သည်ဟု မြင်ပါသည်။ သို့မှသာ လွတ်မြောက်နယ်မြေတွင် ဆက်လက်တိုက်ပွဲဝင်ရမည့် နောက်မျိုးဆက်များအနေဖြင့် လွတ်မြောက်နယ်မြေ၏ တိုက်ပွဲပုံသဏ္ဌာန် အခြေအနေအမှန်ကို သိရှိနိုင်မည်ဖြစ်ပါသည်။
ထိုသို့မဟုတ်ဘဲ ဒေါ်အောင်ဆန်းစုကြည်၏ နှုတ်ထွက်စကားကိုသာ ဆီသည်မလက်သုတ်ဝတ်ဖြစ်အောင် ကိုးကားဖြေကြားနေ ကြခြင်းသည် “ခေါင်းဆောင်ကြီးများအနေနဲ့ အခုအချိန်အထိ ဘာဖြစ်လို့ ညီညွတ်မှု မတည်ဆောက်နိုင်ကြတာလဲ၊ တခုတည်း သော တပ်ပေါင်းစု ဘာဖြစ်လို့ မဖွဲ့နိုင်ကြတာလဲ၊ ခေါင်းဆောင်ကြီးတွေ ဒိုနာအလိုကျ ဗာဟီရတွေ များနေလို့ ပြည်ပမှာရှိတဲ့ သန်းနဲ့ချီတဲ့ လူထုထဲဆင်းပြီး စည်းရုံးလုပ်ဆောင်ဖို့ မအားမလပ် ဖြစ်ခဲ့ကြတာလား၊ ရှိခဲ့ပြီးသား အင်အားစုတွေ ဘာဖြစ်လို့ လျော့နည်းသွားရတာလဲ၊ အမှန်တကယ် တော်လှန်ရေးလုပ်ချင်သူတွေ တတိယနိုင်ငံတွေဆီ ထွက်မသွားအောင် ခေါင်းဆောင် ကြီးများ ဘာဖြစ်လို့ မစည်းရုံးနိုင်ခဲ့ကြတာလဲ။ ရွှေဝါရောင်တုန်းက ပြည်တွင်းကို ဘယ်လိုပံ့ပိုးခဲ့ပါသလဲ၊ နာဂစ်တုန်းက ဘယ်လိုဘယ်ပုံ ကူညီခဲ့ပါသလဲ” စသည် … စသည် … ကဲ့သို့သော မေးခွန်းပေါင်းစုံ တရစပ်တက်လာမည်စိုး၍ ဒေါ်အောင်ဆန်းစုကြည်ဝိတ်ကို အကာအကွယ်ယူ ပိတ်ဆို့ဖြေကြားနေကြခြင်းလားဆိုပြီး အတွေးပွားစရာဖြစ်နေပါသည်။ ထို့ကြောင့် ဆားထိမှာကြောက်သည့် တီကောင်များကို မျက်စိထဲပြေးမြင်ကာ ကျနော်ပြုံးချင်ချင် ဖြစ်မိခြင်းဖြစ်သလို နအဖသတင်းစာရှင်းလင်းပွဲ၌ စစ်ဗိုလ်များ မဆီမလျော် တဘက်ပိတ် ဖြေကြားပုံမျိုးနှင့် ထူးမခြားနားဖြစ်နေ၍လည်း ပြုံးမိခြင်းဖြစ်ပါသည်။
အမှန်စင်စစ် ဒီမိုကရေစီတိုက်ပွဲ အောင်မြင်မှုမရရှိသေးသည့် အကြောင်းအရင်းများနှင့် ပတ်သက်၍ စိတ်ဝင်တစား သိလိုလှသည့် မျိုးဆက်သစ် ကျောင်းသားလူငယ်လေးများ၏ ရိုးသားစွာ မေးမြန်းမှုများအပေါ် ခေါင်းဆောင်မှုအခန်းကဏ္ဍ၌ တာဝန်ယူထားကြသူများ၊ တာဝန်ရှိသည်ဟု ခံယူထားကြသူများအနေဖြင့် ကိုယ့်လိပ်ပြာ ကိုယ်လုံကြသည်ဆိုလျှင် မိမိတို့ တွေ့ကြုံခဲ့သည့် အမှားအယွင်းများ၊ အခက်အခဲများ၊ အောင်မြင်ခဲ့မှု၊ ဆုံးရှုံးခဲ့မှုများကို အရင်းအတိုင်း (မေးခွန်းတွေ ဘယ်လောက်တက်တက်) စိတ်ရှည်ရှည်နှင့် အကျေအလည် ဖြေကြားပေးသင့်၊ ဖြေကြားရဲသင့်သည်ဟု ယူဆမိပါသည်။
ထိုသို့ ရှေ့မျိုးဆက်များက မိမိတို့၏ အားနည်းချက်များ၊ အမှားများကို တာဝန်ယူရဲ၊ ရိုးရိုးသားသား ၀န်ခံ လက်ကမ်းရဲမှသာ ဆက်လက်တိုက်ပွဲဝင်လိုသည့် နောက်မျိုးဆက်သစ်များအနေဖြင့် ထိုအမှားများ၊ အားနည်းချက်များကို သင်ခန်းစာယူ ရှောင်ရှားပြီး တိုက်ပွဲပုံသဏ္ဌာန်အသစ်များ ဖော်ဆောင်ဖို့၊ တော်လှန်ရေးကို တော်လှန်ရေးနှင့်တူအောင် ဆင်နွှဲဖို့ လမ်းပွင့်သွား မည်ဟု ယုံကြည်မိပါသည်။
ဒေါက်တာလွဏ်းဆွေ
ခေတ်ပြိုင်စာမျက်နှာမှ ကူးယူဖေါ်ပြထားပါသည်၊
အညာနွေတမာမြေ
Saturday, July 11, 2009
ဆီသည်မလက်သုတ်ဝတ် ဖြစ်နေရသည့် လူထုခေါင်းဆောင်၏ နှုတ်ထွက်စကားတခွန်း
Labels:
ဆောင်းပါး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment