-->

Thursday, August 20, 2009

စက်တင်ဘာနီးလို့ သံဃာကို ရန်သူလို စောင့်ကြည့်နေ

ဒေါ်နော်အုံးလှဦးဆောင်တဲ့ အင်္ဂါဝတ်ပြုဆုတောင်းအဖွဲ့က ဆွမ်းကပ်တာကို လက်ခံခဲ့လို့ဆိုပြီး ဒဂုံမြို့သစ်အရှေ့ပိုင်း အမှတ် ၁ ရပ်ကွက် အနော်ရထာလမ်းက မကွေးပရိယတ္တိ စာသင်တိုက်က ပရဟိတ နာရေးကူညီမှုအသင်းနဲ့ ဆေးခန်း ဆိုင်းဘုတ်တွေကို ဖြုတ်ချပြီး လူမှုရေးလုပ်ငန်းတွေ လုပ်ခွင့်ပိတ်ပင်လိုက်တယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို စီရင်ချက်ချမှတ်တဲ့ သြဂုတ်လ ၁၁ ရက်နေ့က ဒေါ်နော်အုံးလှနဲ့အဖွဲ့က ဆွမ်းကပ်လှူဒါန်းခဲ့တာဖြစ်ပြီး နောက်နေ့မှာတော့ အရှေ့ပိုင်းခရိုင် ဥက္ကဌ ဦးသန်းအောင် ဦးဆောင်ပြီး မြို့နယ်၊ ခရိုင် ၊တိုင်း က သာသာနာရေးမှုးတွေ ကျမ္မာရေးဦစီးဌာန ဝန်ထမ်းတွေ ၊ စရဖ ၊အက်စ်ဘီ တွေနဲ့ သက်ဆိုင်ရာ မြို့နယ် ဥက္ကဌတွေပါတဲ့အဖွဲ့က ဆိုင်းဘုတ်တွေကိုလာဖြုတ်သွားတယ်လို့ဆိုပါတယ်။
ဆွမ်းကပ်တဲ့နေ့ကလည်း လုံခြုံရေး အင်အား ၃ဝဝ ကျော်နဲ့ ဝိုင်းရံစောင့်ကြည့်တာကိုခံခဲ့ရပါတယ်။

ဇွန်လ ၁၉ ရက်နေ့တုန်းကလည်း သံဃတပ်ပေါင်းစုက ဦးဆောင်ဆရာတော်တပါးဖြစ်တဲ့ ဦးဂမ္ဘီရ ရဲ့ ၃ဝနှစ်ပြည့် မွေးနေ့ ဆွမ်းကပ်ပွဲကို လည်းလက်ခံကျင်းပခဲ့တာကြောင့် အခုလို ပရဟိတလုပ်ငန်းတွေကို ပိတ်ပင်လိုက်တာလို့သိရပါတယ်။ ကျောင်းထိုင်ဆရာတော်ကိုလည်း နောင် နိုင်ငံရေးအဖွဲ့အစည်းတွေနဲ့ ဆက်ပြီး ပတ်သက်နေဦးမယ်ဆိုရင် ကျောင်းတိုက်ကိုချိပ်ပိတ်မယ်လို့ ခြိမ်းခြောက်ထားပါတယ်။

ဒါ့အပြင် စက်တင်ဘာ သံဃလှုပ်ရှားမှု နှစ်ပတ်လည် နီးလာတာနဲ့အမျှ ရန်ကုန်မြို့က သံဃာတော်တွေရဲ့လှုပ်ရှားမှုတွေ မဖြစ်ပေါ်အောင် ထိမ်းသိမ်းဖို့ရည်ရွယ်ပြီး သာသာနာထိမ်းသိမ်းရေးအမည်ခံ သံဃစွမ်းအားရှင်အဖွဲ့ကို ရန်ကုန်တိုင်းက မြို့နယ် ၁ဝ မြို့နယ်မှာ ဖွဲစည်းထားတယ်လို့သိရပါတယ်။

အဲဒီသာသနာ ထိန်းသိမ်းရေးအဖွဲ့တွေမှာ မြို့နယ်သံဃ မဟာနာယက လက်အောက်ကနေ ကျောင်းတိုက်တွေက သံဃာတော်တွေကို ဥက္ကဌ၊ အတွင်းရေးမှူး စသဖြင့် ရွေးထားတယ်။ မယက၊ ရဲ၊ လ၀က၊ ရယက၊ ရာအိမ်မှူးတွေ စွမ်းအားရှင်တွေပါတယ်လို့ ရန်ကုန်က ဆရာတော်တပါးက မိန့်ပါတယ်။

ရန်ကုန်က သံဃာတော်တွေအဖို့ အပြင်ထွက်မယ် သွားလာမယ်ဆိုရင်လည်း ဘယ်သွားမယ် ဘာလုပ်မယ်ဆိုတာတွေမေးမြန်းတာတွေ ရှိသလို အလှူရှင်လာရင်လည်း ဘာလို့လာလှူလဲဆိုတာမျိုးတွေ မေးမြန်းတာတွေရှိတယ်လို့ ဆိုပါတယ်။ အာဏာပိုင်တွေက ဒီလိုလုပ်တာတွေကြောင့် သံဃာတော်တွေမှာ စိတ်မသက်မသာ အနှောင့်အယှက်တွေဖြစ်ရသလို စိတ်ကျေနပ်မှုလည်း မရှိဘူးလို့ ဆရာတော်က ပြောပါတယ်။

'ဘုန်းကြီးများ ထွက်လို့ရှိရင် အစောင့်တွေက အမြဲရှိနေတယ်။ ငယ်သားတွေကို မထိန်းနိုင်ရင် ကျောင်းထိုင်တွေကို အရေးယူမယ့်သဘောရှိတယ်။ လှုပ်ရှားမှုအနေအထားက ဦးဇင်းတို့ ဘယ်မှ ထွက်လို့ မရတော့ဘူးပေါ့နော်။ အပ်နဲ့ထွင်းရမယ့်ဟာကို ပုဆိန်နဲ့ပေါက်တော့ စိတ်ထဲမှာ မကျေမနပ်ဖြစ်ကြတာပေါ့။ စိတ်ထဲမှာ မနိုင်လို့သာ အားမသန်လို့ မာန်လျှော့နေရတယ်' လို့ ဆရာတော်က မိန့်ပါတယ်။

အခြားဆရာတော် တပါးကလည်း သူတို့ကျောင်းတိုက်ဝန်းကျင်မှာ စစ်ဆင်ရေး လုပ်တော့မလို ပုံစံ အစောင့်တွေ စစ်ဆေးမေးမြန်းတာတွေကြောင့် စိတ်အနှောင့်အယှက်ဖြစ်ရတယ်လို့ ဆိုပြန်ပါတယ်။ သာသာနာ့နယ်မြေကို သာသနာ့ဝန်ထမ်းရဟန်းတွေ သွားလာ ၀င်ထွက်တာကို အပြစ်တခုလိုမြင်၊ သင်္ကန်းနဲ့ သံဃာတော်တွေကို ရန်သူကြီးလိုမြင်နေတာကို စိတ်မကောင်းဘူးလို့ ဆရာတော်၊ သံဃာတော်တွေက ဆိုပါတယ်။

'ဘုန်းကြီးကျောင်းဆိုတာ သာသနာ့နယ်မြေ။ သာသနာ့မြေကို ရဟန်းတွေ ၀င်ထွက်သွားလာတာ ဘာဆိုးဆိုးဝါးဝါးရှိမလဲ။ ဦးဇင်းတို့အနေနဲ့ စိတ်အနှောင့်အယှက်ဖြစ်တာ အမှန်ပဲ။ ကတုံးနဲ့ သင်္ကန်းနဲ့ဆိုရင် ရန်သူကြီးလိုပဲ သူတို့က မြင်ပုံရတယ်။ ဦးဇင်းတို့မှာ အဲလိုပဲ ခံစားရတယ်' လို့ သံဃာတော်တပါးက မိန့်ပါတယ်။

၂ဝဝ၇ စက်တင်ဘာ သံဃလှုပ်ရှားမှုစတင်ခဲ့တဲ့ ပခုက္ကူမြို့နဲ့ မန္တလေး မြင်ခြံမြို့တွေက စာသင်တိုက်တွေမှာတော့ ပုံမှန်အနေအထားအတိုင်းပဲ စာဝါပို့ချသင်ကြားနေကြတယ်လို့သိရပါတယ်။

အညာနွေတမာမြေ

No comments: