မြို့အမည် ဗာရာဏသီ ...
ဗာရာဏသီ … မြန်မာအဖိုးအဖွားတွေက မင်းမသိ ဗြဟ္မဒတ်၊ တိုင်းမသိ ဗာရာဏသီလို့ မှတ်ထားကြ ဆိုကြတဲ့ ဗာရာဏသီ …. သူဌေးသူကြွယ်တွေ ပေါများတယ်ဆိုတဲ့ ရာဇ၀င် သမိုင်းတွေထဲက ဗာရာဏသီ …ဗုဒ္ဓ၀ံသကျမ်းမှာ `ဗာရာဏသီမြို့ဟာ အရိမေတ္တယျ မြတ်စွာဘုရားဖွားမြင်ရာ ကေတုမတီမြို့ကြီး ဖြစ်လိမ့်မယ်´ လို့ ဟောကြားထားတဲ့ ဗာရာဏသီ … မျက်မှောက်ခေတ်မှာ ခရီးသွားတွေ ပျားပန်းခတ် နေတဲ့ ဗာရာဏသီကိုဖြင့် ရောက်ခဲ့ပါပြီ ….
၁၈၉၀ နှစ်များဆီက ဗာရာဏသီနဲ့ ဂင်္ဂါမြစ်ကမ်း
ဗာရာဏသီရယ်လို့ ရှေးခေတ် အဆက်ဆက်က ဒီနေ့ထိတိုင် ထင်ရှားကျော်ဇောနေတာ ဘာကြောင့်ပါလဲလို့ စပ်စုကြည့်မိတော့ …
ဗာရာဏသီရယ်လို့ နာမည်ရခဲ့တာက ဂင်္ဂါမြစ်ထဲကို စီးဝင်နေတဲ့ ဗာရုဏမြစ်ရယ် အက်စီမြစ်ရယ် နှစ်ခုပေါင်းဆုံရာနေရာက မြေနေရာမှ တည်ထားတာကြောင့်မို့လို့ ဆိုကြသလို ဗာရုဏမြစ်ကို ရှေးယခင်က ဗာရာဏသီမြစ်လို့ ခေါ်ခဲ့တာကြောင့်လို့လဲ ဆိုကြပြန်ပါတယ်။
ရှေးခေတ်အဆက်ဆက်မှာတော့ ဗာရာဏသီကို ကာသိက၊ ကာသိ နာဂရ၊ ကာသိပုရ၊ ကာသီ၊ ကေတုမတီ၊ ပုပ္ဗ၀တီ၊ ဗြဟ္မ၀ဒ၊ ရမ္မ၊ ရမ္မ၀တီ သုဒဿန အစရှိတဲ့ နာမည်အမျိုးမျိုးနဲ့ ကျော်ကြားခဲ့ပါတယ်။
ဟိန္ဒူဒဏ္ဍာရီတွေအရ ဗာရာဏသီမြို့ကို ရှီဗ (Shiva) နတ်ဘုရားက လွန်ခဲ့တဲ့ နှစ် ၅၀၀၀ ကျော်ကတည်းက တည်ထားခဲ့တယ်လို့ အဆိုရှိတာကြောင့် ဟိန္ဒူဘာသာဝင်တွေအတွက် အထွဋ်အမြတ်ထားရာ မြို့နေရာဖြစ်ပါတယ်။ ဗာရာဏသီဟာ ဟိန္ဒူဘာသာဝင်တွေအတွက်သာမက ဗုဒ္ဓဘာသာဝင်တွေအတွက်ပါ သာသနာဌာန တခုပဲဖြစ်ပါတယ်။
၁၉၂၂ ဗာရာဏသီ မြင်ကွင်း
သမိုင်းအထောက်အထားတွေအရလည်း ဗာရာဏသီဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀၀ ကျော်ကတည်းက တည်ရှိခဲ့တဲ့ ရှေးဟောင်းမြို့တခုဖြစ်လို့ ကမ္ဘာ့ရှေးဟောင်းမြို့တော်များ စာရင်းမှာ အပါအ၀င် မြို့တခုဖြစ်ပါတယ်။
ဗာရာဏသီမြို့မှာ ဟိန္ဒူတွေ အထွဋ်အမြတ်ထားတဲ့ ဂင်္ဂါမြစ်ကစလို့ လှပတဲ့ရှေးဟောင်းလက်ရာ အဆောက်အဦတွေ၊ သာသနိက အဆောက်အဦတွေ၊ ထူးခြားတဲ့ မဇ္ဈိမ တိုင်းသားတွေရဲ့ ယဉ်ကျေးမှုတွေနဲ့ လေ့လာစရာ၊ ကြည့်ရှုစရာတွေ စုံလင်လှပါတယ်။
ဒီဗာရာဏသီ မြို့မှာရှိတဲ့ ရှေးဟောင်းဘုရားဝတ်ပြုကျောင်းတိုင်း၊ သာသနိက အဆောက်အဦးတိုင်းမှာတော့ သူနဲ့သက်ဆိုင်တဲ့ စိတ်ဝင်စားစရာ ဒဏ္ဍာရီ တခုတော့ ရှိနေစမြဲပါ။
စိတ်ဝင်စားစရာ တခုကတော့ ရှီဗာ (Shiva) လက်ထက်၊ ဗာရာဏသီမှာ နေ့စဉ် ဆွမ်းအလှူခံတဲ့ အကြားအမြင်တွေရပြီး ဂါထာမန္တာန်တွေ၊ ဆေးပညာတွေတတ်ကျွမ်းတဲ့ ဝေဒ၀ိဇ္ဇာတပါး ရှိပါသတဲ့။ တနေ့မှာ အဲဒီ ဝေဒ၀ိဇ္ဇာဟာ ဆွမ်းခံမရတာကြောင့် စိတ်ဆိုးမာန်ဆိုးဖြစ်ပြီး ဗာရာဏသီမြို့ကို ကျိန်ဆဲလိုက်ပါရော။ မကြာခင်မှာပဲ လူယောင်ဆောင်ထားတဲ့ ရှီဗ ရှိရာ အိမ်ကို အရောက်မှာတော့ သူအလိုရှိတဲ့ ဆွမ်းကို လက်ခံရရှိပြီး အင်မတန် ၀မ်းသာသွားပါသတဲ့။ သူဟာ ၀မ်းသာလွန်ပြီး သူ့ရဲ့ကျိန်စာကို သူမေ့နေပါလေရော။ ဒီအကြောင်းကို သိသွားတဲ့ ရှီဗဟာ ဝေဒ၀ိဇ္ဇာရဲ့ မကောင်းတဲ့စိတ်ကြောင့် ဗာရာဏသီမြို့ထဲကနေ နှင်ထုတ်လိုက်ပါသတဲ့။ အဲဒါကြောင့် ဝေဒ၀ိဇ္ဇာဟာ သူ့အိမ်ကို ဂင်္ဂါမြစ်ကမ်းကို ရွှေ့ပြီး နေထိုင်ခဲ့ပါတယ်။ သူနေထိုင်ခဲ့တဲ့နေရာမှာ နှောင်းလူတွေက ၀ိဇ္ဇာ ဘုရားဝတ်ပြုဆောင်ရယ်ဆိုပြီး တည်ထားခဲ့ကြတာကို အခုချိန်ထိ မြင်ရမှာဖြစ်ပါတယ်။
ဒီနေ့ ဗာရာဏသီ
ဗာရာဏသီမှာ ရှိတဲ့ ရှေးသာသနိက အဆောက်အဦးတိုင်းဟာ အခြားသော မြို့တွေက သာသနိက အဆောက်အဦတွေလိုပဲ မွတ်စလင်နဲ့ ဟိန္ဒူဘာသာဝင်တွေ ပဋိပက္ခဖြစ်လို့ ဖျက်ဆီးခံရတဲ့ ဘေးအန္တရာယ်က မလွတ်ခဲ့ကြပါဘူး။
တပွမ်ပွမ် အော်မြည်နေတဲ့ ကားကြီးကားငယ်တွေနဲ့ ဆိုင်ကယ်တွေ၊ စက်ဘီးတွေ၊ လူရောင်စုံတွေနဲ့ ရှုပ်ယှက်ခတ်နေတဲ့ ဗာရာဏသီ မြို့ထဲကို လျှောက်ကြည့်မယ်ဆိုရင်တော့ လူအုပ် ကားအုပ်တွေကြားထဲက ခေတ်သစ်လက်ရာပုံစံအမျိုးအမျိုးနဲ့ အိမ်တွေ၊ အဆောက်အဦတွေ၊ မုခ်ဦးကြီးတွေကြားမှာ ရေညှိတွေ အထပ်ထပ်၊ မြက်ရိုင်းတွေ တွယ်ကပ်နေတဲ့၊ အိုဟောင်းနေတဲ့၊ ရှေးလက်ရာ တိုက်တာကြီးတွေ၊ ဟိန္ဒူဘုရားရှိခိုးကျောင်းတွေကလည်း အပုံအပင်ပါ။
ဗာရာဏသီ မြို့ထဲ တနေရာ
နတ်ဘုရားပုံဆန်တဲ့ ရုပ်တုတွေနဲ့အလှဆင်ထားတဲ့ လမ်းလယ် အ၀ိုင်း (round about) တွေ၊ နောက်ပြီးတော့ မဇ္ဈိမတိုင်း ဒေသထွက်ကုန်တွေဖြစ်တဲ့ ပိုးထည်တွေ၊ ဒေသလက်ရာ ကြေးထည်ပစ္စည်းတွေ၊ ဆာရီစလှလှလေးတွေ၊ ဒေသထွက် ပိတ်စတွေနဲ့ လုပ်ထားတဲ့ အသုံးအဆောင်တွေ၊ ပန်းပုရုပ်မျိုးစုံ၊ အမွှေးနံ့သာတွေ ကအစ အမှတ်တရပစ္စည်း ပိစိကွေးလေးတွေအဆုံး ရောင်းလေတဲ့ ဆိုင်ခန်းတွေကတော့ ကျမတို့ အမျိုးသမီးတွေ အကြိုက်ပေါ့ရှင်။
ခေတ်မီ Shopping Center ကြီးတွေ၊ ရောင်စုံ ကြော်ငြာဆိုင်းဘုတ်မျိုးစုံတို့နဲ့ ၀န်းရံထားတဲ့ မြို့ရဲ့လမ်းက တခြားမြို့တွေထဲမှာလို ကျယ်လှတယ်မဟုတ်တော့ ကားတွေစည်းကမ်းတကျသွားဖို့ ထိန်းသိမ်းရတဲ့ ဗာရာဏသီက ယာဉ်ထိန်းရဲတွေရဲ့ ပုလင်းလိုလို ကင်းတဲ ပိစိလေးတွေကလည်း တမျိုးတော့ စိတ်ဝင်စားစရာပါပဲ။
ရှုပ်ထွေးတဲ့ လမ်းလယ်ခေါင်က ယာဉ်ထိန်းရဲ ကင်းတဲကလေး
ဗာရာဏသီ မြို့ပေါ်မှာရောင်းတဲ့ ဒေသထွက် စားသောက်ဖွယ်ရာတွေထဲက ကျမ အနှစ်သက်ဆုံးကတော့ တခါသုံး မြေခွက်လေးတွေနဲ့ ထည့်စားရတဲ့ ဒိန်ချဉ်ပါပဲ။ အခြားမြို့တွေက ဒိန်ချဉ်တွေရဲ့ အရသာနဲ့ မတူပဲ မချိုမချဉ် လျှာပေါ်အေးစိမ့်သွားတဲ့ အရသာမွှေးမွှေးလေးက ဆွေမျိုးမေ့လောက်ပါတယ်။ အဲဒီဒိန်ချဉ်ဆိုင်ရှေ့မှာတော့ ဒိန်ချဉ် စားဖို့ တန်းစီနေတဲ့သူတွေ၊ ခုံလေးတွေ ကိုယ်စီနဲ့ ထိုင်စားနေတဲ့သူတွေ၊ ခုံမရလို့ မတ်တပ်ပဲစားနေရတဲ့သူတွေ စည်ကားလို့ပါပဲ။
ဗာရာဏသီဟာ ရှေးဟောင်းမြို့တော်ရယ်လို့ ကျော်ကြားရုံတင် မကပါဘူး။ အိန္ဒိယ နိုင်ငံတခုလုံးမှာ နာမည်ကြီးကျော်ကြားတဲ့ တက္ကသိုလ်ဟာ ဗာရာဏသီမှာ ရှိနေတာပါ။ သစ်ပင်ပန်းပင်တွေ စိမ်းစိမ်းစိုစိုနဲ့ သပ်ရပ်ကျယ်ဝန်းလှတဲ့ တက္ကသိုလ်ဝင်းထဲမှာတော့ ဆေးပညာကအစ ဟန္ဒီဘာသာစကားရပ်အဆုံး ဘာသာရပ် အမျိုးမျိုး သင်ကြားတဲ့ ဌာန ကျောင်းဆောင်တွေ၊ ကျောင်းသားကျောင်းသူတွေ နေတဲ့အဆောင်တွေ၊ တက္ကသိုလ်ဆေးရုံ၊ ဟိန္ဒူဘုရားကျောင်း နဲ့ ဆိတ်ငြိမ်အေးချမ်းလှပါတယ်။ ဒီတက္ကသိုလ်မှာ ကျမတို့ မြန်မာပြည်က စမ်စခရစ် (Sanskrit) ပညာလာရောက်သင်ကြားတဲ့ မြန်မာဘုန်းတော်ကြီးတွေလည်း ရှိကြပါတယ်။ ဗာရာဏသီ တက္ကသိုလ်ဟာ စမ်စခရစ် (Sanskrit) ဘာသာရပ်မှာ နာမည်ကျော်ကြားပါတယ်။
ဂင်္ဂါမြစ်ကမ်း ဆည်းဆာအလှ
နေညိုညို ညနေခင်းအချိန် ဂင်္ဂါမြစ်ကမ်းနားကိုရောက်တော့ လှိုင်းကြက်ခွပ်လေးတွေ ပြေးနေတဲ့ ဂင်္ဂါမြစ်ပြင်ကျယ်ကြီးကို တွေ့ရသလို ကမ်းပေါ် ပြန်ကြည့်ချိန်မှာတော့ ဟိန္ဒူကျောင်းဆောင်ကြီးငယ်တို့ကို အစီအရီ တွေ့ရပါတယ်။ မြစ်ရေနဲ့စပ်နေတဲ့ မြေနေရတလျှောက်မှာက မြေ၊ သဲသောင်ကမ်းစပ်အစား အုတ်လှေကားထစ်တွေကပဲ နေရာယူထားကြပါတယ်။
အုတ်လှေကားထစ်တွေရဲ့အစွန်းဖက်တွေမှာ ဟိန္ဒူဘုန်းတော်ကြီးတွေ ၀တ်ပြုဆုတောင်းဖို့အတွက် ဂတ် (Ghat) လို့ခေါ်တဲ့ စင်မြင့်လေးတွေ လုပ်ထားတာ ရှိပါတယ်။
အဲဒီ စင်မြင့်တွေထဲက အကျော်ကြားဆုံး အစည်ကားဆုံး ၀တ်ပြုဆုတောင်းရာနေရာကတော့ ဒါရှရှဝါမဒ် ဂတ် (Dashashwamedh Ghat) လို့ခေါ်တဲ့နေရာပါပဲ။ ဒီနေရာဟာ ဟိန္ဒူဘာသာဝင်တို့ရဲ့ အထွဋ်အမြတ် ၀ိဝနာ (Vishwanath Temple) နဲ့ကပ်လျက်နေရာမှာ ရှိပါတယ်။
ဂင်္ဂါမြစ်ကမ်းတလျှောက်မှာရှိတဲ့ ဟိန္ဒူကျောင်းဆောင်တွေထဲမှာတော့ ၀ိဝနာ (Vishwanath Temple) ဟာ နာမည်အကြီးဆုံး၊ အမြင့်မြတ်ဆုံးပဲဖြစ်ပါတယ်။ ဗာရာဏသီကို ရှီဗာ ကြွလာတဲ့အချိန်မှာ ခရီးဦးကြိုပြုဖို့အတွက် ဗြဟ္မမင်းက ဒီနေရာမှာ ယာယီကျောင်းဆောင် ဆောက်ခဲ့တာလို့ ဟိန္ဒူဘာသာရေး ရာဇ၀င်တွေက ဆိုထားလို့ ဒီနေရာ ဒီ ရှီဗာနတ်ဘုရားရဲ့ကျောင်းဆောင်ဟာ ဟိန္ဒူဘာသာဝင်တွေ အင်မတန်ကို အမြတ်တနိုး အထွဋ်အမြတ်ထားတဲ့နေရာပဲ ဖြစ်ပါတယ်။ အခြားသော ဒဏ္ဍာရီ တခုမှာတော့ ဒီနေရာမှာ ဗြဟ္မမင်းကြီးက မြင်း ၁၀ ကောင်ကို ပူဇော်ပသခဲ့တယ်လို့ ဆိုထားပါသေးတယ်။
ဒီကျောင်းဆောင်ဟာ နှစ်ပေါင်းထောင်ချီသက်တမ်းရှိနေပြီလို့ ဆိုပေမယ့် အခုကျမတို့ လက်ရှိမြင်တွေ့နေရတဲ့ ကျောင်းဆောင်ကိုတော့ ၁၇၈၀ တုန်းက အာဟိလ်ရဘိုင် ဟိုလ်ကာ (Ahilyabai Holkar) အမည်ရတဲ့ ဘုရင်မက ဆောက်လုပ်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ ဒိမတိုင်ခင်ကတော့ မကြာခဏ ဖျက်ဆီးခံရတာတွေ သဘာဝဘေးဒဏ်ကြောင့် ပြိုပျက်ခဲ့တာတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။ နှစ်စဉ်ကျင်းပတဲ့ ကြီးမြတ်တဲ့ ဟိန္ဒူဘာသာရေး ပွဲတွေရောက်ရင် ဟိန္ဒူဘုန်းတော်ကြီးတွေ ၀တ်ပြုဆုတောင်းတာတွေ၊ ပူဇော်ပသတာတွေ လုပ်ပြီးမှ သာမာန် လူတွေ ၀တ်ပြုဆုတောင်းဖို့ကို ဒီကျောင်းဆောင်ကို ဖွင့်ပေးပါတယ်။
ဂင်္ဂါမြစ်ကမ်းက ပူဇော်ပွဲ
သာမာန်အချိန်တွေမှာတော့ ဟိန္ဒူဘုန်းတော်ကြီးတွေဟာ ညနေတိုင်း ဒါရှရှဝါမဒ် ဂတ် (Dashashwamedh Ghat)မှာ ပူဇော်ပွဲ (Agni Pooja) လုပ်ကြပါတယ်။ ဆီမီး၊ အမွှေးနံ့သာ နဲ့ ပန်းတွေ ထုံမွမ်းထားတဲ့ စင်မြင့်ပေါ်က ဆည်းလည်းသံတွေနဲ့ စည်းချက်ကျကျ ဆီမီးတိုင်တွေကို ဝှေ့ရမ်းပြီး ဘုရားစာတွေ ရွတ်ဖတ်ကြတဲ့ ပူဇော်ပွဲဟာဖြင့် ရှီဗာနတ်ဘုရား၊ ဂင်္ဂါမြစ်၊ နေ၊ မီးနဲ့ စကြာဝဠာတခုလုံး တို့ကို ပူဇော်ပသခြင်းပဲဖြစ်ပါတယ်။
ပူဇော်ပွဲအချိန် ရောက်လာရင်ဖြင့် စင်မြင့်ဘေးဘယ်ညာက အုတ်လှေကားလေးတွေမှာ ၀တ်ပြုဆုတောင်းကြတဲ့သူတွေ ပြည့်နေသလို အမှောင်လွှမ်းနေတဲ့ ဂင်္ဂါမြစ်ထဲမှာလည်း လှေလေးတွေကိုယ်စီနဲ့ ဆီမီးနဲ့ပန်းတွေကို မြစ်ထဲမျောနေတဲ့သူတွေဆီက မီးရောင်လဲ့လဲ့လေးတွေ ဟိုတစက် ဒီတစက်နဲ့ ဂင်္ဂါညချမ်းက သာယာလှပါတယ်။
ဟိန္ဒူဘာသာဝင်တွေ အဖို့တော့ ဂင်္ဂါနဲ့ ဗာရာဏသီဟာ ကြီးမြတ်တဲ့နေရာ တခုပါပဲ။ သူတို့အဖို့ ရှီဗ နတ်ဘုရား တည်ခဲ့တဲ့ ဗာရာဏသီမြို့က ရှေးဟောင်းဂင်္ဂါမြစ်ကမ်းမှာ ၀တ်ပြုဆုတောင်းပြီး ရေချိုးလိုက်ရရင် သူတို့မှာရှိတဲ့ အပြစ်အညစ်တွေ စင်ကြယ်သွားတယ်။ ကျန်းမာတယ်။ အသက်ရှည်တယ် စသဖြင့် ယူဆချက်တွေ အမျိုးမျိုး ရှိကြပါတယ်။
ဒီ့အပြင် ဂင်္ဂါမြစ်ကမ်း အသက်ဇီဝိန်ချုပ်ငြိမ်းရရင်ဖြင့်၊ သေဆုံးသွားလို့ ကြွင်းကျန်တဲ့ ရုပ်အလောင်းကိုလည်း ဂင်္ဂါမြစ်ရေမှာ နစ်မြုပ်ဆေးကြောလို့ မြစ်ကမ်းဘေးမှာပဲ မီးသဂြိုလ်ပြီး ပြာတွေကို ဂင်္ဂါမြစ်ထဲ မျောချရရင်ဖြင့် အင်မတန် မြင့်မြတ်တယ်၊ နိဗာန်ကို ရောက်တယ်၊ နောင်ဘ၀မှာ မြင့်မြတ်တဲ့ အမျိုးအနွယ်မှာ လူအဖြစ် ပြန်ဝင်စားတယ်လို့ ယူဆကြပါတယ်။ ဒီလိုအယူအဆကြောင့် ရှေးအစဉ်အဆက် မင်းတွေ သူဌေး၊ သူကြွယ်တွေဟာ သူတို့ရဲ့ ဘ၀နိဂုံးချုပ်ချိန်ကို ဗာရာဏသီမှာလာရောက် ကုန်လွန်စေခဲ့တဲ့ ပြယုဂ်အဖြစ် ယာယီနန်းဆောင်တွေ၊ ခမ်းနားကြီးကျယ်တဲ့ တိုက်တာတွေကို ဒီနေ့ထိ မြင်နိုင်ပါသေးတယ်။ ဒီဖက်ခေတ်တွေမှာလည်း ဟိန္ဒူဘာသာဝင် အသက်အရွယ်ကြီးရင့်သူတွေဟာ ဆင်းရဲသည်ဖြစ်စေ ချမ်းသာသည်ဖြစ်စေ ဘယ်လောက်ပဲဝေးပါစေ ဗာရာဏသီကို အရောက်လာလေ့ရှိတာဟာဖြင့် အစဉ်အဆက်ပြုလုပ်ကြတဲ့ အလေ့တခုပါပဲ။
ချမ်းသာတဲ့သူတွေကလည်း ချမ်းသာတဲ့သူအလျောက် မိမိ တတ်နိုင်ရာ မြစ်ကမ်းနားနဲ့နီးတဲ့ အိမ်ခန်းတွေကို ငှားရမ်းကြပါတယ်။ မတတ်နိုင်တဲ့သူတွေကလည်း မြစ်ကမ်းနားကိုဆင်းတဲ့လမ်းနားက ဈေးဆိုင်ခန်းတဲလေးတွေမှာ ငှားရမ်းနေထိုင်တာလည်း ရှိပါတယ်။ အိမ်ခန်းမငှားနိုင်လို့ မြစ်ကမ်းနား အုတ်လှေကားလေးတွေမှာပဲ ဖျာကလေးတချပ် စောင်ကလေးတထည်ခင်းပြီး နေကြတဲ့သူတချို့ကိုလည်း တွေ့ရပါတယ်။ ခင်းထားတဲ့ အခင်းပေါ်က သေမင်းခေါ်သံ စောင့်နေတဲ့ သူတွေဘေးက မိသားစုဝင်တွေရဲ့ မျက်ဝန်းတွေမှာတော့ ၀မ်းနည်းတဲ့အရိပ်ထက် ဂုဏ်ယူတဲ့အရိပ်ကို ပိုမြင်တွေ့ရပါတယ်။
မီးသဂြိုလ်ရာနေရာ
သေဆုံးသွားသူရဲ့ ရုပ်ကလာပ်ကိုတော့ နံ့သာဆီတွေ ပန်းတွေနဲ့ ရောပြွမ်းလို့ ပိတ်အ၀ါရောင်၊ ရွှေစက္ကူစတာတွေနဲ့ ရစ်ပတ်ထုပ်ပိုးပြီး မြစ်ကမ်းစပ်ကို သယ်ယူရပါတယ်။ ပြီးတော့ ၀ါးခြမ်းစိတ်တွေနဲ့ လှေပုံစံ ရက်ထားတဲ့ ခြင်းထဲကို ထည့်ပြီး ပုခက်လွှဲသလို လွှဲရင်း ဘုရားစာတွေရွတ်ဖတ်ရင်း ရေထဲကို သုံးကြိမ်ခန့် နှစ်လိုက် ပြန်ထုတ်လိုက်လုပ်ပါတယ်။ ပြီးပြီဆိုရင်တော့ မြစ်ကမ်းနားမှာပဲရှိနေတဲ့ မီးသဂြိုလ်မယ့်စင်ပေါ် တင်ပြီး မီးတွေ ရှို့လိုက်ပါတယ်။ ပြာကျသွားပြီးတဲ့နောက်မှာတော့ ဂင်္ဂါမြစ်ထဲက ရေတွေခပ်ပြီး ပြာတွေကို မြစ်ထဲ မျှောချလိုက်တော့တာပါပဲ။
မီးသဂြိုလ်စင်ဆိုတာကလည်း ထင်းတုံးကြီးတွေ အထပ်ထပ်တင်ထားတာပါပဲ။ အဲဒီထင်းပုံကြီးပေါ် ရုပ်အလောင်းကိုတင် အဲဒီအပေါ်ကမှ ထင်းတုံးတွေ ထပ်ဖိပြီး မီးတင်ရှို့တာပါပဲ။ ငွေကြေးတတ်နိုင်သူတွေကတော့ နံသာဖြူလို နံ့သာတုံးတွေကို ထည့်တတ်ကြပါတယ်။
တချို့တွေက အသုဘကိစ္စ၀ိစ္စတွေအတွက် သုဘရာဇာကိုသာ ကြိုတင်အပ်ထားတာတွေလည်းရှိပါတယ်။ အဲဒီလိုလူတွေရဲ့ အသုဘမှာတော့ မိသားစုဝင်တွေလိုက်ပါတာကို တွေ့ရမှာ မဟုတ်ပါဘူး။
မီးသဂြိုလ်တဲ့နေရာမှာတော့ ထင်းတုံးကြီးတွေ အပုံလိုက်ပုံထားတာကို မြင်ရပါတယ်။ အဲဒီနေရာတ၀ိုက်မှာတော့ ကြပ်ခိုးတွေ စွဲနေတဲ့ ဘုရားကျောင်းဆောင် နံရံတွေ၊ မီးကျွမ်းထားတဲ့ မြေပြင်မည်းမည်း၊ လေထုထဲမှာ မီးခိုးငွေ့တဝေေ၀နဲ့ ရေပြင်မှာတော့ မီးသွေးပြာရည်နောက်ကျိကျိတွေက စီးဆင်းလို့နေပါတယ်။ (ဒီမီးသဂြိုလ်တဲ့နေရာကိုတော့ ဓာတ်ပုံ၊ ဗီဒီယို ရိုက်ကူးခွင့်မပေးပါဘူး။ သေဆုံးသွားတဲ့သူတွေကို လေးစားတဲ့အနေနဲ့ မလုပ်ပါနဲ့လို့ တောင်းပန်ထားကြပါတယ်။)
မီးသဂြိုလ်ရာမှာလည်း ဇာတ်နိမ့်ဇာတ်မြင့် ခွဲထားတာ ရှိပါသေးတယ်။ ဇာတ်မြင့်သူတွေအဖို့ကတော့ မြစ်အထက်ပိုင်းမှာ နေရာရမှာဖြစ်ပြီး ဇာတ်နိမ့်သူတွေအတွက်ကတော့ မြစ်အောက်ပိုင်းနေရာပဲပေါ့ရှင်။
ဂင်္ဂါမြစ်မှာ ရေဆင်းချိုး၊ ၀တ်ပြုနေတဲ့သူတွေ
မီးသဂြိုလ်တဲ့နေရာ မြစ်အထက်ပိုင်းက စုန်ဆင်းလာခဲ့မယ်ဆိုရင်တော့ ကမ်းတလျှောက်မှာ အ၀တ်လျှော်နေတဲ့ တယောက်တလေရယ် … မြစ်ရေတွေကို ပလုတ်ကျင်းရင်း ရေချိုးဆင်းတဲ့သူတွေ၊ ပန်းနဲ့ဆီမီးခွက်လေးတွေ ပေါလောမျှောပါနေတဲ့ မြစ်ပြင်ဖက်ကိုလှည့်ရင် ၀တ်ပြုဆုတောင်းနေတဲ့သူတွေရယ်ကို အစီအရီ တွေ့ရပါတယ်။
မြစ်အထက်ပိုင်းမှာ ဘာတွေလုပ်နေလဲဆိုတာ မြင်ခဲ့ရတဲ့ ကျမ၊ နေရာတကာ ကျန်းမာရေး ရှုဒေါင့်ကနေကြည့်ပြီး ဇီဇာကြောင်တတ်တဲ့ ကျမ၊ မြစ်အောက်ပိုင်းက သူတို့တတွေ အခြားဘာကိုမှ အလေးမထားပဲ ရေချိုးဆင်းနေတာ မြစ်ရေတွေ ဒီတိုင်းခပ်သောက်နေတာကိုတွေ့လိုက်ရတော့ …..
အော် … သူတို့သည်လည်း သူတို့ စွဲမြဲယုံကြည်ရာ ဓလေ့နဲ့သူတို့ ပျော်မွေ့နေကြတာပဲလေ။ သူတို့အရပ်နဲ့ သူတို့ဇာတ်ပေပဲလေလို့ သဘောပိုက်ပြီး သက်ပြင်းချမိပါတယ်။
ကျမ ရောက်သွားချိန်မှာ လူသူသိပ်မထူထပ်တဲ့ ဒီအုတ်လှေကားလေးတွေနဲ့ ဂင်္ဂါမြစ်ကမ်းစပ်ဟာဖြင့် အခါကြီးရက်ကြီးနဲ့ ဟိန္ဒူဘာသာရေးပွဲနေ့တွေဆိုရင်ဖြင့် တကယ့်ကို ကမ်းလုံးညွတ် ပြည့်ကြပ်စည်ကားလေ့ရှိပါတယ်။ အဲဒီလိုနေ့မျိုးဆိုရင် လူတွေ တိုးရလွန်းလို့ လူပြိုကျပြီး ရေနစ်သေတာ၊ လူပိသေတာတွေ မကြာခဏရှိတတ်တာမို့ တကယ့်ကို ကမ်းလုံးညွတ်ပါပဲ။
မနက်ခင်း အစောကြီးကတည်းက ဂင်္ဂါမြစ်ထဲ လှေလေး တစင်းနဲ့ ဆင်းခဲ့တာ ကျမတို့ မြို့ထဲ ပြန်ရောက်လို့ မိဂဒါဝုန်တောဘက်ဆီကို ဦးတည်ချိန်မှာတော့ ဗာရာဏသီဟာ လူရောင်စုံတွေနဲ့ လှုပ်ရှားသက်ဝင်နေပါပြီ။
(ဆက်ပါဦးမယ်)
မာန်
1 comment:
တစ်ခါသုံးမြေခွက်လေးနဲ့ဒိန်ချဉ်စားရင် ဗာရဏသီပြည်ကို လိုက်လည်သွားတယ် ညီမလေးရေ
သမိုင်းအချက်အလက်တွေကို သေသေချာချာ စုဆောင်းပြီး ဖတ်ချင်စရာဖြစ်အောင် ရေးပြပေးတဲ့အတွက် တကယ်ကို လေးစားသွားတယ် ။ကျေးဇူးတင်ပါတယ်နော်
Post a Comment