-->

Sunday, August 23, 2009

နအဖ က မတောင်းပန်ရင် သပိတ်မှောက်ကံဆောင်ဖို့ သံဃာတော်တွေ ပြင်ဆင်

ပြီးခဲ့တဲ့ ရက်က မြန်မာနိုင်ငံလုံးဆိုင်ရာ ရဟန်းပျိုများသမဂ္ဂနဲ့ သံဃသမဂ္ဂီအဖွဲ့ကြီးကနေ သံဃတပ်ပေါင်းစုရဲ့ အဖွဲ့ခွဲတွေ တိုးချဲ့ဖွဲ့စည်းတဲ့အကြောင်း ထုတ်ပြန်ကြေငြာချက် ဖြန့်ဝေခဲ့ပါတယ်။ ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းမှာ သူတို့အဖွဲ့ခွဲတွေကို ဖွဲ့စည်းပြီးကြောင်းနဲ့ ဒီလိုဖွဲ့စည်းရတဲ့ ရည်ရွယ်ချက်တွေကို ဦးဆောင်ဆရာတော်တပါးဖြစ်တဲ့ ဆရာတော် အရှင် နန္ဒာစရိယ က မိန့်ပါတယ်။

"အခုချိန်ထိ ကံဆောင်ထားတဲ့ သံဃာတွေရှိသေးတယ်ဆိုတာကို နအဖသိရှိအောင် လှုပ်ရှားမှုတွေဆက်လုပ်သွားမယ်၊ တကမ္ဘာလုံးရဲ့ အလယ်မှာ မြန်မာနိုင်ငံရဲ့ အဖက်ဖက်က ယိုယွင်းပျက်စီးနေတဲ့ အခြေအနေတွေကို ကမ္ဘာက သိအောင် သံဃလှုပ်ရှားမှုတွေ လုပ်သွားမယ် လူထုတရပ်လုံးကလည်း တရားမျှတတဲ့ အစိုးရတရပ်ကို တင်မြှောက်နိုင်ဖို့ သံဃာထုကနေ ဦးဆောင်လှုပ်ရှားသွားမယ်၊ တကာဒကာမ အားလုံးရဲ့ ရှေ့ကနေ မားမားမတ်မတ်ရင်ဆိုင်ဖြေရှင်း တောင်းဆိုသွားဖို့အတွက် အခုလို တိုင်းနဲ့ပြည်နယ် အသီးသီးမှာ ဖွဲ့စည်းခဲ့တာဖြစ်တယ်" လို့ ဆရာတော်က မိန့်ပါတယ်။

ခုလက်ရှိအစိုးရအနေနဲ့ သံဃာတွေအပေါ်မှာကျူးလွန်ထားတဲ့ အပြစ်တွေကို သံဃာတော်တွေ ကျေနပ်အောင်တောင်းပန်ပေးဖို့ မတောင်းပန်ဘူးဆိုရင် သံဃာအားလုံးက ဦးဆောင်ပြီး တတိယအကြိမ် ပတ္တနိကုဇ္ဇန ကံထပ်ဆောင်ပြီး သပိတ်မှောက်သွားမယ်လို့ သိရပါတယ်။

ဒီလိုကံဆောင်တဲ့အခါမှာ သံဃာထုထဲမှာ စစ်အစိုးရအလိုကျနေပေးပြီး ကံဆောင်ရာမှာ ပူးပေါင်းမှု မရှိတဲ့ သံဃာတော်တွေရှိလာခဲ့ရင် သံဃာအဖြစ်ကနေ ကျဉ်ဖယ်ထားဖို့၊ သံဃာအချင်းချင်းကလည်း နအဖ စစ်အာဏာရှင်နဲ့ပူးပေါင်းတာတွေကို သံဃာ အဖြစ်ကနေ ကျဉ်ဖယ်ထားဖို့ ဆရာတော် သံဃာတော်တွေက လုပ်နေကြတယ်လို့ ဆိုပါတယ်။

အခုလက်ရှိအခြေအနေမှာ ကျောင်းတိုက်တိုင်းက သံဃာတော်တွေကို အာဏာပိုင်တွေက လူမြင်အောင်တမျိုး မမြင်အောင်တဖုံစောင့်ကြပ်နေကြပေမယ့် ဘယ်လိုအခက်ခဲရှိရှိ သံဃာတော်တွေက သူတို့ လုပ်စရာရှိတာကို ဆက်လုပ်မယ်လို့ ဆရာတော်ကမိန့်ပါတယ်။

"ဦးဇင်းတို့ခေါင်းတွေ မြေမှာကျသွားပါစေ ဒကာဒကာမ အားလုံးရဲ့ရှေ့ကနေ မားမားမတ်မတ်ရင်ဆိုင်ဖြေရှင်း တောင်းဆိုဖို့အတွက် အခုချိန်ကနေစပြီးတော့ ဖွဲ့စည်းလှုပ်ရှားနေပြီပေါ့၊ ကိုယ်ချင်းစာတရား အပြည့်အဝပေးနိုင်တဲ့ အစိုးရတရပ်ပေါ်ဖို့အတွက်ကို အဓိကထားပြီးတော့ ဦးဇင်းတို့ ဒီလှုပ်ရှားမှုကို ဆက်လုပ်သွားမှာဖြစ်တယ်၊ ပြည်တွင်းပြည်ပ အဖွဲ့စည်းအသီးသီး နောက်တခါ တတိုင်းပြည်လုံးမှာရှိတဲ့ လူထုတရပ်လုံးကလည်း ဦးဇင်းတို့ ဘယ်လိုလှုပ်ရှားမှုမျိုးကို မဆို ပူးပေါင်းပါဝင်ဖို့ ဖိတ်ခေါ်ပါတယ်" လို့ ဆရာတော်က မိန့်ပါတယ်။

အခုလောလောဆယ်မှာ လုံခြုံရေးတွေ လက်နက်ကိုင်တပ်တွေ အစောင့်အကြပ်ရှိတဲ့ကြားကပဲ အဖွဲ့ခွဲ ၂ ခုဖွဲ့စည်းခဲ့ပြီး နောက်ထပ် ပြည်နယ်နဲ့ တိုင်း အနှံ့အပြားမှာ အဖွဲ့ခွဲတွေထပ်မံဖွဲ့စည်းသွားမှာဖြစ်ပြီး လှုပ်ရှားမှုတွေကို ဆက်တိုက် ဖေါ်ဆောင်သွားမယ်ဆိုတာလည်း သိရပါတယ်။

အညာနွေတမာမြေ

No comments: