-->

Thursday, July 30, 2009

ဒေါ်စုကို ပြစ်ဒဏ်ချရင် အုံကြွမယ်လို့ သံဃ တပ်ပေါင်းစု ကြေငြာ


ဇူလိုင် ၃၁ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်ကို မတရားစွဲဆိုထားတဲ့အမှု စီရင်ချက်ချတော့မယ့်အချိန်မှာ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃတပ်ပေါင်းစုအဖွဲ့ကြီးက အကယ်လို့ ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ် တခုခု ချခဲ့မယ်ဆိုရင် လူထုလှုပ်ရှားမှုနဲ့ တရားမျှတမှုဖြစ်အောင် လုပ်ဆောင်မယ်လို့ ကြေငြာလိုက်ပါတယ်။

လက်ရှိရင်ဆိုင်နေရတဲ့ တရားရေးအခြေအနေအရ ဖြစ်လာမယ့်ရလဒ်အပေါ် အဆိုးဆုံးအတွက် ပြင်ဆင်ထားပါလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်တဲ့စကားကို အခြေခံပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃတပ်ပေါင်းစုအဖွဲ့ကြီးက ဒီကနေ့ထုတ်လိုက်တဲ့ ထုတ်ပြန်ကြေငြာချက်မှာ ဖော်ပြထားတာပဲဖြစ်ပါတယ်။ ဒီကြေငြာချက်ထုတ်ရတဲ့ရည်ရွယ်ချက်နဲ့ ပတ်သက်ပြီး အထက်မြန်မာပြည် သံဃတပ်ပေါင်းစုရဲ့ ပြောရေးဆိုခွင့်ရှိသူဆရာတော် ဦးတိလောကကို လျှောက်ထားမေးမြန်းကြည့်အခါမှာတော့ ...

`ဒီဆင်းရဲဒုက္ခ အပေါင်းကနေ လွတ်မြောက်ဖို့အတွက် ၂ဝဝ၇ တုန်းကလို ဦးဇင်းတို့ သံဃာ့လှုပ်ရှားမှုကြီးတခုကို ကျင်းပခဲ့တယ်၊ အဲဒီ ၂ဝဝ၇ မှာတုန်းကတော့ ဒါ ဦးဇင်းတို့က မေတ္တာပို့ပြီးတော့မှပဲ စီတန်းလမ်းလျှောက်တယ်။ လှုပ်ရှားမှုမှန်သမျှကို အတတ်နိုင်ဆုံး စလုပ်တုန်းက လူတွေတောင်မှ ဦးဇင်းတို့ အတတ်နိုင်ဆုံးတားမြစ်ခဲ့တယ်၊ မပါပါနဲ့အုံးပေါ့၊ အခုချိန် ပြည်သူလူထုတရပ်လုံးကရော သံဃာ့အဖွဲ့စည်း အသီးသီးကရော အားလုံးဝိုင်းပြီးတော့ လှုပ်ရှားမှုကြီးကြီးမားမားတခု ဦးဇင်းတို့က လှုပ်ရှားမယ်၊ အဲလို လှုပ်ရှားမယ်ဆိုတာကတော့ ဒေါ်စုရဲ့ ပြစ်ဒဏ်ချခြင်း မချခြင်းပေါ်ကို ရှေးဦးစွာ ပထမ မူတည်တယ်။ လွတ်လွတ်လပ်လပ်နဲ့ တရားမျှတမှု နောက်ပြည်သူတွေရဲ့ ဆင်းရဲဒုက္ခအပေါင်းကနေ အမြန်ဆုံး လွတ်မြောက်ဖို့ ရည်ရွယ်တဲ့အနေနဲ့ လုပ်တာဖြစ်တယ်။´ လို့ မိန့်ကြားခဲ့ပါတယ်။

အခုလက်ရှိ အန်အယ်လ်ဒီအဖွဲ့ဝင်တွေ လုပ်ဆောင်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး ဝတ်ပြုဆုတောင်းပွဲတွေကို သံဃတပ်ပေါင်းစုအနေနဲ့ တဖက်တလမ်းက ပူးပေါင်းပါဝင်ဖို့ အခြေအနေတွေကိုလည်း ဆရာတော်က ဆက်မိန့်ပါတယ်။

`ဆုတောင်းပွဲလုပ်နေတဲ့ လူ့အဖွဲ့စည်းတွေ အသီးသီးကို ဦးဇင်းတို့သံဃာတော်များအနေနဲ့ ဘေးကနေ ဝိုင်းပြီးတော့ စောင့်ရှောက်ချင်ပါတယ်၊ အဲလိုမျိုးလေးတွေ မြို့နယ်ဆိုင်ရာ အသိးသီးလေးတွေကို ဦးဇင်းတို့ လုပ်နေတာလေးတွေ ရှိတယ်လေ။ စီရင်ချက်ကို ချလိုက်မယ်ဆိုရင် ဘာဖြစ်သွားမလဲဆိုတော့ လောလောဆယ် ပြောနိုင်တာ တချက်ကတော့ လူထုလှုပ်ရှားမှုနဲ့ အတူ ဦးဇင်းတို့ သံဃာတွေကပါ လူထုနဲ့ပေါင်းပြီးတော့ လှုပ်ရှားမှုကြီးကြီးမားမား တခုကို လုပ်သွားဖို့ အစီစဉ်ရှိပါတယ်။´

ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံးလွတ်ပေးပြီး တွေ့ဆုံဆွေးနွေးရေးတွေ လုပ်ဖို့ မေတ္တာရပ်ခံတာကို အာဏာပိုင်တွေအနေနဲ့ မလိုက်လျောဘူးဆိုရင် တရားမျှတစွာနဲ့ အမှန်တရား ပေါ်ပေါက်ရေးအတွက် ပြည်သူလူထု တရပ်လုံးနဲ့ ပူးပေါင်းပြီးတော့ ရှေ့လျှောက် ပြင်းပြင်းထန်ထန် လှုပ်ရှားမှုတွေနဲ့ ဆက်တိုက် လုပ်သွားမယ်။ အာဏာပိုင်တွေ၊ အစိုးရအဖွဲ့ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ဖို့အတွက် အတတ်နိုင်ဆုံး ၀ိုင်းဝန်းကူညီပေးဖို့ တိုက်တွန်းလိုတယ်။ ဒီလိုမှ မဟုတ်ရင်တော့ သံဃတပ်ပေါင်းစုအနေနဲ့ လုပ်စရာရှိတာတွေကို ဆက်လုပ်သွားမှာပဲလို့ ဆရာတော်က မိန့်ကြားသွားပါတယ်။

ဒီထုတ်ပြန်ကြေငြာချက်ထဲမှာ တိုင်းပြည်ကို ညီညွတ်စေနိုင်ပြီး တိုးတက်စည်ပင်အောင် ဆောင်ရွက်နိုင်မည့် ပုဂ္ဂိုလ်တွေကို စစ်အစိုးရက အကြောင်းအမျိုးမျိုးပြပြီး ဖမ်းဆီးချုပ်နှောင် နိပ်ကွပ်နေတာတွေဟာ တိုင်းပြည်အပေါ် စေတနာမှန်ထားတာမဟုတ်ဘူးလို့ကန့်ကွက်ထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို လွတ်မပေးဘူးဆိုရင် ရဟန်းရှင်လူ ကျောင်းသားပြည်သူ တပ်မတော်သားတွေ အနေနဲ့ ဒီမိုကရေစီတိုက်ပွဲ ဝင်နိုင်ဖို့ အသင့်ပြင်ထားရန် သံဃတပ်ပေါင်းစုက တိုက်တွန်းကြောင်း ဖေါ်ပြထားပါတယ်။

အညာနွေတမာမြေ

No comments: