-->

Friday, July 31, 2009

ဒေါ်စုရုံးချိန်းနေ့ ဖမ်းဆီးမှုများ

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို စီရင်ချက်ချမယ်ဆိုတဲ့ ဇူလိုင် ၃၁ ရက်မတိုင်ခင် ညက မကွေးတိုင်းနဲ့ မန္တလေးတိုင်းက အန်အယ်လ်ဒီပါတီဝင် ၂ဝ ကျော်ကို သက်ဆိုင်ရာက မေးမြန်းစရာရှိလို့ဆိုကာ ခေါ်ယူထိမ်းသိမ်းခဲ့ပါတယ်။ မကွေးတိုင်းရေနံချောင်းမြို့က အန်အယ်လ်ဒီ ဥက္ကဌ ဦးခင်ဝင်း စည်းအဖွဲ့ဝင်တွေဖြစ်ကြတဲ့ ဦးတင့်လွင်၊ ဦးမြင့်ငွေ နဲ့ ဦးသန်းအောင်တို့ကို ည ၁နာရီကျော်မှာ ရေနံချောင်းရဲစခန်းက လာရောက်ခေါ်ယူသွားပါတယ်။ ဦးတင့်လွင်ကို ဇနီးဖြစ်သူ ဒေါ်ခင်မော်သန်းက အခုလို ပြောပြပါတယ်။

"ညတနာရီခွဲက ခေါ်သွားတာ၊ ယူနီဖောင်းနဲ့ပါ သူတို့က စခန်းမှာလို့ပဲ ပြောသွားတာ။ ခနလေးပါတဲ့၊ မေးစရာလေး ရှိလို့ပါတဲ့ ဆိုပြီးတော့ ခေါ်သွားတာ။ အဝတ်တထည် ကိုယ်တခုနဲ့ ပါသွားတာ"

မကွေးတိုင်းမင်းဘူး၊ စကုနဲ့ ပွင့်ဖြူမြို့က အန်အယ်လ်ဒီပါတီဝင်တွေကို ဖမ်းဆီးသွားပုံကိုလည်း မကွေးတိုင်း အန်အယ်လ်ဒီ ပါတီဝင်တဦး က ပြောပြပါတယ်။

"ကျမတို့ ဒီမှာတော့ တိတိကျကျ မသိရသေးဘူးရှင့်။ ဘယ်ကိုခေါ်တယ်ဆိုတာ၊ မင်းဘူးက ဦးသောင်းစိုးပါတယ်။ နောက်တခါ စကုက နေမျိုးကျော်လည်းပါသွားတယ်၊ ဦးသောင်းစိုးက အမှတ် ၂ ထဲမှာ။ အမှတ် ၂ ရဲစခန်းပေါ့၊ နေမျိုးကျော်က အမှတ် ၁ ရဲစခန်းထဲမှာတဲ့၊ နောက်တခါ ပွင့်ဖြူက ကိုအောင်ဝင်းနဲ့ ကျန်တဲ့တယောက်က ပွင့်ဖြူရဲစခန်းထဲမှာပဲရှိတယ်တဲ့။ သူတို့လည်းခေါ်ထားတာ ညတုန်းက ခေါ်တာပဲတဲ့"

မကွေးတိုင်းတောင်တွင်းကြီးက ဒုဥက္ကဌ ဦးမောင်စိုး အတွင်းရေးမှုး ဦးပါလေးနဲ့ အဖွဲ့ဝင် ကိုကျော်နိုင်တို့ကိုလည်း ည ၁၂ နာရီလောက်မှာ ဘာမှ အထွေအထူးမပြောပဲ လာခေါ်သွားပြီးတော့ ဘယ်မှာထားမှန်း မသိရသေးပါဘူး။ သူတို့အိမ်တွေကတော့ သက်ဆိုင်ရာ ရဲစခန်းတွေကို လိုက်နေကြတုန်းပဲလို့ ဆိုပါတယ်။

မင်္ဂလာဒုံမြို့နယ် လူငယ်အဖွဲ့ဝင် မခင်မြတ်သူနဲ့ ဒဂုံမြို့သစ်က ကိုထိန်ဝင်းတို့ကို ဖမ်းဆီးပြီး နောက်ဆုံးအခြေအနေကိုတော့ အန်အယ်လ်ဒီလူငယ် မဖြူဖြူသင်းက ပြောပြပါတယ်။

"ခင်မြတ်သူကိုကျတော့ မနေ့ညက ညနေစောင်းလောက်က သူ့အဖေကိုခေါ်တယ်တဲ့။ သူ့အဖေကိုခေါ်ပြီးတော့ ဒီနေ့ အင်းစိန်ကို မသွားဖို့ တားပေးပါလို့ပြောတယ်။ ပြောတော့ သူ့အဖေက ဘာမှ ဝန်မခံပေးဘူးတဲ့။ ဝန်မခံပေးတဲ့အခါကျတော့ ည ၁ နာရီခွဲလောက်မှာ လာခေါ်သွားတယ်တဲ့၊ ခနပါပေါ့ဆိုပြီးပြောတယ်တဲ့၊ အခု သူ့ကို မင်္ဂလာဒုံရဲစခန်းမှာထားတယ်၊ သူတို့ သွားတွေ့လို့တော့ရတယ်တဲ့။ မနက်က သူ့အမ နဲ့ တွေ့လိုက်တယ်လေ၊ စခန်းမှူးကပြောတယ်တဲ့။ ကာလအချိန် တခုအထိကြာအောင် သူတို့ ခေါ်ထားမယ်ဆိုတဲ့ ပုံစံမျိုးပြောတယ်တဲ့၊ အဓိကတော့ အင်းစိန်ထောင်ရှေ့ မသွားဖို့ပေါ့။ ကိုတင်ဝင်းကတော့ ညက ပါသွားတယ်ပဲကြားတယ်။"

နယ်အနှံ့ကနေ ဖမ်းဆီးသွားတဲ့ အန်အယ်လ်ဒီပါတီဝင် တွေစာရင်းကတော့ ...
ရေနံချောင်းက ကိုမြင့်ငွေ၊ ကိုတင့်လွင်၊ ကိုသန်းမောင်၊ ကိုခင်ဝင်း၊ နောက်အောင်လံက ဦးအေးမြင့် နောက် ကိုမင်းမောင်၊ တောင်တွင်းက ကိုစိုး၊ ကိုပါလေး၊ ကိုကျော်နိုင်၊ နောက်မြို့သစ်က ဦးသာအောင်က လွှတ်တော်ကိုယ်စားလှယ်၊ နောက် ဇင်မမထွန်း၊ ဦးသန်းမြင့် ဒဂုံမြို့သစ်က ထိန်ဝင်း၊ မခင်ဝင်းကြည်၊ မင်းဘူး စကုက ဦးသောင်းစိုး၊ နေမျိုးကျော်၊ ပွင့်ဖြူက ကိုအောင်ဝင်း ကိုအောင်တင်လင်း မင်္ဂလာဒုံက မခင်မြတ်သူ၊ ဒေါပုံက ကိုနေလင်းကျော်၊ သာကေတက ကိုနေလင်းစိုးတို့ဖြစ်ပါတယ်။
ဒေါ်နော်အုန်းလှနဲ့ စမ်းချောင်းက ဦးညွန့်လှိုင်တို့ နှစ်ယောက်ကိုတော့ မနေ့က ညဦးပိုင်းက ခေါ်သွားပြီးတော့ ဒီနေ့မနက်မှ ပြန်လွှတ်လိုက်ပါတယ်။ ပခုက္ကူက ကိုပိုက်ကို၊ ကိုကျော်မြင့်အေး၊ ကိုဌေးဝင်း နောက် ဦးတင်ညွှန့် တို့ကိုလည်း သက်ဆိုင်ရာ ဒေသတွေမှာရှိတဲ့ ရဲတို့ ရပ်ကွက်တာဝန်ရှိတဲ့သူတွေက လာရောက်ခေါ်ဆောင်သွားပါတယ်။

မန္တလေးတိုင်းအတွင်းက အန်အယ်လ်ဒီပါတီဝင်တွေ ဖမ်းခံရတာရှိသလားလို့ မြင်းခြံ အန်အယ်လ်ဒီအဖွဲ့ဝင်တွေနဲ့ပူးပေါင်း လုပ်ဆောင်နေတဲ့ တောင်သူ အန်အယ်လ်ဒီ ဥက္ကဌ ဦးသန်းမြင့်ကို မေးကြည့်တဲ့အခါ ဖမ်းဆီးခံရတာမရှိဘူးလို့သိရပါတယ်။ ဒီလိုဖမ်းဆီးပေမဲ့ အန်အယ်လ်ဒီပါတီဝင်တွေက ကြောက်ရွံသွားမှာမဟုတ်ပဲ နောက်ပိုင်း အဓမ္မသမားတွေကပဲ ဒူးထောက် လက်မြောက်ရမယ်လို့ ဦးသန်းမြင့်က ပြောသွားတာကတော့

"ဒါက ကျနော်တို့ ဒီမိုကရေစီအင်အားစုတွေရဲ့ တကယ့် အဓိက ကျတဲ့ လူငယ်အင်အားစုကို ပထမဆုံးခြောက်လှန့်လိုက်တား၊ အန္တရယ်ပေးလိုက်တာပဲလို့ ကျနော်တို့က အဲလိုမြင်တယ်၊ ဒါပေမယ့်လို့ အဲလိုမျိုးကို ကျနော်တို့ လူငယ်ရောလူကြီးပိုင်းရော အလွှာအသီးသီးက ပြည်သူလူထုအပါအဝင်ပေါ့ ကျနော်တို့ ဒီမိုကရေစီ အင်အားစုကို ဟန့်တားလို့ မရပါဘူး။ ကျနော်တို့က ဓမ္မလမ်းကြောင်းလိုက်နေတာပဲ၊ ကျနော်တို့က မုချ အောင်မြင်မှာပဲ၊ ဘယ်လိုပဲ ဟန့်တားတား ဘယ်လိုပဲ ခြိမ်းခြောက်ခြောက် ဒါတွေက တနေ့ကျတော့ ဒီပုဂိုလ်တွေဟာ အဓမ္မသမားတွေဟာ အမှန်တရားကို ဒူးထောက်အညံ့ခံရမှာပဲဆိုတာကိုတော့ ကျနော်တို့က ယုံကြည်မှု အပြည့်ပါပဲ"

အခုလိုအဖမ်းဆီးတွေရှိနေပေမဲ့ ရေနံချောင်းက အန်အယ်လ်ဒီပါတီဝင်တွေနဲ့ သံဃာတော်တချို့က ကျောက်စာတောင်ဘုရားမှာ ဝတ်ပြုဆုတောင်းပွဲပြုလုပ်ခဲ့ကြပြီ ညောင်ဦးက အန်အယ်ဒီပါတီဝင်တွေက တော့ ရွေစည်းခုံနဲ့ သံပုံစေတီမှာ အဖွဲ့တွေခွဲပြီး ဝတ်ပြုဆုတောင်းခဲ့ကြတယ်လို့သိရပါတယ်။

အညာနွေတမာမြေ

No comments: