-->

Wednesday, July 8, 2009

ဗုဒ္ဓဂါယာ လေ့လာရေးခရီး (အပိုင်း ၂)

ကျမတို့ တည်းတဲ့ မြန်မာဘုန်းတော်ကြီးကျောင်းနဲ့ မျက်နှာချင်းဆိုင်က ဆိုင်ခန်းပိစိလေးတွေနဲ့ ကြပ်ညပ် ရှုပ်ပွနေတဲ့ လမ်းလေးအတိုင်းသွားရင် နရဉ္စရာ မြစ်ကမ်းဘေးကို ရောက်ပါတယ်။ အဲဒီနေရာမှာ မြစ်တဖက်ကမ်းက သုဇာတာရဲ့ရွာကို ကူးဖို့ မြစ်ကူးတံတားလေး ရှိပါတယ်။

တောင်ဖက်ကနေ မြောက်ဖက်ကို စီးဆင်းနေတဲ့ နရဉ္စရာမြစ်ဟာ တောက်ပတဲ့ အပြာရောင်မြစ်ရေကို အစွဲပြုလို့ နီလဇလံ လို့ ခေါ်ရကနေ နရဉ္စရာ လို့ ဖြစ်လာတယ်ဆိုကြပါတယ်။

ပူအိုက်နေတဲ့ အချိန်မှာ ရေပြင်ပြာပြာကြီးကို တွေ့ရမလားလို့ အားတက်သရောနဲ့ သွားခဲ့တဲ့ ကျမ ပူလောင်နေတဲ့ သဲပြင်ဝါ၀ါကြီးကိုပဲ မြင်လိုက်ရတော့ အမျိုးအမည်မသိတဲ့ ခံစားမှုတခု ရင်ထဲရောက်လာပြီး `ဟယ် ဘယ်လိုကြီးပါလိမ့်´ ဆိုပြီး ပါးစပ်ကတောင် ထွက်သွားမိပါတယ်။


ကျမတို့ ရောက်တဲ့ အချိန်ဟာ ဂယာ မှာမိုးခေါင်ရေရှား ကာလဖြစ်နေတာကြောင့် မြစ်ထဲမှာ ရေတစက်မှ မတွေ့ရပဲ သဲပြင်ကြီးကိုပဲ မချိတင်ကဲ ကြည့်ခဲ့ရပါတယ်။ မြစ်က ကျယ်လွန်းလှတယ်လည်း မဟုတ်သလို မြစ်ကမ်းနဖူးတွေကို ကြည့်ရတာကလည်း လူကြီး လက်ခုပ်တစ်ဖောင်လောက်ပဲ နက်မယ့်ပုံရှိပါတော့တယ်။

သဲပြင်ကြီးထဲမှာတော့ အပူဒဏ်မကြောက် ပြေးဆော့နေတဲ့ ကလေးတွေ ခွေးလေးတွေ၊ အဆောက်အအုံဆောက်ဖို့ သဲတွေ တူးနေတဲ့ ကုလားကြီးတွေနဲ့ သဲကားတွေ၊ မြစ်ကမ်းတလျှောက် စည်းကမ်းမရှိပစ်ထားတဲ့ အမှိုက်တွေကိုပဲ စိတ်မကောင်းစွာ မြင်ခဲ့ရပါတယ်။ မြစ်ကို ဖြတ်ပြီး တိုက်လာတဲ့ လေပူပူထဲမှာတောင် သဲနံ့နဲ့အတူ ညှီစို့စို့ အညစ်အကြေးနံ့တွေ ရောပြွမ်းလို့ နေပါတယ်။

ကျမတို့စိတ်ထဲမှာ တံတားဟိုဖက်ကို ကူးလိုက်ရင်တော့ ရွှေခွက်မျှောတဲ့နေရာကို ရောက်ပြီထင်ပြီး လမ်းလျှောက်သွားကြပါတယ်။ တံတားဆီတ၀က်လောက်ရောက်တော့ အတော်လေး မှောင်လာတာရယ် ကျမစိတ်ထဲ တမျိုးဖြစ်လာတာနဲ့ ဆက်မသွားတော့ပဲ ဘုန်းကြီးကျောင်းကိုပဲ ပြန်လာပါတယ်။ ကျောင်းက ဦးဇင်းလေး တပါးနဲ့ စကားစမြည်ပြောဖြစ်တော့ သူက `သုဇာတာရွာက တော်တော်လှမ်းသေးတယ်။ ညနေစောင်းရင်ကိုပဲ တံတားတဖက်ကမ်းကို ဘယ်သူမှ မကူးကြဘူး။ အဲဒီဖက်က ဆင်းရဲသူတွေပေါတော့ လုယက်တာတွေ ရှိတယ်´ တဲ့လေ။ သွားချင် နောက်နေ့ မနက်မှ သွားပါတဲ့လေ။ (ဟူး … တော်သေးတာပေါ့ မသွားမိလို့) ဒါနဲ့ပဲ နောက်နေ့မှ သွားဖို့ ကားစီစဉ်ရတယ်။ (ဗုဒ္ဓဂါယာရှိတဲ့ ဘီဟား ပြည်နယ်ဟာ ဆင်းရဲတာကြောင့် လုယက်မှုတွေ ဓမြမှုတွေ ဖြစ်လေ့ရှိတဲ့နေရာပါ။ ရထားကိုတောင် ဓမြတိုက်တယ်ဆိုတာ ဘီဟားပြည်နယ်ပါ။)

ကားက ဂါယာတ၀ိုက်အပါအ၀င် ကျမတို့ သွားချင်တဲ့ ခရီးစဉ်တွေဖြစ်တဲ့ ရာဇဂြိုလ်၊ နာလန္ဒာ၊ ပတ္တနား၊ ကုဿိနာရုံ၊ သာဝတ္ထိ၊ ဗာရာဏသီ ကနေမှ တခါ ဂါယာကို ပြန်လာတဲ့ ၅ ညအိပ် ၆ ရက်ခရီးကို အပြီးအစီး (လမ်းကြေး၊ တံတားကြေး၊ ကားသမား စားသောက်စရိတ် အပါအ၀င်) အိန္ဒိယ ရူပီး ၁၈၀၀၀ ပါတဲ့။ ဂါယာကနေ အပြန်ကို ရထားဘူတာ လိုက်ပို့တာပါ ပါပါတယ်တဲ့။ ဈေးဆစ်ကြည့်တော့ ကျမတို့ သွားတဲ့ အချိန်က ဘုရားဖူးတွေပါးတဲ့အချိန်မို့ ၁၇၀၀၀ နဲ့ လိုက်ပါမယ်တဲ့။ ကားပိုင်ရှင် ကုလားကြီးက အဲဒီထက် ပိုမလျှော့တော့ပါဘူး။ ကျမတို့လည်း အဲဒီ ၁၇၀၀၀ နဲ့ပဲ သွားမယ်ဆုံးဖြတ်လိုက်ပါတယ်။

(ကုလားများဟာ သူတို့သာ သူများဆီက မတရား ဈေးဆစ်ပါမယ်။ ဈေးနှိမ်ပါမယ်။ သူတို့အလှည့်ဆိုရင်တော့ တပြားတောင် လျှော့တာ မဟုတ်ပါဘူး။ အင်မတန်ကို လက်ပေါက်ကပ်တဲ့ လူစားပါ။ သူတို့က မလျှော့ဘူးဆို မလျှော့တော့ပါဘူး။ ဈေးကျ မှန်သလားဆိုတော့လည်း မမှန်ပါဘူး။ မတန်တဆ ဈေးတင်ထားတတ်တာမျိုးပါ။ သူတို့နဲ့ယှဉ်ပြီး မပြောနိုင် ဈေးမဆစ်နိုင်လို့ကတော့ မတန်တဆ ဈေးပေးရတော့တာပါပဲ။ နောက်ပြီး ကျမတို့ ဈေးဝယ်ရင် အအမ်း ၁ ရူပီးမျိုး လိုနေတာမျိုးဆိုရင် ကျမတို့ကနေပါစေတော့ဆိုပြီး ထားလိုက်တာ။ သူတို့ အလှည့်ဆို ပြား၅၀ တောင် တခုတ်တရ မရအရ တောင်းတတ်တာမျိုးပါ။ မပေးရင် နင်ပဲငဆ ပြောဆိုတာ ခံရတတ်ပါတယ်။ ကြုံလို့ ပြောပြတာပါ။)

မနက် လင်းတော့ မြစ်တဖက်ကမ်းက ဗုဒ္ဓကို ဃနာနို့ဆွမ်း ကပ်လှူတဲ့ သူဌေးသမီး သုဇာတာရွာရှိရာကို သွားကြပါတယ်။ ရှေးယခင်က သူဌေး သူကြွယ်တွေနဲ့စည်ကားခဲ့ပုံရတဲ့ ရွာကြီးကတော့ အခုအချိန်မှာတော့ ရွာငယ်ဇနပုဒ်ကလေးဖြစ်နေပါပြီ။ ဒီရွာလေးကို နရဉ္စရာမြစ်က ရစ်ပတ်စီးဆင်းတာပါ။ ရွာအ၀င်မှာကတည်းက သုဇာတာ (Sujata) ပညာရေးအခမဲ့ကျောင်း၊ သုဇာတာ ဆေးရုံ စသဖြင့် နာမည်တွေကို တွေ့ရပါတယ်။

သုဇာတာရဲ့နေအိမ်နေရာမှာ တည်ထားခဲ့တဲ့ အမှတ်တရ စေတီကြီးကလည်း ပျက်စီးပြိုကျနေလို့ လုံးတော်ပြည့် မရှိတော့ပါဘူး။ ဒီတိုင်းပဲ ၀င်းခြံခတ် ထိန်းသိမ်းထားတာကို တွေ့ရပါတယ်။ အဲဒီ စေတီဝင်းထဲဝင်တော့ တောင်းရမ်းဖို့ ရောက်လာတဲ့သူတွေ မ၀င်နိုင်အောင် ကျမတို့ ကားသမားက ၀င်ပေါက်ကို ပိတ်ရပ်ထားပေးပါတယ်။

အဲဒီကနေတဆင့် ဃနာနို့ဆွမ်းကပ်တဲ့နေရာကို ကားသမားကို လိုက်ပို့တော့ ပထမဆုံးမြင်လိုက်ရတာက ဟိန္ဒူကျောင်းဆောင် တခုပါ။ ကားသမားကို သေချာအောင် ပြန်မေးရတယ် ဟုတ်ရဲ့လားလို့။ ကားသမားက အထဲမှာရှိတယ်တဲ့ ဗုဒ္ဓ နို့ဆွမ်းစားတယ်တဲ့ သူတတ်သလောက် အင်္ဂလိပ်လိုလေးနဲ့ ပြောပြတယ်။
ဟိန္ဒူကျောင်း နောက်ကျောဖက် ကပ်လျက်ဝင်းလေးထဲကို ကျောင်းဘေးနားကနေ ၀င်ရပါတယ်။ ဂေါပကဖြစ်ဟန်တူတဲ့ ကုလားကြီး ၂ ယောက်က ကုလားလိုပြောပြီး ရှင်းပြနေတာ ဘာတွေလဲတော့ မသိဘူး။ အင်္ဂလိပ်လိုလဲ တခါတလေ ပြောလားပြောရဲ့ သူပြောတာတွေကတော့ သုဇာတာ သူဌေးသမီးက ဗုဒ္ဓကို နို့ဆွမ်းကပ်လှူခဲ့တယ် ဆိုတာပါပဲ။

ဝင်းထဲမှာတော့ ညောင်ပင် တခုရှိတယ်။ ညောင်ပင်အောက်မှာ အုတ်ခွက်ဘုရားလေးတွေရှိတယ်။ အဲဒီညောင်ပင်နဲ့ ကပ်လျက် ၀င်ပေါက်ကို ကျောပေးထားတဲ့ ကျောင်းဆောင်လေးထဲမှာတော့ ဗုဒ္ဓကို သုဇာတာ နို့ဆွမ်းကပ်လှူနေဟန် ကျောက်ရုပ်တုတွေ ရှိပါတယ်။ ကျောင်းဆောင်လေးအလှူရှင်ကတော့ မြန်မာပါပဲ။ ကျောင်းဆောင်ရဲ့ နဖူးစည်းမှာလည်း မြန်မာလို ရေးထားပါတယ်။

ကျမတို့ ပြန်မယ်လုပ်တော့ ဂေါပက ကုလားကြီးက စေတနာရှိသလောက် ကျောက်ရုပ်တုတွေနားက အလှူခံပုံးထဲမှာ ထည့်ခဲ့ပါတဲ့လေ။ အလှူငွေ တချို့ထည့်လိုက်တော့ အဲဒီ ကုလားကြီးတွေ မျက်နှာဝင်းနေတာပါပဲ။ အထွက်မှာ ဆုတောင်းစာတွေတောင် ရွတ်ဖတ်နေသေး။ အပေါက်ဝရောက်တာနဲ့ ကျမနောက်ပြန်ကြည့်လိုက်မိတော့ အဲဒီ လူကြီးသုံးယောက် ကျောင်းဆောင်လေးနားရောက်နေလေရဲ့။ ကဲ ... ရွှေခွက်မျှောတဲ့နေရာကို ဆက်သွားလိုက်အုံးမယ်။
ရွှေခွက်မျှောတဲ့နေရာဟာ ဃနာနို့ဆွမ်းကပ်တဲ့နေရာရဲ့ အရှေ့ဖက် ခပ်လှမ်းလှမ်းမှာရှိပါတယ်။ လယ်ကွက်တွေကို ဖြတ်ပြီးသွားရတာပါ။ လမ်းမရှိပါဘူး။ ရွှေခွက်မျှောတဲ့နေရာဆိုပြီး ကျောင်းဆောင်သေးသေးလေး လုပ်ထားတာပါ။ ပြုပြင်ထိန်းသိမ်းမယ့်သူ ရှိဟန် မတူပါ။



မြန်မာလို ကဗြည်းရေးထားတဲ့ အဲဒီကျောင်းဆောင်လေးမှာလည်း ဗုဒ္ဓရွှေခွက်မျှောနေဟန် မတ်ရပ်ဆင်းတု တခုရှိပါတယ်။ အဲဒီ ရွှေခွက်မျှောနေတဲ့ ဆင်းတုရဲ့ ညာဖက်လက်ဖ၀ါးတဖက် ပျက်စီးနေတာကို ၀မ်းနည်းစွာ တွေ့ရပါတယ်။ (ရွှေခွက်နေရာကို ကြေးဖလားနဲ့ လုပ်ပြီး လက်ဖ၀ါးပေါ် တင်ထားတာကို ဖြတ်ယူများထားသလားလို့ ကျမ တွေးမိလိုက်ပါသေးတယ်။ ပြတ်နေတာက တကယ့်ကို တိတိရိရိလေး လူက ဖြတ်ယူထားသလိုလေးဖြစ်နေလို့ပါ။)ဆင်းတုတော်ဘေးမှာတော့ အမလေး!! သံနဲ့ လုပ်ပြီး သော့ခတ်ထားတဲ့ အလှူခံပုံးအဖုံးကို ကလန့်ပြီး လှပ်ထားတာ ရုပ်ပျက်ဆင်းပျက်ပါပဲရှင်။ ကျမ စိတ်တိုဒေါသထွက်လွန်းလို့ ဘာငွေမှာ မထည့်ခဲ့ပါဘူး။

ကျမတို့ ရွှေခွက်မျှောတဲ့နားရောက်တော့ အဲဒီနား လယ်တဲက ကောင်လေးတယောက် ရောက်လာပါတယ်။ ကျမတို့ ပြန်တော့ လှပ်နေတဲ့ အလှူခံပုံးထဲ ငွေတစတလေများ ထည့်သွားလေမလား ချောင်းကြည့်နေပါတယ်။ နောက် ဘာမှ မတွေ့ရတော့ မချိတင်ကဲလေသံနဲ့ စိတ်ပျက်တဲ့ မျက်နှာပေးနဲ့ ကုလားလို ဘာတွေပြောနေတယ် မသိပါဘူး။ ပိုက်ဆံမရလို့ ပြောတယ်ထင်တာပါပဲ။ သူတို့ကုလားတွေ စကားပြောတဲ့ ထုံးစံအတိုင်း ခေါင်းလေး ခါခါ ခါခါ နဲ့ လည်ပင်းမှာ စပရင် တပ်ထားသလိုလေးနဲ့။ စဉ်းစားသာ ကြည့်ကြပါတော့ရှင်။

ဒီနေရာ တ၀ိုက်က လူတွေကလည်း လာသမျှ ဘုရားဖူးတွေဆီက တစုံတရာ ရနိုးနိုး လာရောက် တောင်းရမ်းကြတာ စိတ်ပျက်စရာပါ။ ဂေါပကဆိုတဲ့ လူတွေကလည်း ဘယ်လိုတွေမှန်းမသိပါဘူး။ ကျမတို့ ပြန်အထွက်မှာ အဘိုးကြီး အဘွားကြီးတွေ ကလေးလေးတွေက လိုက်တောင်းရမ်းကြပြပါတယ်။ အော် … သူတို့မှာလည်း ငါတို့လိုဘုရားဖူးတွေ လာမှ စားရတာလားမသိ ဆိုပြီး ငွေစအနည်းငယ် ပေးမိပါတယ်။ အမလေးလေး ၁၂နှစ်အရွယ် ကလေးမ တယောက် ပေးတဲ့ငွေနည်းလို့တဲ့ ကျမတို့ ကားပေါ်ပြန်မတက်မချင်း တလမ်းလုံးတောက်လျှောက်ကို လိုက်တောင်းတော့တာပါပဲ။ ကျမဖြင့် စိတ်ဆိုးရအခက် သနားရလည်း အကြပ်။ ပေးလိုက်ရင် အကျင့်ဖြစ်မှာဆိုးလို့ ကျမ ထပ်ကို မပေးတော့ဘူး။

မဟာဗောဓိကို ပြုစုစောင့်ရှောက်မယ့်သူရှိသလို ဒီနေရာတွေကိုလည်း ပြုစုစောင့်ရှောက်ကြမယ်ထင်တာ ကျမ အထင်နဲ့ အမြင် တက်တက်စင် လွဲပါလေရော။ ကြည့်ရတာတော့ ဟိန္ဒူဘုန်းကြီးတွေလည်း သူတို့လူ သူတို့ မနိုင်ကြဘူးထင်ပါရဲ့။
(ခရီးစဉ်အဆုံးမှာတော့ ကျမတို့သွားခဲ့သမျှ တွေ့ခဲ့သမျှ နေရာတွေထဲမှာ ဒီနေရာဟာ ထိန်းသိမ်းသူမဲ့နေလို့ မြင်ရတာ စိတ်မကောင်း အဖြစ်ရဆုံးနေရာပါ။ ဂါယာက ဦးဇင်းလေးတပါး အပြောအရ ဒီနေရာတွေက နေရာအစစ်အမှန် ဟုတ်မဟုတ်ဆိုတာ ဘယ်သူမှ သေသေချာချာမသိကြဘူးတဲ့။ ဟုတ်တာမဟုတ်တာ အပထားလို့ အများတကာ လာရောက်ဖူးမျော်ကြတဲ့၊ လေ့လာကြတဲ့ နေရာမှာတော့ ဒီလိုမဖြစ်သင့်ဘူးလို့ထင်တယ်လေ။ အိန္ဒိယ ရှေးဟောင်းယဉ်ကျေးမှုဌာန အနေနဲ့ တခုခု လုပ်သင့်တယ်လို့ မြင်တာပါပဲ)

ရွှေခွက်မျောတဲ့နေရာကနေ ပြန်တော့ ဥရုဝေလကဿပ နေထိုင်ခဲ့တဲ့ ဥရုဝေလတောကို သွားဖြစ်ပါတယ်။ ရှေးရှေးတုန်းကတော့ တောကြီးမဲဇာဖြစ်ခဲ့တဲ့နေရာဟာ အခုတော့ ကန္တာရပင်တွေ ကျိုးတိုးကျဲတဲပဲ ရှိပါတော့တယ်။ အဲဒီနေရာမှာလည်း ဟိန္ဒူဘုန်းကြီးတွေပဲ ရှိပါတယ်။ သူတို့က ကျမတို့ကို ဒီနေရာမှာ ဗုဒ္ဓက ဒုက္ကရစရိယာ ကျင့်ခဲ့တဲ့နေရာလို့ ပြောပါတယ်။ အမှန်တကယ်တော့ မဟုတ်ပါဘူး။ ဒုက္ကရ စရိယာ ကျင့်ခဲ့တယ်ဆိုတဲ့ ကျောက်တောင်နဲ့ ကျောက်ဂူက သပ်သပ်ရှိပါတယ်)

ဥရုဝေလတောကနေ ဒုက္ကရစရိယာ ကျင့်ခဲ့တယ်ဆိုတဲ့ ကျောက်တောင်ကို နာရီဝက်လောက် သွားရပါတယ်။ ဗုဒ္ဒဂါယာနဲ့ ကီလို ၂၀ နီးပါး ဝေးပါတယ်။ အခု ဒုင်္ဂစရိလို့ခေါ်ပြီး အရင်ကတော့ ပရာဂ်ဗောဓိလို့ ခေါ်တယ်လို့ သိရပါတယ်။
ကျောက်တောင်နဲ့ နီးလာလေလေ လမ်းလေးတွေက ကျဉ်းလာလေလေပါပဲ။ ဒီနေရာကို ဘုရားဖူးတွေ သိပ်မလာကြဘူးလို့လဲ ဆိုပါတယ်။ ဘာကြောင့်လဲတော့ မသိပါဘူး။ လာတဲ့သူတွေဟာလည်း အများအားဖြင့် မနက်စောစောလာကြတယ် ဆိုပါတယ်။ ကျောက်တောင်တ၀ိုက်မှာတော့ နေသိပ်ပူပါတယ်။ အရိပ်ရပင်တွေက အခုမှ စိုက်နေတုန်းမို့ ဘုရားဖူးတွေ မနက်စောပိုင်းကို လာကြတာပါ။ ကျမတို့ရောက်တဲ့အချိန်ကတော့ နေကခေါင်းပေါ်တည့်တည့်မှာ ပူချင်တိုင်း ပူနေလေရဲ့။
တောင်တက်တဲ့လမ်းကို ကွန်ဂရစ်တွေ ခင်းထားပါတယ်။ ကားကတော့ တောင်တ၀က်အထိပဲ တက်လို့ရပါတယ်။ လမ်းက အပေါ်ပိုင်းမှာ သိပ်မက်လို့ပါ။ တောင်ကတော့ သိပ်မြင့်လှတယ် မဟုတ်ပါဘူး။ လမ်းက မက်စောက်တာရယ် နေပူတာရယ်ကြောင့် ကျမ မောလွန်းလို့ နားပြီးတက်ရပါတယ်။ ကျောက်ဂူရှိရာကိုရောက်တော့ တိတ်ဆိတ်ငြိမ်းချမ်းလွန်းလို့ အမောပြေသွားပါတယ်။

မှောင်နေတဲ့ ကျောက်ဂူအတွင်းထဲမှာတော့ ဆီမီးပူဇော်ထားတဲ့ ဖယောင်းနံ့၊ အမွှေးတိုင်နံ့တွေနဲ့ ဘုရားလောင်း ထမင်းတဆုပ်၊ ရေတမုတ်နဲ့ သစ်သီးတလုံးပဲ စားပြီးတော့ ခဲယဉ်းတဲ့ အကျင့် (ဒုက္ကရစရိယာ)ကို ကျင့်ခဲ့လို့ အရိုးပေါ်အရေတင် ဖြစ်နေတဲ့ခန္ဓာကိုယ်နဲ့ ဆင်းတုတော်ကို ရှိပါတယ်။



ကျောက်တောင်ပေါ်မှာ မုန့်တွေ လုစားမယ့် မျောက်တွေရှိသလို ကျောက်တောင်အောက် ပြန်ဆင်းလာတော့လည်း ဘုရားဖူးတွေဆီက တစုံတရာကို မျှော်လင့်နေတဲ့ မျက်ဝန်းတွေနဲ့ လက်တွေ ဆန့်တန်းလာတဲ့ အနီးနားရွာက အဘိုးအဘွားတွေနဲ့ မူလတန်းအရွယ် ကလေးလေးတွေကို တွေ့ရပြန်ပါရော။

အဆိပ်ပင်ရေလောင်းသလို သူတို့လေးတွေ အကျင့်ဖြစ်မှာစိုးတာကြောင့် ဘာမှမပေးဘူးလို့ ဆုံးဖြတ်ထားပေမယ့် ကလေးတွေကို သနားတာနဲ့ သကြားလုံးတွေ ပေးတော့ ကုလားလေး တယောက်က ဘာပြောတယ်မှတ်လဲ။ မင်းတို့ အဲယားကွန်းတပ်ထားတဲ့ကားနဲ့ လာပြီးတော့ ငါတို့ကို ပိုက်ဆံပေးဖို့ မရှိဘူးဆိုတာ မယုံဘူး။ မဖြစ်နိုင်ဘူးတဲ့လေ။

ကျမလည်း ဘာပြောရမှန်း မသိတော့ဘူး။ ရီရလည်း အခက်လေ။ နေပူပူ လေပူပူမှာ သကြားလုံးတွေ ၀ိုင်းလုနေတဲ့ကလေးတွေကို ထားခဲ့ပြီး ဂါယာကို ပြန်လာတယ်။ နောက်နေ့ မနက်စောစော ရာဇဂြိုလ်ကို ခရီးဆက်ဖို့ အားမွေးရအုံးမယ်လေ။

(ဆက်ပါအုံးမယ်)

မာန်

အညာနွေတမာမြေ

1 comment:

မဆုမွန် said...

ဒီပို့စ်လေးကိုတော့ ထိတ်လန့် အံသြလိုက် ရယ်လိုက် ပြုံးလိုက် စိတ်မကောင်းဖြစ်လိုက်နဲ့ဖတ်သွားပါတယ်..
ကုလားတွေ ဈေးဆစ်တာကနေ စပြီး ပြုံးမိတယ်..လက်တစ်ဖြတ်တိတိရိရိပြတ်နေတာကနေ အလှူခံပုံးတွေ နောက်...တကောက်ကောက်လိုက်တောင်းတဲ့ကလေးတွေ နောက် အဲကွန်းကားစီးလာပြီး မရှိဘူးလား ငေါ့တဲ့ကလေးတွေနောက်ဆုံးမှာတော့ သက်ပြင်းချသွားမိတယ်..
ဘာပဲဖြစ်ဖြစ် စာရေး အတော်ကိုကောင်းပါတယ် များများဆက်ရေးပါ အားပေးနေမယ်

There was an error in this gadget