ရန်ကုန်၊ မန္တလေး မိတ္တိလာ ၊ မြင်းခြံ ၊ ညောင်ဦး၊ ကျောက်ပန်းတောင်း ၊ ရေနံချောင်း၊ ဘင်္ဂလားဒေ့ရှ်နဲ့ နယူးဒေလီတို့မှာ ဒီနေ့လုပ်ခဲ့ကြတဲ့ အာဇာနည်နေ့အခမ်းအနားပြုလုပ်ခဲ့တဲ့ အကြောင်းတွေကို စုစည်းတင်ပြလိုက်ပါတယ်။
ရေနံချောင်း အမျိုးသမီးစည်းရုံးရေးမှုး ဒေါ်ခင်စောဌေး
`ဒီနေ့ အာဇာနည်နေ့အကြောင်းကို ဟောပြောကြတယ်။ ကဗျာတွေ ရွတ်ဆိုကြတယ်၊ ဆရာဇော်ဂျီရဲ့ ကဗျာတွေ။ နောက်ပြီးကျတော့ အမေစုရဲ့ မျက်ရည်ဆိုတဲ့ စကားလုံးလေး အသစ်ကလေးနဲ့ ကလေးတယောက်ကပြောသွားတာ၊ အမေစုက ဗိုလ်ချုပ်တို့ကျဆုံးတဲ့အခါကျတော့ ဗိုလ်ချုပ်က ပြောသွားတယ်တဲ့။ တနှစ်အတွင်းလွတ်လပ်ရေးရဖို့ရာ အာမခံပေမယ့်လို့ ကျနော့်အသက်ကိုတော့ အာမမခံနိုင်ဘူးလို့ပြောသွားတဲ့အတွက်ကြောင့် ဗိုလ်ချုပ်အတွက်တော့ ထူးမျက်ရည်မကျပါဘူးတဲ့။ အခုကျတဲ့မျက်ရည်ဟာ သားကြီးမောင်ဘဝင်းက ရိုးသားမှုနဲ့ အတွက်ဒါကြောင့် အမေစုမျက်ရည်ကျတယ်ဆိုတာကို နောင်လာနောက်သားတွေသိအောင် ပြောပြတာပေါ့။ အန်တီကတော့ အာဇာနည်စိတ်ဓာတ်ကို အမြဲတမ်းရှင်သန်နေစေရမယ်၊ နောက်ဆုတ်ဖို့ ဘယ်တော့မှ မကြိုးစားနဲ့၊ ဒီနေ့တို့ ငြိမ်းချမ်းရေးမရသေးလေ၊ ငြိမ်းချမ်းရေးရမှသာလျှင် တိုင်းပြည်က ဖွံ့ဖြိုးတိုးတက်မှာမို့လို့ ဒါကြောင့် အမျိုးသားပြန်လည်သင့်မြတ်ရေးဖြစ်လာအောင် လူထုက အမြဲတစေ အာဇာနည်စိတ်ဓာတ် အမြဲတမ်း ရှင်သန်နေရမယ်။´
ရေနံချောင်း အန်အယ်လ်ဒီတွေဟာ အေးစေတီ ပါဠိတက္ကသိုလ်မှာ ဆွမ်ကပ်လှူခဲ့ပြီး အန်အယ်ဒီဥက္ကဌ ဦးခင်ဝင်းအိမ်ရှိရာ ဘူးကျွန်းရွာမှာ ဟောပြောပွဲ ကဗျာရွတ်ဆိုပွဲတွေလုပ်ခဲ့ပါတယ်။ အဲဒီရွာကို သွားတဲ့လမ်းက မြစ်ချောင်း ၂ခုကို လှေနဲ့ကူးရာမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေး အဖွဲ့တွေက လှေသမားတွေကို လိုက်မပို့ရဘူးလို့ အမိန့်ထုတ်ထားတဲ့အတွက် အန်အယ်ဒီအဖွဲ့ဝင်တွေ ကိုယ်ပိုင်လှေတွေနဲ့ပဲ သွားခဲ့ကြရတယ်လို့ သိရပါတယ်။
ရန်ကုန်က အာဇာနည် ဗိမာန်မှာ အလေးပြုခွင့်ရခဲ့တဲ့ ရန်ကုန်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင် ၅၇ဦးမှာ ပါဝင်ခဲ့တဲ့ မုံရွာ အန်အယ်လ်ဒီ လူငယ်အဖွဲ့ဝင် မအေးမြမြလွင်
`ရင်ထိုးတွေပေါ့နော် ကျမတို့ရင်ထိုးတွေကို သူတို့ အဲဒါလေးတွေကိုဖြုတ်ခိုင်းတယ်။ ပင်နီအကျီင်္ကတော့ ချွတ်လို့ မရဘူးလေ။ ကျမတို့က ပင်နီအကျီဝတ်ထားတဲ့အခါကျတော့ ချွတ်လိုက်တယ်ဆိုလို့ရှိရင် ဘာမှတောင်ကျန်တော့မှာ မဟုတ်ဘူး။ အဲဒီတော့ အကျီတော့သူတို့ မချွတ်ခိုင်းပါဘူး။ အခွင့်ရတော့ ငါးယောက်တတွဲငါးယောက်တတွဲ စစ်ပြီးတဲ့အခါမှာ ကျမတို့ ဂါရဝပြုတယ်။ အလေးပြုတယ်။ ပန်းခွေချတယ်၊ ချပြီးတော့ ပြန်ဆင်းတော့ တခါ အရှေ့မှာ ဂိတ်မှာတခါ ထပ်ပြီးတော့စစ်တယ်။ စိတ်အနှောင့်အယှက်ကတော့ဖြစ်တာပေါ့ရှင်၊ ဗမာပြည်ကို လွတ်လပ်ရေးရအောင်လုပ်ပေးသွားတဲ့ အမျိုးသားခေါင်းဆောင်ကြီးတွေလေ။ သူတို့ကို ဂါရဝပြုတဲ့နေရာမှာ လွတ်လွတ်လပ်လပ်နဲ့ အေးအေးဆေးဆေးနဲ့ စိတ်ချမ်းချမ်းသာသာနဲ့ ဂါရဝ ပြုချင်တယ်။ ဒါပေမယ့် အဲလိုအခွင့်အရေးတွေ ဆုံးရှုံးတယ်ပေါ့နော်၊ အဲဒီအတွက်တော့ စိတ်မကောင်းဖြစ်တယ်ပေါ့ရှင်။´
ကျောက်ပန်းတောင်းမြို့က ဗိုလ်ချုပ်ကျောက်တိုင်မှာ လွမ်းသူ့ပန်းခွေ ချခွင့်မရခဲ့တဲ့ စည်းအဖွဲ့ဝင်တဦးကတော့ သူတို့ကြုံတွေ့ရတာကို အခုလို ပြန်ပြောပြပါတယ်။
`ကျနော်တို့ တဖွဲ့လုံးသွားနေကြတာပေါ့၊ ခမောက်ဆောင်းပြီးတော့ ဝတ်စုံပြည့်နဲ့ သွားကြတာပေါ့နော်။ နောက်ကတော့လိုက်တယ် မေးတယ်မြန်းတယ်ပေါ့။ ပန်းခွေတော့ မချဘူးခင်မျ။ ပန်းခွေချတဲ့ ဗိုလ်ချုပ်ကျောက်တိုင်က သော့ခတ်ထားတော့လေ၊ ဟုတ်တယ် ရုပ်တုပါ ထောင်ချတယ်။ မထူးပါဘူးဗျာ တပြည်လုံးလည်း ထောင်ကျနေတာပဲ။´
ရန်ကုန်အခြေစိုက် သံဃတပ်ပေါင်းစုအဖွဲ့က ဦးဆောင်ဆရာတော် အရှင် ရာဇိန္ဒ
`၆၂ နှစ်မြောက် အာဇာနည်နေ့နဲ့ပတ်သက်ပြီးတော့ သံဃာတော်တွေကို ၁ဝပါးပင့်ပြီးတော့ ဒကာကြီး ဦးရဲခေါင်အိမ်မှာ ဆွမ်းကပ်ပြီးတော့ အာဇာနည်ခေါင်းဆောင်ကြီးတွေကို အမျှအတန်းပေးဝေခြင်း၊ ပရိတ်ရွတ်ဖတ်ခြင်း အစရှိတာတွေကို ပြုလုပ်ပါတယ်။ ရှေ့ဆက်ပြီးတော့လည်း သံဃာ့တပ်ပေါင်းစုက ဆက်လက်ပြီးတော့ လုပ်ဆောင်သွားဖို့ရာ အစီစဉ်တွေတော့ ဘုန်းကြီးတို့မှာ ရှိပါတယ်။´
မန္တလေးတိုင်း အန်အယ်လ်ဒီတွေကိုတော့ အသံချဲ့စက်မဖွင့်ပဲ လူ ၅ဝ ထက်မပိုအောင် အခမ်းအနားလုပ်ဖို့ အာဏာပိုင်တွေက ညွန်ကြားထားပေမဲ့ ကြံခိုင်ဖွံ့ဖြိုးရေးအဖွံ့ဝင်တွေဟာ အန်အယ်လ်ဒီအဖွဲ့ဝင်တွေ အာဇာနည်နေ့အခမ်းအနားကျင်းပတဲ့ တောင်ထီးလင်းကျောင်းတိုက်ရှေ့မှာ အမျိုးမျိုး နှောက်ယှက်ခဲ့ပုံကို လူငယ်တာဝန်ခံ တဦးကခုလို ပြောပြပါတယ်။
`ဓာတ်ပုံတွေခိုးရိုက်တယ်။ တရားနာနေတဲ့အချိန်မှာလည်း ခြင်ဆေးတွေ ဝင်ဖျန်းတယ်ဗျာ၊ နောက်ပြီးတော့ နောက်တခုက ဘုံဆွမ်းလောင်းအသင်းဆိုတဲ့ သုဝဏသာမဆိုတာ တချို့မြို့နယ် ရပ်ကွက်တွေမှာရှိတယ်၊ တီးဝိုင်းတွေကို အတွင်းထဲကို ဘုန်းကြီးကျောင်းရှေ့ကိုဖွင့်ခိုင်းတယ်ဗျာ၊ ပိုက်ဆံပေးပြီးတော့ပေါ့နော့်။ အဲဒါမျိုးတွေ လုပ်တယ်ပေါ့ဗျာ ဒါတွေက မလုပ်သင့်တဲ့အရာတွေပေါ့ဗျာ။´
ညောင်ဦးမြို့ အန်အယ်လ်ဒီ စည်းအဖွဲ့ဝင်တဦး
`ဘုန်းကြီးငါးပါးကို ဆွမ်းကပ်ပြီးတော့ သင်္ကန်းတွေဘာတွေ ကပ်တယ်ပေါ့ခင်မျာ။ ရွှေစည်းခုံ စနေထောင့်မှာ လူဦးရေ ၆၂ ယောက် ကျဆုံးသွားတဲ့ အာဇာနည် ခေါင်းဆောင်ကြီးတွေကို ရည်စူးပြီးတော့ အမွှေးတိုင် သပြေပန်းတွေနဲ့ ကပ်လှူပူဇော်ပြီးတော့ ဆုတောင်းမေတ္တာပို့ခဲ့ကြတယ်ခင်မျ။ ကျနော်တို့မှာ အာဇာနည်နေ့ရောက်တိုင်း ရောက်တိုင်း အာဇာနည်နေ့ အခမ်းအနားတွေနဲ့ တိုင်းပြည်မှာရှိတဲ့၊ ပြည်သူလူထု မြို့နယ်မှာရှိတဲ့ ပြည်သူလူထုတွေကို နိုးကြားတက်ကြွစွာနဲ့ ပါဝင်ဆောင်ရွက်နိုင်အောင် ကျနော်တို့အနေနဲ့ ဆက်ပြီးတော့ လုပ်ဆောင်သွားမှာပါ ခင်မျ။´
မြင်းခြံမှာတော့ ဘုန်းကြီးကျောင်းတွေကို အာဏာပိုင်တွေက အန်အယ်ဒီက ဆွမ်းစားပင့်ရင်မကြွပါနဲ့လို့ လိုက်လံတားထားတယ်လို့သိရပါတယ်။ လုံခြုံရေး တအားတင်းကြပ်နေတဲ့ကြားက ပုဂ္ဂလိကပိုင် ကျူရှင်ကျောင်းတခုမှာ ကျောင်းသား ၁၅ဝ ကျော်ကို စုရုံးစေပြီး ဆရာတွေက အာဇာနည်နေ့အကြောင်း ဟောပြောပွဲလုပ်ခဲ့တယ်လို့ ဟောပြောခဲ့တဲ့ ကျူရှင်ဆရာတယောက်က ဒီလိုလုပ်ရတဲ့ အကြောင်းရင်းကို ပြောပြပါတယ်။
`မသိတဲ့အကြောင်းတွေကိုသိအောင် ကျနော်တို့ကဖော်ထုတ်တယ်။ အခုအချိန်နဲ့ ပတ်သက်နေတဲ့ နိုင်ငံရေးအခြေအနေတွေ အဲဒါနဲ့ပတ်သက်ပြီးတော့ ကျောင်းသူကျောင်းသားတွေနဲ့ ပြည်သူလူထုအနေနဲ့ နိုင်ငံရေးစိတ်ဓာတ် မျိုးချစ်စိတ်ဓာတ်တွေ မွေးဖွားလာအောင် ကျနော်တို့ ပြောပေးခြင်းဖြစ်ပါတယ်။´
မိတ္ထိလာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာလည်း ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်တွေအတွက် ၆၂ နှစ်ပြည့် ဆွမ်းသွတ်တရားနာပွဲပြုလုပ်ခဲ့ပါတယ်။ ဒီအခမ်းအနားကို တက်ရောက်ဖို့လာတဲ့ ဝမ်းတွင်းမြို့နယ် အန်အယ်လ်ဒီ တွဲဘက်အတွင်းရေးမှုး ကိုအောင်သူအပါအဝင် စည်းအဖွဲ့ဝင် ၄ ဦးကိုတော့ မိတ္တိလာမြို့အဝင်မှာ တားဆီးထိန်းသိမ်းထားပြီးတော့ ပွဲပြီးတဲ့ အချိန်မှသာ လွတ်ပေးလိုက်တယ်လို့ ကိုအောင်သူက ပြောပြပါတယ်။
`ခယက အတွင်းရေးမှူး ဦးခင်မောင်ဦး ဦးဆောင်တဲ့သူတွေပေါ့၊ စွမ်းအားရှင်တွေပေါ့။ ၄ဝကျော်လောက်နဲ့ ကျနော်တို့ကို တားဆီးပိတ်ဆို့ထားပါတယ်။ ရှေ့ကိုဆက်ပြီးတော့ သွားခွင့်မပြုဘူးပေါ့။ ဒီအာဇာနည်နေ့ အခမ်းအနားက ဘုန်းကြီးဆွမ်းကပ်ကိုမှီချင်တယ်၊ အခမ်းအနားက စခါနီးပြီးဆိုတော့ စောင့်ပါအုံး၊ ကျနော်လည်း အထက်အမိန့်ကိုစောင့်နေပါတယ်၊ အထက်ကိုတင်ထားတယ်လို့ပြောလို့ နောက်ထပ်နာရီဝက်ထပ်စောင့်တယ်။ တနာရီ ဆယ့်ငါးမိနစ်မှာမှ သူတို့ အထက်အမိန့်ရလို့ဆိုပြီးတော့ ကျနော်တို့လေးယောက်ကို သွားခွင့်ပြုပါတယ်။ ရာထူးတော်တော်ကြီးကြီးမားမားက အမိန့်ပေး စေခိုင်းနေတယ်ဆိုရင်လည်းပဲ ဒီလိုနေ့ရက်မျိုးမှာ မလုပ်သင့်ဘူးလို့ ပြောလိုပါတယ်။´
သူတို့ လေးယောက်ဟာ အာဇာနည်တွေ ကျဆုံးခဲ့တဲ့ မနက် ၁ဝ နာရီ ၃၇ မိနစ်မှာတော့ သူတို့ကို ထိန်းသိမ်းထားတဲ့နေရာ လမ်းဘေးမှာပဲ အလေးပြုခဲ့ကြရတယ်လို့ သူက ပြောပြပါတယ်။
အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာရှိတဲ့ ပြည်ထောင်စုမြန်မာနိုင်ငံ ညွန့်ပေါင်းအစိုးရ (္ဒဃ္ကွB) ရုံးက ၆၂ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားက ညွန့်ပေါင်းအစိုးရဝန်ကြီး ဒေါက်တာတင့်ဆွေက
`တိုင်းပြည်တခုရဲ့ ကောင်းရာကောင်းကျိုးကို ဆောင်ရွက်ဖို့အတွက် အာဇာနည်လိုပုဂ္ဂိုလ်၊ အာဇာနည်တွေကို အားကျတဲ့ ပုဂ္ဂိုလ်လူငယ်တွေ အများကြီးလိုအပ်တယ်။ အဲဒီလိုလူတွေကို မွေးထုတ်မှ တိုင်းပြည်ကကောင်းမှာပါ။ ဒီနေ့ လွတ်လပ်ရေး ရပင်ရသော်ငြားလည်းပဲ ကျနော်တို့ဟာ လွတ်လပ်တဲ့ဘဝ မဟုတ်တော့။ ဒီဘဝအတွက် ထပ်ပြီး လွတ်လပ်အောင်လို့ ဗိုလ်ချုပ်အောင်ဆန်းလို အနစ်နာခံ သတ္တိရှိ၊ အများလေးစားကြည်ညိုချစ်ခင်တဲ့ ခေါင်းဆောင်မျိုးတွေ အများကြီးမွေးထုတ်ကြဖို့ လိုပါတယ်။ အဲဒီအတွက် အာဇာနည်နေ့ကို အရင်ကလိုပဲလုပ်ဖို့လိုတယ်လို့ မြင်ပါတယ်´ လို့ ဆိုပါတယ်။
ဒီအခမ်းအနားကို တက်ရောက်လာတဲ့အဖွဲ့အစည်းအသီးသီးက လွမ်းသူ့ပန်းခွေချပြီး အလေးပြုခဲ့ကြပါတယ်။ နယူးဒေလီမြို့မှာပဲ တခြားမြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားတဲ့အဖွဲ့တွေက နယူးဒေလီရှိ ရွှေဝါရောင် မြန်မာဘုန်းတော်ကြီး ကျောင်းတိုက်မှာလည်း ဆရာတော်တွေကို ဆွမ်းကပ်ပြီး ဆွမ်းသွတ်အမျှဝေပွဲကျင်းပခဲ့ကာ ပရိတ်တရားတော်တွေကို ရွတ်ဖတ်သရဇ္ဈယ်ခဲ့ကြပါတယ်။ အိန္ဒိယအရှေ့မြောက်ပြည်နယ်တခုဖြစ်တဲ့ မီဇိုးရမ်းပြည်နယ် လုံးလည်မြို့ရှိ မြန်မာ့ဒီမိုကရေစီရေးဆောင်ရွက်သူတွေကလည်း ပြည်ထောင်စုအမျိုးသားကောင်စီရုံးမှာ အာဇာနည်နေ့ အခမ်းအနားတရပ် ကျင်းပခဲ့ကြပါသေးတယ်။
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာတော့ အန်အယ်ဒီလွတ်မြောက်နယ်မြေ မလေးရှားဌာနခွဲက ဦးစီးပြီး ဆွမ်းသွတ်အမျှဝေပွဲပြုလုပ်ခဲ့ပါတယ်။ အန်အယ်လ်ဒီ လွတ်မြောက်နယ်မြေ မလေးရှားဌာနခွဲဥက္ကဌ ကိုကျော်ကျော်က အခုလိုပြောပြပါတယ်။
`တရားမျှတမှု ဒီမိုကရေစီနဲ့ လွတ်လပ်ရေးတို့အတွက် ပေးဆပ်ခဲ့ကြတဲ့ ကျနော်တို့ အာဇာနည် ခေါင်းဆောင်ကြီးတွေရဲ့သမိုင်းကို ဘယ်တော့မှ ဖျောက်ဖျက်လို့ မရဘူးဆိုတာပါပဲ။ ကျနော်တို့ မြန်မာနိုင်ငံနဲ့ မြန်မာလူမျိုးတွေ ရှိနေသ၍တော့ အာဇာနည်နေ့ဆိုတာ ရှိနေအုန်းမှာပဲဖြစ်တယ်။ ကျနော်တို့ တိုင်းရင်းသားပြည်သူတွေအနေနဲ့ကလည်း အာဇာနည်ကြီးတွေ ချမှတ်ခဲ့တဲ့ ဦးတည်ချက်နဲ့ လမ်းစဉ်တွေကို မေ့မေ့ပျောက်ပျောက်မနေကြပဲနဲ့ လက်တွေ့ကျကျ အကောင်အထည်ဖော်လုပ်ဆောင်သွားပြီး စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ် တော်လှန်သွားမှသာလျှင် ကျနော်တို့ အာဇာနည် ခေါင်းဆောင်ကြီးတွေကို ဂုဏ်ပြုရာရောက်လိမ့်မယ်လို့ ကျနော်တော့မြင်ပါတယ် ခင်မျ။´
ဘင်္ဂလားဒေရှ်ရောက် ဒီမိုကရေစီအင်အားစုတွေကတော့ အခမ်းအနားမလုပ်တော့ပဲ နိုင်ငံရေးစကားဝိုင်းပဲလုပ်ခဲ့ပါတယ်။ ရခိုင်အမျိုးသမီးအစည်းအရုံးဥက္ကဌ ဒေါ်စောမြရာဇာလင်းက သူ့ခံစားချက်တွေကို အခုလို ရင်ဖွင့်ပြောပြသွားပါတယ်။
`သက်စွန့်ကြိုးပမ်း အနစ်နာခံခဲ့ကြတဲ့ ကျေးဇူးတရားတွေကို ကျမတို့ ဗမာပြည်မှာ မေ့လာတာတွေရှိတယ်။ အဲဒါဟာဆိုလို့ရှိရင် အင်မတန်မှ ကျေးဇူးကန်းတဲ့ လက္ခဏာလို့ ကျမပြောချင်တယ်။ အဲလို ကျေးဇူးတရားကြီးမားတဲ့ အာဇာနည်တွေအပေါ်မှာ ကျမတို့အသိအမှတ်ပြုသင့်တယ်။ ဒါကို ကျမတို့ တိုင်းပြည်မှာ နောင်လာနောက်သားတွေ မသိအောင်မေ့လျော့အောင် ကြံစည်နေတာဟာလို့ရှိရင် အင်မတန် ကျေးဇူးကန်းတဲ့ ပုဂ္ဂိုလ်တွေရဲ့ လုပ်ရပ်ဖြစ်တယ်လို့လည်း ပြောချင်တယ်။´
အညာနွေတမာမြေ
နောက်ဆုံးရ မြန်မာသတင်းများ
4 years ago
No comments:
Post a Comment