-->

Thursday, August 13, 2009

ထာဝရ နှုတ်ဆက်သွားလေတဲ့ သင်္ကြန်မင်းသားကြီး ဇော်ဝမ်း

မရိုးနိုင်တဲ့ သင်္ကြန်မိုး သီချင်းကို အသံအေးအေးလေးနဲ့ သီဆိုလေ့ရှိတဲ့ အဆိုတော် သရုပ်ဆောင်ဇော်ဝမ်း (၆၄ နှစ်) ဟာ သူချစ်တဲ့ အနုပညာနဲ့ သူ့ကိုချစ်တဲ့ ပရိတ်သတ်ကို ထာဝရ နှုတ်ဆက်ခွဲခွာသွားပါပြီ။

သူဟာ သြဂုတ် ၁၂ ရက် ည ၈ နာရီမှာ အင်းစိန် သီရိစန္ဒာ အထူးကုဆေးရုံမှာ အစာအိမ်သွေးကြောပေါက်တဲ့ ရောဂါကြောင့် ဘ၀တပါးကို ကူးပြောင်းသွားခဲ့ရပါပြီ။


တနှစ်တခေါက် ပိတောက်ပွင့်ချိန်မှာ အရောက်လာချင်တယ် လို့ သီဆိုနေတဲ့ ဇော်ဝမ်းဟာ နောင်လာမယ့် သင်္ကြန်တွေမှာ ရောက်လာနိုင်မှာ မဟုတ်တော့ပါဘူး။

သင်္ကြန်သီချင်းတွေနဲ့ လိုက်ဖက်တဲ့အသံပိုင်ရှင် ဇော်ဝမ်းဟာ သင်္ကြန်မင်းသားကြီးရယ်လို့ သူ့ကိုချစ်တဲ့ ပရိသတ်တွေကြားမှာ နာမည်ရတဲ့သူတယောက်ဖြစ်ပါတယ်။ သူဆိုခဲ့တဲ့သီချင်းတွေဟာ သင်္ကြန်သီချင်းတွေ အပါအ၀င် သီချင်းပေါင်း ၁၀၀၀ ကျော်ရှိပါတယ်။ သူဆိုခဲ့တဲ့ သင်္ကြန်မိုး၊ ပိတောက်တမျက်နှာ၊ မိဘမေတ္တာဘွဲ့ဖြစ်တဲ့ ဘယ်ပန်းချီ ရေးလို့မမီ သီချင်းတွေကတော့ လူကြီး၊ လူလတ် လူငယ်မရွေး အသဲထဲစွဲဝင်နေတဲ့ သီချင်းတွေပဲ ဖြစ်ပါတယ်။

မြို့မတီးဝိုင်းနဲ့ တွဲဖက်လို့ မြို့မရဲ့ သီချင်းတွေနဲ့ နာမည်ကြီးခဲ့တာကြောင့် မန္တလေး မြို့မတီးဝိုင်း ဥက္ကဌ ဒေါက်တာလှခိုင်က ဇော်ဝမ်းကို ဆုံးရှုံးသွားရတာကို ၀မ်းနည်းစကား ဆိုလာပါတယ်။

"အခုသူဆုံးသွားပြီဆိုတော့ သင်္ကြန်သီချင်းအေးအေးလေးတွေ ကြားဖို့ သိပ်မလွယ်တော့ဘူး။ သူ့အသံကလည်း ဘုရားပေးတဲ့အသံလေ။ သင်္ကြန်သီချင်းတွေနဲ့ သိပ်လိုက်ဖက်လို့ သင်္ကြန်မင်းသားလို့တောင် ခေါ်ကြတာ။ သူဘယ်လိုအနေအထားမျိုးမှာဆိုဆို အသံက ဒီအသံပဲ။ အိပ်ရေးပျက်တာဖြစ်ဖြစ် ဘာစားစား အသံမပျက်ဘူး။ အသက်သာကြီးသွားတယ်။ ဒီအသံပဲ။ သူများတွေလို ဟိတ်ဟန်မရှိဘူး။ အနုပညာကြေး ရရ မရရ သူတတ်အားသမျှ ဆိုတာပဲ။ ဘာမှ မပြောဘူး။ သူက ကျနော်တို့ မြို့မ အသင်းသားပဲလေ။ သူမရှိတော့ အင်မတန် ၀မ်းနည်းပါတယ်" လို့ ဆိုပါတယ်။

သူရဲ့ပရိတ်သတ်တဦးဖြစ်တဲ့ ခေတ်လူငယ်လေး တယောက်ကလည်း "သူဟာ သင်္ကြန်ရဲ့ Icon ပဲ။ အခုတော့ ဒီ Icon မရှိတော့ဘူး" လို့ ပြောပါတယ်။

အခြား လူငယ် တယောက်ကလည်း "သင်္ကြန်မိုးကို သူ့လို ဆိုနိုင်သူရှားတယ်။ သူ့ကို ဘယ်သူမှ မမှီဘူး။ အခုသူမရှိတော့ဘူးဆိုတော့ သင်္ကြန်မိုး တို့ ဘယ်ပန်းချီရေးလို့မမီ တို့ဆိုတာတွေပဲ အမှတ်တရ ကျန်ရစ်ခဲ့တော့တာပေါ့" လို့ နှမြောတသ ဆိုလာပါတယ်။

သူဟာ စေလိုရာစေဆိုတဲ့ ရုပ်ရှင်ကားမှာ ပထမဆုံး ပါဝင်သရုပ်ဆောင်ခဲ့ပြီး အခုနောက်ဆုံး ဒါရိုက်တာ အန်ထော်ဏီနဲ့ 'အတည်ပေါက်နဲ့ နောက်တဲ့သူ' ဇာတ်ကားအပါအ၀င် ဇာတ်ကားပေါင်း ၁၅၀ ကျော်မှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ သူ့ရဲ့အကျော်ကြားဆုံး ရုပ်ရှင်တွေကတော့ 'စေလိုရာစေ' နဲ့ 'ဘယ်သူပြိုင်လို့ လှပါတော့နိုင်' ဇာတ်ကားတွေပဲ ဖြစ်ပါတယ်။

သင်္ကြန်မင်းသားကြီးကတော့ လာလေအုံးမယ့် သင်္ကြန်ရက်တွေ၊ သူချစ်တဲ့ အနုပညာ၊ သူ့ကို ချစ်တဲ့ ဇနီးသည် ဒေါ်သန့်ရွှေစင်ဝင်းနဲ့ သားသမီး လေးယောက်ရယ်၊ သူ့ကို လေးစားမြတ်နိုးတဲ့ အနုပညာ အပေါင်းအသင်းတွေ သူ့ရဲ့ ပရိတ်သတ်တွေကို ထားရစ်ခဲ့ပါပြီ။

သူ့ရဲ့ကျွင်းကျန်ရစ်တဲ့ ရုပ်ကလာပ်ကိုတော့ လာမယ့် တနင်္ဂနွေနေ့ ရေဝေးသုသာန်မှ မီးသဂြိုလ်မယ်လို့ သိရပါတယ်။

အညာနွေတမာမြေ

No comments: