ပါဋလိပုတ္တ ကနေ ပတ္တနားရယ်လို့ဖြစ်လာတဲ့ ဗီဟားပြည်နယ်ရဲ့ မြို့တော် ပတ္တနားဟာ ဂင်္ဂါမြစ်ကမ်းနဖူးမှာရှိပါတယ်။ ဒီမြို့မှာ လူဦးရေ ၁ ဒဿမ ၈ သန်းရှိတာကြောင့် အိန္ဒိယ နိုင်ငံက လူဦးရေ အထူထပ်ဆုံးမြို့တွေထဲက ၁၄ မြို့မြောက်မြို့ဖြစ်ပါတယ်။
490 BCE ကတည်းက တည်ခဲ့တဲ့ ပတ္တနားမြို့ဟာ ကမ္ဘာပေါ်မှာ လူတွေ ဆင့်ကဲဆက်လက် နေထိုင်နေသေးတဲ့ (Oldest continuously inhabited places in the world) စာရင်းဝင်မြို့တမြို့ဖြစ်ပါတယ်။ အဲဒီ စာရင်းထဲမှာတော့ ဒေလီ၊ ဝေသာလီ၊ ရာဇဂြိုလ်မြို့တွေနဲ့အတူ အစ္စရေးက ဂျေရုစလင်မြို့၊ ဂရိနိုင်ငံက အေသင်မြို့၊ ပြင်သစ်နိုင်ငံက ပါရီမြို့ စတာတွေ ပါဝင်ပါတယ်။
မဂဓတိုင်း ဘုရင်တွေ အဆက်ဆက် တည်ခဲ့တဲ့ ပတ္တနားမြို့ကို ဗုဒ္ဓဟာ ပရိနိဗ္ဗာန် မပြုမီ တညတာ သတင်းသုံးခဲ့တယ်လို့ အဆိုတွေ ရှိပါတယ်။ အဲဒီအချိန်တွေတုန်းက ဗုဒ္ဓက ပတ္တနားမြို့ဟာဖြင့် အင်မတန်ကို စည်ပင်သာယာတဲ့ မြို့ကြီးအဖြစ် ထင်ရှားလိမ့်မယ်လို့ ဟောကြားခဲ့သလို ရေဘေး၊ မီးဘေးနဲ့ မြို့သူမြို့သားတွေ အချင်းချင်း ပြဿနာတွေကြောင့် ပျက်စီးလိမ့်မယ်လို့လည်း ဟောကြားခဲ့ပါသတဲ့။
မောရိယမင်းတွေ လက်ထက်၊ ဗုဒ္ဓပရိနိဗ္ဗာန် ပြုခါနီးအချိန်တွေမှာတော့ ပတ္တနားဟာ အင်မတန် ကြီးကျယ်ခမ်းနားပြီးတော့ စီးပွားရေး အချက်အခြာကျတဲ့ မြို့ကြီးတမြို့ ဖြစ်လာခဲ့ပါတယ်။ ဝေသာလီဘုရင် လိစ္စ၀ီမင်းတွေကလည်း ပတ္တနားမြို့ထဲကို ၀င်ရောက်လုယက်တာတွေရှိတယ်လို့ ဆိုပါတယ်။ ပတ္တနားမြို့ကို ဘီစီ ၅၀၀ လောက်ကတည်းက အစပြုလို့ အေဒီ ၆ ရာစုနဲ့ ၁၈ ရာစုတွေမှာ မင်းအဆက်ဆက်တို့က အသစ်ပြန်လည် တည်ဆောက်တာတွေ ရှိခဲ့တယ်လို့ သမိုင်းမှတ်တမ်းတခုက ဆိုပါတယ်။
ဒီပတ္တနားမြို့မှာ လေ့လာစရာတွေကတော့ အသောကမင်းကြီး တည်ထားခဲ့တဲ့ ဗုဒ္ဓရဲ့ သောက်တော်ရေခွက်နဲ့ ခါးပန်းကြိုးတို့ကို ဌာပနာထားတဲ့စေတီတော်၊ အသောကမင်းကြီး ကုသိုလ်တော်ဖြစ်တဲ့ သံဃာတွေ သတင်းသုံးရာ ကျောင်းဆောင်ဟောင်းနေရာနဲ့ ပြတိုက်ထဲက မောရိယခေတ် ပန်းပုလက်ရာတွေ၊ ရှေးလက်ရာတွေနဲ့ ဟိန္ဒူကျောင်းဆောင်တွေ၊ ကိုလိုနီခေတ်က ကျန်ရစ်တဲ့ အဆောက်အအုံဟောင်းစတာတွေ စုံလို့ပါ။ အခိုင်အမာဖြစ်နေပြီဖြစ်တဲ့ ခေတ်သစ်ပတ္တနားမြို့ကိုသာ ဆက်တူးဖော်နိုင်အုံးမယ်ဆိုရင် ရှေးဟောင်းအဆောက်အအုံတွေ အများကြီး ထပ်တွေ့နိုင်သေးတယ်လို့ သုတေသန ပညာရှင်တွေက ဆိုကြပါတယ်။ နှစ်စဉ်နှစ်တိုင်း ပတ္တနားကို လာလေ့လာတဲ့ ကမ္ဘာလှည့်ခရီးသည်ပေါင်း ၂ သန်းကျော် ရှိပါသတဲ့ရှင်။
အိန္ဒိယ အရှေ့ဖက်ပိုင်းအတွက် စီးပွားရေးအချက်အခြာကျတဲ့မြို့လည်းဖြစ်နေပြန်တော့ မြို့ထဲကို လျှောက်သွားတဲ့အခါ လူတွေများ ကားတွေများနဲ့ ကားလမ်းပိတ်တာကတော့ တော်တော့်ကို ဆိုးတာပါပဲရှင်။
(ကျမတို့ကတော့ ပတ္တနားရောက်ရောက်ခြင်း ညနေခင်းမှာ အသောကမင်းကြီး ကျောင်းတော်ရာဟောင်းနဲ့ ပြတိုက်ကိုရောက်ပြီးဖြစ်ပါတယ်။ ပြတိုက်ပိတ်လုပိတ်ခင်လေးမှာ ရောက်သွားရလို့ သေချာမလေ့လာခဲ့ရတာကြောင့် မရှင်းပြတော့ပါဘူး။ မနက်ပိုင်း ထပ်သွားအုံးမယ်လို့ အားခဲထားပေမယ့် ဝေသာလီနဲ့ ကုသိနာရုံ ၂ နေရာကို သွားရမှာမို့ မသွားဖြစ်လိုက်ပါဘူး။ နောင် အားတဲ့အခါမှပဲ ပတ္တနားကို သီးသန့်လာအုံးမယ်လို့ အားခဲထားလိုက်ပါတယ်။)း(
မနက် ၆နာရီမှာတော့ ဝေသာလီကို ခရီးဆက်ဖို့ ဂင်္ဂါမြစ်ကူးတံတား Mahatama Gandhi Setu ကို ဖြတ်ရပါတယ်။ ဒီတံတားကို ၁၉၈၂ မှာ တည်ဆောက်ခဲ့တာပါ။ တံတားအရှည်က ၇.၇ ကီလိုမီတာ ဖြစ်လို့ ကားလမ်းတခုထဲပါတဲ့ ကမ္ဘာ့အရှည်ဆုံးမြစ်ကူးတံတားပဲ ဖြစ်ပါတယ်။
တံတားက ၄ လမ်းသွားပါ။ တံတားပေါ်မှာတော့ ကုန်တင်ကားကြီးတွေ ပြည့်ညှပ်နေတာပါပဲ။ တံတားပေါ် စတက်တယ်ဆိုရင်ပဲ တံတားကျွံနေတာကို တနေရာမှာပြင်နေတာရယ်၊ ကားမဆင်မခြင်မောင်းလို့ တံတားပေါ် ကားတိုက်မှုဖြစ်နေတာရယ်ကို ရှောင်နေရတာကြောင့် တံတားပေါ်မှာတင် ကျမတို့ Jam ဖြစ်နေတာ တော်တော်ကြာပါတယ်။ တံတားပေါ် တလက်မရွေ့လည်း တလက်မ ရှေ့တိုးရင်းနဲ့ တံတားအလယ်ပိုင်းကို ရောက်တော့လေ တံတားကြီးက ငလျင်လှုပ်သလို ယိမ်းထိုးနေတာ ကြောက်စရာရှင်။ ဒါကတော့ တံတားအဆက်တွေကို လှုပ်ရှားလို့ ရအောင် လုပ်ထားတာတွေကြောင့် ကားတွေ သွားတဲ့အရှိန်နဲ့ မြစ်ပြင်ကို ဖြတ်လာတဲ့လေတိုးတဲ့အရှိန်တွေနဲ့ ယိမ်းခါနေတာပဲဖြစ်ပါတယ်။
တရွေ့ရွေ့လာရင်းနဲ့ ဂင်္ဂါမြစ်တဖက်ကမ်းကို လှမ်းမြင်နေရချိန်မှာတော့ စိမ်းမြမြ ငှက်ပျောခင်းကြီးတွေ တမျှော်တခေါ်ပါပဲ။ ငှက်ပျောဖီးလေးတွေ လိုက်ရောင်းနေတာတွေလည်း တွေ့ရပါတယ်။ ဈေးကလည်းချိုပါတယ်။
တံတားကိုလွန်လာပြီး အဝေးပြေးလမ်းကြီးကိုရောက်လာတော့ ကျမတို့ကားသမားက အဝေးပြေးလမ်းကသွားရင် အချိန်သိပ်မရဘူး ဖြတ်လမ်းက သွားမယ်ဆိုပြီးတော့ ရွာလမ်းလေးတွေကနေ ဆင်းမောင်းတာ၊ ကားသမားကလည်း အားရပါးရမောင်း၊ ရွာလမ်းတွေက ကတ္တရာလမ်းတွေ ခင်းထားတာဆိုပေမယ့် ချိုင့်ခွက်ပေါတာနဲ့ ကျမတို့မှာ မနက်က ပတ္တနားကျောင်းက စားလာခဲ့တဲ့ ထမင်းကြော်ဘယ်နေမှန်း မသိတော့ပါဘူး။
၁ နာရီကျော်ကျော် အဲဒီ မြေပဲယိုလမ်းကို ဖြတ်မောင်းပြီးချိန်မှာတော့ ကွန်ဂရစ်ခင်းထားတဲ့ ၆ လမ်းသွား အဝေးပြေးလမ်းဖြူးဖြူးကြီးကို မြင်လိုက်ရတာ ကျမဖြင့် ၀မ်းသာလိုက်တာရှင်။ အသည်းတွေ နှလုံးတွေ အဆုတ်တွေ ပြုတ်ထွက်မတက် ဗိုက်ထဲက ကလီစာတွေလည်း ပြောင်းဆန်နေတာနဲ့ ကျမလဲ ကားသမားကြီးကို ထမင်းစားဖို့ ရပ်ပေးပါပြောတော့ ကားသမားကြီးက လမ်းဘေးချရပ်ပေးပါတယ်။
ပတ္တနား ဘုန်းတော်ကြီးကျောင်းက ထည့်ပေးလိုက်တဲ့ ထမင်းဘူးလေးတွေ ကိုယ်စီဖွင့်ပြီး အားရပါးရ စားကြချိန်မှာတော့ ကားသမားကြီးက အမလေး နံတယ်။ မစားနိုင်တော့ဘူးဆိုပြီး ထမင်းဘူးလေးကို လွှင့်ပစ်လိုက်ပါရော။ ဖြစ်ရမယ် ကိုရွှေကုလားရယ်။ သူတို့မဆလာကို ကျမတို့မြန်မာတွေ နံတယ်ဆိုသလိုသူကလည်း ထမင်းဘူးလေးထဲက ခရမ်းချဉ်သီး ငပိချက်ကို နံတယ်တဲ့လေ။ ထမင်းတဗူးထဲနဲ့ မလောက်နိုင်အောင်ဆာနေတဲ့ ကျမတို့မှာလေ နှမြောလိုက်တာဆိုတာလေ။ ကျမတို့ကို လိုက်ပို့တဲ့ဆရာတော်ဆို ဒီကုလားနှယ် မစားရင်လည်း အစောကတည်းက ပြောရောပေါ့ သွားလွှင့်ပစ်ရတယ်လို့ နှမြောလိုက်တာကွာဆိုပြီး တဖွဖွ မိန့်ရှာပါတယ်။ အော် သူ့ခမျာလည်း သူ့ကားနုနုလေးကို လမ်းကြမ်းကြီးမှာ ရယ်လီကားပြိုင်ပွဲတမျှ မောင်းလာရတော့ ဆာသွားရှာတယ်ထင်ပါ့။ ငပိနဲ့ငြားလေတော့ ခမျာ အောင့်သက်သက် … (သူကတော်ရုံ ကျမတို့နဲ့ အတူစားလေ့မရှိပါဘူး။ သူ့ဓလေ့ သူ့ဘာသာ ရိုတီဖြစ်ဖြစ် ပူရီဖြစ်ဖြစ် သပ်သပ်သွားစားတာပါ)
ကျမတို့လည်း စားပြီးသောက်ပြီး ကားထဲပြန်ဝင် ခရီးဆက်ကြတာပေါ့။ ကားသမားတော့ ဆာနေရှာမှာပဲဆိုပြီး ပါလာတဲ့ ဘီစကစ်တွေ ထုတ်ကျွေးတော့ အားရ၀မ်းသာ တဂြုတ်ဂြုတ်နဲ့ စားရှာပါတယ်။
အချောအလှတွေ ပေါများတဲ့အရပ်ရယ်လို့ ရှေးစာပေတွေမှာ တင်စားခဲ့ကြပြီး လိစ္စ၀ီမင်းတွေ စိုးစံခဲ့လေတဲ့ ဝေသာလီကိုဝင်တော့ ပထမဆုံး ရောက်သွားတာက လိစ္စ၀ီမင်းတွေ ဝေစုရတဲ့ ဘုရားဓာတ်တော်တွေ ဌာပနာထားတဲ့ စေတီတော်ပါ။ မြေတွေဖုံးသွားခဲ့တဲ့ စေတီတော်ကို ပြန်လည်တူးဖော်ထားပြီး အမိုးအကာနဲ့ သပ်သပ်ရပ်ရပ် ပြန်လုပ်ထားတာပါ။
ကျမတို့ မြင်ရတဲ့ အပိုင်းဟာ စေတီတော် အထက်ပိုင်းလောက်နေရာဖြစ်ပါတယ်။ အောက်ကို ထပ်သာ တူးအုံးမယ်ဆိုရင် စေတီလုံးတော်ပြည့် မြင်ရမယ်လို့ ကျမထင်ပါတယ်။ ဒီနေရာကို တူးဖော်ခဲ့တုန်းက စေတီကြီးရဲ့အလယ်ထဲမှာ ငုံထားတဲ့ စေတီငယ်တဆူရှိပြီး အဲဒီထဲမှာ ကျောက်နဲ့လုပ်ထားတဲ့ ကြုတ်ထဲက ဘုရားရှင်ဓာတ်တော်လို့ ယူဆရတဲ့ ပြာခဲတွေကို တွေ့ရတယ်လို့ မှတ်တမ်းမှတ်ရာတွေ ရှိပါတယ်။ (ဒီဓာတ်တော်တွေကိုတော့ စေတီထဲမှာပဲ ပြန်ထည့်သလား။ ဒါမှမဟုတ် ဘယ်မှာထားတယ်ဆိုတာ မဖော်ပြထားပါဘူး)
ဒီနေရာကနေမှ ဒုတိယ သင်္ဂါယနာတင်တဲ့ ကူဋာဂါရ ကျောင်းတော်ကို တော်တော်ဝေးဝေး သွားရပါသေးတယ်။ ကျောင်းတော်ဝင်းကျယ်ကြီးထဲမှာတော့ ဒုတိယ သင်္ဂါယနာတင်တဲ့နေရာအထိမ်းအမှတ် စေတီကုန်းမို့မို့တခုကို လှမ်းမြင်ရပါတယ်။ အဲဒီစေတီအနောက်ဖက်မှာတော့ ရေကန်တခုနဲ့ ခြင်္သေ့ရုပ်ပါ အသောက ကျောက်စာတိုင်ကို တွေ့ရပါမယ်။ အဲဒီ ခြင်္သေ့ခေါင်းဟာ ဗုဒ္ဓ ပရိနိဗာန်ပြုတဲ့ အရပ်ကို မျက်နှာမူထားတယ်လို့ ဆိုပါတယ်။
စေတီအနီးတ၀ိုက်မှာလည်း ကျောင်းဆောင်နေရာဟောင်းတွေကို တွေ့ရပါတယ်။ အဲဒီမှာတော့ ကျမ ဘ၀င်မကျလေတဲ့ ရှေးဟောင်းအဆောက်အဦတွေကို အုတ်သစ်တွေနဲ့ အစားထိုး၊ အင်္ဂတေ ကိုင်နေတာတွေကို မျက်ဝါးထင်ထင် တွေ့ရတော့တာပါပဲ။
ဒီစေတီဝင်းထဲက ထွက်ခဲ့ပြီးချိန်မှာတော့ ဆောက်လက်စ မြန်မာဘုန်းတော်ကြီးကျောင်းဖက်ကို ရောက်ခဲ့ပါသေးတယ်။ ကျောင်းထိုင်ဆရာတော်က ပျူပျူငှာငှာ နှုတ်ဆက်ပြီး စကားတွေဖောင်ဖွဲ့ပြီး အပြန်မှာတော့ ဆရာတော်ပေးလိုက်တဲ့ ခြံထွက် ငှက်ပျောသီးတွေ ပိုက်ပြီး လိစ္စ၀ီမင်းတွေ ရေချိုးတဲ့ကန်ဆီ ဆက်ခဲ့ပါတယ်။
ရေကန်ကျယ်ကြီးရဲ့ဘောင်မှာတော့ ပိုက်ချ ငါးရှာတဲ့ ကုလားကြီး သုံးလေးယောက်နဲ့ လှေလေးတွေ ရှိနေပါတယ်။ ရေကန်ထဲကရေကတော့ ရေနည်းချိန်မို့လား မသိပါဘူး နောက်ကျိလို့နေပါတယ်။
ဝေသာလီကနေ ကုဿိနာရုံကို သွားတဲ့လမ်းကတော့ အလာမှာတုန်းကလောက် ခလောက်ဆန်နေအောင် မဆိုးပါဘူး။ ကုရှိနာရာ လို့ ကုလားလိုခေါ်တဲ့ ကုဿိနာရုံကိုတော့ ညနေ ၃ နာရီလောက်မှာရောက်ပါတယ်။ တည်းခိုမယ့် မြန်မာဘုန်းတော်ကြီးကျောင်းကို သွားတဲ့လမ်းမှာတော့ ဗုဒ္ဓရဲ့ ရုပ်ကလာပ်တော်ကို မီးလောင်တိုက်သွင်းလို့ တေဇောဓာတ်တွေ လောင်ကျွမ်းခဲ့တဲ့နေရာ စေတီတော်ကြီးနဲ့ ပရိနိဗ္ဗာန်မပြုခင် နောက်ဆုံးရေကြည်တော်သောက်တဲ့ နေရာဆိုတဲ့ အထိမ်းအမှတ် ကျောင်းဆောင်နေရာကို ရောက်ခဲ့ပါတယ်။
သံဝေဇနိယ လေးဌာနထဲက ဌာန အမှတ် ၄ ဖြစ်တဲ့ ပရိနိဗ္ဗာန်ပြုတဲ့ အင်ကြင်းတောကတော့ ကျမတို့ တည်းခိုတဲ့ မြန်မာဘုန်းတော်ကြီးကျောင်း ပရ၀ုဏ်နဲ့ ကပ်လျက်ဖြစ်တာမို့ နားမယ့်အခန်းထဲမှာ ပစ္စည်းတွေ နေရာချပြီးမှ အေးအေးဆေးဆေး လမ်းလျှောက်ထွက်ခဲ့ကြပါတယ်။
အရင်က အင်ကြင်းပင်တွေနဲ့ တောကြီးတမျှဖြစ်ခဲ့တဲ့နေရာမှာတော့ မြေကပ်မြက်ပင် စိမ်းစိမ်းတွေနဲ့ ပန်းပင်ငယ်လေးတွေပဲ နေရာယူထားတဲ့ ၀င်းခြံကြီး အလယ်မှာတော့ ဗုဒ္ဓ ပရိနိဗ္ဗာန်ပြုရာနေရာ အထိမ်းမှတ် ကျောင်းဆောင်ဖြူကြီးတခု ရှိပါတယ်။ အဲဒီကျောင်းဆောင်ကြီးပေါ်တက်တဲ့ လှေကားခြေရင်း တဖက်တချက်မှာရှိတဲ့ အင်ကြင်းပင် ၂ ပင်ကလွဲလို့ ၀င်းခြံတခုလုံးမှာ အင်ကြင်ပင်ဆိုတာ မရှိတော့ပါဘူး။
ကျောင်းဆောင်ထဲမှာတော့ ဗုဒ္ဓ ပရိနိဗ္ဗာန်ပြုနေဟန် လျောင်းတော်မူ ဆင်းတုတော်ကြီးရှိပါတယ်။ မြောက်ဖက်ကို ခေါင်းလှည့်လို့ အ၀င်ဖက်ကို စောင်းလှဲနေတဲ့ ဆင်းတုတော်ရဲ့ အခြေမှာတော့ ခေါင်းရင်းပိုင်းမှာက ဆေးဆရာ ဇီဝက ပုံတူ၊ အလယ်မှာတော့ နောက်ဆုံးသာဝက သုဘဒ္ဒပုရပိုဗ် ခြေရင်းမှာကတော့ ၀မ်းနည်းပူဆွေးနေတဲ့ ညီတော်အာနန္ဒာတို့ရဲ့ ပုံတူငယ်လေးတွေကို ထွင်းထုထားပါတယ်။
လျောင်းတော်မူ ဆင်းတုတော်ကို ခေါင်းရင်းပိုင်းက ကြည့်မယ်ဆိုရင် မျက်နှာတော်ပြုံးနေဟန်၊ ၀င်ပေါက်တည့်တည့်နေရာ အလယ်က ကြည့်မယ်ဆိုရင် ဝေဒနာ ခံစားနေရဟန်၊ ခြေရင်းဖက်က ကြည့်မယ်ဆိုရင် အသက်ဝိဥာဉ် ကင်းမဲ့နေဟန်တို့ကို တွေ့ရမှာဖြစ်ပါတယ်။
ကျောင်းဆောင်အပြင်ဖက် အနောက်ကပ်လျက်မှာတော့ အသောကမင်း တည်ထားခဲ့တဲ့စေတီတော်၊ ကျောင်းဆောင် ပတ်ဝန်းကျင်မှာတော့ ခေတ်အဆက်ဆက်က ရဟန်းတွေသံဃာတွေသီတင်းသုံးခဲ့တဲ့ ကျောင်းဆောင်ဟောင်းနေရာတွေ၊ ရဟန်းတော်တွေရဲ့ ဓာတ်တော်စေတီနေရာတွေ ရှိပါတယ်။
ပရိနိဗ္ဗာန်ပြုတဲ့ ကုဿိနာရုံဟာ မလ္လမင်းတွေကြီးစိုးခဲ့တဲ့နေရာ ဖြစ်ပါတယ်။ ဗုဒ္ဓ ပရိနိဗ္ဗာန် ပြုချိန်တုန်းကတော့ မြို့ရယ်လို့မဖြစ်သေးပဲ ရွာငယ်လေးသာဖြစ်တယ်လို့ ဆိုပါတယ်။
အရှင်အာနန္ဒာက ကုသိနာရာ ရွာငယ်လေးမှာ ဘာလို့ ပရိနိဗ္ဗာန် ပြုချင်ရတာလဲလို့ ဗုဒ္ဓကို မေးတဲ့အခါမှာ ဒီနေရာဟာ ရှေးအခါက ကုသာဝတီမြို့ကြီးဖြစ်ခဲ့ဖူးတယ်။ နောက်ပြီးတော့ လွန်ခဲ့တဲ့ အတိတ် (၇) ဘ၀ တုန်းက ဒီနေရာမှာပဲ ခေါင်းချခဲ့တဲ့နေရာဖြစ်တာကြောင့်ပါ လို့ ပြန်ဖြေခဲ့တယ်လို့ ဆိုပါတယ်။
ဗုဒ္ဓ ပရိနိဗ္ဗာန် ပြုပြီးတဲ့နောက်မှာတော့ ကုသိနာရာရွာပတ်ဝန်းကျင်ဟာ ဥယျာဉ်တွေပေါများတာကြောင့် မလ္လမင်းတွေ အပမ်းဖြေစရာ ဖြစ်ခဲ့သလို၊ မင်းတွေရဲ့ ခေါင်းဆေးမင်္ဂလာ၊ နာမည်ယူ ဘိသိတ်ခံပွဲကျင်းပတဲ့နေရာ စသဖြင့် သာရေးနာရေး မင်္ဂလာယူရာ နေရာဖြစ်ခဲ့ပါတယ်။ ဗုဒ္ဓပရိနိဗ္ဗာန် ပြုပြီးတဲ့နောက်မှာလည်း အချို့သော ရဟန်းသံဃာတွေဟာ ဗုဒ္ဓခေါင်းချခဲ့တဲ့နေရာမှာပဲ တရားတွေလာရောက်ကျင့်ကြံတာ၊ သူတို့ကိုယ်တိုင်လည်း ဒီနေရာမှာပဲ ပျံလွန်တော်စေခဲ့တာတွေရှိခဲ့တယ်လို့ ဆိုကြပါတယ်။
ဒီပရ၀ုဏ်ကိုဖြင့် မြန်မာ ဘုန်းတော်ကြီးကျောင်းက ထိန်းသိမ်းစောင့်ရှောက်ထားတာဖြစ်ပါတယ်။ ညနေစောင်းလာတာနဲ့အမျှ ဗုဒ္ဓဘာသာဝင်မဟုတ်တဲ့ ဒေသခံတွေ တဖွဲဖွဲရောက်လာတာကိုတွေ့လို့ မေးကြည့်တော့ သူတို့အဖို့ ဒီနေရာဟာ အပန်းဖြေစရာ လေ့လာစရာ နေရာတခုလိုပဲ ဖြစ်နေတယ်လို့ ကုဿိနာရုံက ဦးဇင်းတပါးက ပြောပြပါတယ်။
အေးချမ်းတဲ့ ကျောင်းဆောင်လှေကားထစ်လေးတွေမှာ စကားထိုင်ပြောကြရင်းနဲ့ ကျောင်းဝင်းပိတ်ချိန် ၆ နာရီထိုးလေတော့ ဘုန်းကြီးကျောင်းဖက်ကို ပြန်ခဲ့ကြပါတယ်။ ညနေစာစားပြီး ကုတင်ပေါ်လှဲချိန်မှာတော့ ခါးတွေကညောင်း၊ မျက်စိမှိတ်လိုက်တာနဲ့ လူကလည်း လှိုင်းမူးသလိုဖြစ်နေပါတော့တယ်။
မဖြစ်ရှိမလား ကားမောင်းကြမ်းတဲ့ ကျမတို့ ကားသမားရယ်၊ ၂၄ နာရီ ပြည့်ညပ်နေတဲ့ အဝေးပြေးလမ်းရယ်၊ စည်းကမ်းမရှိ မောင်းတဲ့ အိန္ဒိယ ကားသမားတွေရယ်၊ မြေပဲယို လမ်းရယ် ပေါင်းလိုက်လေတော့ တနေကုန် လမ်းမကောင်းလို့ အထက်အောက်ခုန်တာက တမျိုး၊ ကားက ဘယ်ဝိုက်လို့ ညာကွေ့ရှောင်တာကြောင့် ဘယ်ညာတိမ်း နတ်ယိမ်းကတာလိုကတဖုံ၊ ဘရိတ်ကို ဆောင့်ဆောင့်နင်းပြီး လီဗာကို ရုတ်ခြည်းတင်လေတော့ ကလီစာတွေ ကျွမ်းပြန်တာက တသွယ်ရယ်ကြောင့် ကားမူးနေလေပြီလေ။
တနေ့လုံး ကားပေါ်မှာ အချိန်ကုန်ခဲ့လေတော့ ကားပေါ်က ခနတဖြုတ်ဆင်းတိုင်း ဒယီးဒယိုင် ဖြစ်နေတာကြောင့် နောက်ရက်တွေ ခရီးဆက်နိုင်အောင် အနားယူဖို့ ခေါင်းအုံးနဲ့ ခေါင်းထိလေတဲ့ခန နောက်နေ့ နီပေါနိုင်ငံ လုမ္ဗိနီကို ခရီးဆက်ဖို့ကို တဒင်္ဂ မေ့သွားပါတော့တယ်။
(ဆက်ပါအုံးမယ်)
မာန်
နောက်ဆုံးရ မြန်မာသတင်းများ
4 years ago
No comments:
Post a Comment