-->

Wednesday, August 19, 2009

အဖြူရောင် လှုပ်ရှားမှုမှာ အတင့်ရဲလာတဲ့ မိတ္တီလာ စွမ်းအားရှင်တွေ

အန်အယ်လ်ဒီအဖွဲ့ဝင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လေးစားတဲ့ ပြည်သူတွေဟာ နိုင်ငံရေးအကျဉ်းသား အားလုံးလွတ်မြောက်ရေးအတွက် အဖြူရောင်အဝတ်အစားတွေ ဝတ်ပြီး ဘုရားတွေမှာ ဆုတောင်းပွဲလုပ်တာတွေ မြို့ထဲလည့်လည်သွားတာတွေကို ၅ရက်မြောက်အဖြစ် ဒီနေ့လုပ်ဆောင်ခဲ့ကြပါတယ်။ ဒီလိုလုပ်ဆောင်ရာမှာ မန္တလေးတိုင်း မိတ္တိလာမြို့က အန်အယ်လ်ဒီအဖွဲ့ဝင်တွေဟာ အဖြူရောင်ဆင်တူတွေ ဝတ်ဆင်ပြီး ဘုရားကိုအသွားမှာ အမည်မသိ လူစိမ်း ၃ ဦးက ဆိုင်ကယ်နဲ့နောက်ကလိုက်လာပြီး လူငယ်အဖွဲ့ဝင် ကိုအောင်စည်ထွန်း နဲ့ အတွင်းရေးမှုး ဒေါ်မြင့်မြင့်အေးကို ဒုတ်နဲ့ရိုက်ပြီး ထွက်ပြေးသွားတယ်လို့ အရိုက်ခံရတဲ့ ကိုအောင်စည်ထွန်းက ပြောပြပါတယ်။

အိမ်ကနေထွက်လာပြီး ချမ်းသာကြီးဘုရားနားကျတော့လေ ဆိုင်ကယ်နဲ့ ၃ ယောက် ရောက်လာပြီးတော့ ရိုက်တာပေါ့၊ ရိုက်တာကတော့ အန်တီမြင့်နဲ့ ကျနော့်ကို အဓိက ရွေးရိုက်တဲ့ ပုံစံမျိုးပေါ့၊ ရိုက်တော့ကျတော့ လူတွေကလည်း ဟာ ဒါ မတရားလုပ်တာပဲ ဘာညာနဲ့ ဒီပြင်လူတွေကလည်း ဝိုင်းအော်တာပေါ့၊ အော်လိုက်တော့ သူတို့ ဆိုင်ကယ်နဲ့ပဲ ပြန်ပြေးသွားတာပဲ။ ကျနော်တော့ နည်းနည်းခိုက်မိသွားတာပဲ၊ လက်အဆစ် ခိုက်မိသွားတာ၊ ပါးကတော့ နည်းနည်းယောင်နေတာပေါ့၊

ဒေါ်မြင့်မြင့်အေးကတော့ တင်ပါးကိုရိုက်ခံရတဲ့အတွက် အနည်းအကျဉ်းပဲ ထိခိုက်တယ်လို့သိရပါတယ်။ ရိုက်သွားတဲ့သူတွေစီးလာတဲ့ ဆိုင်ကယ်ဟာ နံပါတ်ပြားမပါတဲ့အတွက် မမှတ်မိလိုက်ဘူးလို့ပြောပါတယ်၊ ပြည်သူအချင်းချင်း ရန်တိုက်ပေးတာဖြစ်ပြီး အမှုဖွင့်လည်း မထူးခြားနိုင်တာကြောင့် ရဲစခန်းမှာ သွားမတိုင်ဘူးလို့ သိရပါတယ်။ နောက်ပိုင်း ဆုတောင်းပွဲသွားတဲ့သူတို့ အဖွဲ့နောက်ကို အန်အယ်လ်ဒီလိုလားတဲ့ ပြည်သူတွေကလည်း လိုက်ကြည့်နေတဲ့အတွက် အာဏာပိုင်တွေ စေခိုင်းသူတွေက ထပ်မလုပ်ရဲဘူးလို့ ကိုအောင်စည်ထွန်းက ဆက်ပြောပါတယ်။

အခုကြားရတာက ကြံ့ဖွံ့နဲ့ စွမ်းအားရှင် အဓိက လွှတ်ထားတာဆိုတော့ ဒီဟာက သူတို့ပဲရှိတာပဲ။ လူလယ်ခေါင်ကြီးမှာ ကိုယ့်ဟာကိုယ် ငြိမ်းငြိမ်း အေးအေးဆေးဆေး ဘုရားသွားတဲ့ ဥစ္စာကို မင်းမဲ့တိုင်းပြည် ပုံစံမျိုးပေါ့ ဒါကို ကျနော်တို့ချင်း ရန်တိုက်ပေးတဲ့ ပုံစံမျိုးပေါ့ ဒါက ပြည်သူပြည်သူချင်းကို အာဏာပိုင်အဖွဲ့အစည်းက ရန်တိုက်ပေးတဲ့ပုံစံမျိုးပေါ့၊ ဒါပေမယ့် ကျနော်တို့နောက်က လိုက်ကြည့်နေတဲ့လူထုက ရှိနေတော့ သူတို့က အနားမကပ်ရဲဘူးပေါ့ ဘာမှမလုပ်ဘူးပေါ့ ဒါပေမယ့် လစ်ရင်တော့ လုပ်မယ့်ပုံစံမျိုး လို့ ကိုအောင်စည်ထွန်းကပြောပါတယ်။

မနေ့ကလည်း မိတ္တီလာ အန်အယ်လ်ဒီတွေကို လေးဂွတွေနဲ့ ချောင်းပစ်တာတွေကြောင့် ထိခိုက်ဒဏ်ရာရတာတွေလည်း ရှိခဲ့ပါတယ်။

ရန်ကုန်တိုင်း သုံးခွမြို့ နဲ့တွံတေးမြို့တွေက အန်အယ်လ်ဒီအဖွဲ့ဝင်ရဲ့ အဖြူရောင်လှုပ်ရှားမှုတွေနဲ့ ပဲခူးမြို့က အဖွဲ့ဝင်တွေရဲ့ စိန်သာလျောင်းဘုရားက ဆုတောင်းပွဲတွေမှာတော့ သာမန်စောင့်ကြည့်တာတွေကလွဲလို့ အခြားအနှောင့်အယှက်တွေ မရှိခဲ့ဘူးလို့ သိရပါတယ်။


အညာနွေတမာမြေ

No comments: