-->

Wednesday, August 26, 2009

အနာဂတ် ခေါင်းဆောင်များ လွတ်မြောက်ရေးအတွက် လှုပ်ရှားမှုများ

လူထုလှုပ်ရှားမှုဖော်ဆောင်ရေးနှင့် စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးအင်အားစု (လဖစတ)က ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး အတွက် ဒီမနက်မှာ ပိုစတာတွေ မန္တလေးမြို့မှာ လိုက်ကပ်တဲ့ လှုပ်ရှားမှုတခု လုပ်ခဲ့ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ပုံနဲ့ ဒေါ်အောင်ဆန်းစုကြည် ချက်ချင်းလွှတ်ဆိုတဲ့ စာရယ် စစ်အာဏာရှင်စနစ် မုချကျဆုံးရမယ်ဆိုတဲ့ စာကိုရေးထားတဲ့ အေဖိုးဆိုဒ် ပိုစတာတွေကို လူစည်ကားရာအရပ်တွေက သစ်ပင်တွေ သစ်သားတိုင်တွေမှာ ကပ်ခဲ့ကြတာဖြစ်ပါတယ်။

ပိုစတာတွေလိုက်ကပ်တဲ့ မန္တလေးမြို့ပေါ် ပညာရေးကောလိပ်တ၀ိုက်၊ အောင်တော်မူဘုရားဝန်းကျင်၊ မြို့တော်ဝန်အိမ်နား၊ တရားရုံးချုပ်တ၀ိုက် နဲ့ မန္တလေးဆေးရုံကြီး ပတ်ဝန်းကျင် ၉၅ ခဲယမ်းမီးကျောက်စစ်တပ်နားတ၀ိုက် ၈၂ လမ်း၊ ၈၃ လမ်း၊ မြို့သစ်သူနာပြုတက္ကသိုလ်တ၀ိုက် မြို့သစ် မြနန္ဒာဈေးတ၀ိုက် မြ၀တီမင်းကြီးလမ်း တစ်လျှောက် ကျွဲဆည်ကန်ကားကြီးဝင်းတ၀ိုက်
ရတနာပုံတက္ကသိုလ် သွားရာလမ်းပေါ်တွေက အချို့နေရာတွေမှာ လုံခြုံရေးတွေ ရှိနေပေမယ့်လည်း ပိုစတာကပ်နေတဲ့သူတွေကို အရေးယူ စစ်ဆေးခြင်း တစုံတရာ မလုပ်ဘူးလို့ စာလိုက်ကပ်တဲ့ အဖွဲ့ဝင်တဦးက ဆိုပါတယ်။


အချို့နေရာတွေက ပိုစတာတွေကိုတော့ အာဏာပိုင်တွေက ခွာယူနေကြပြီး နေရာတော်တော်များများမှာတော့ မိုးစိုနေတာကလွဲလို့ မခွာယူသွားသေးပဲ ရှိနေသေးတယ်လို့ မန္တလေးမြို့ခံတွေက ပြောပါတယ်။ တချို့ပိုစတာတွေလည်း လမ်းတွေပေါ်မှာ တော်တော်များများ ကြဲပြန့်နေတယ်လို့ ဆိုပါတယ်။


ဒီ့အပြင် သံဃာသတ်တဲ့အစိုးရ အလိုမရှိ၊ လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေဆိုတဲ့ စာရိုက်နှိပ်ထားတဲ့ ၁၀၀ တန်နဲ့ ၅၀ တန် ငွေစက္ကူတွေလည်း မန္တလေးမြို့ထဲမှာ ကြဲဖြန့်သွားတယ်လို့ မျက်မြင်တဦးက ဆိုပါတယ်။

ရန်ကုန်မြို့မှာတော့ ကန်တော်ကြီးပတ်လမ်း၊ ယုဇန ဂါးဒင်းဟိုတယ်နားက ဗြိတိသျှသံအမတ် အိမ်နားပတ်ဝန်းကျင်မှာ Free Daw Su ဆိုတဲ့စာတွေနဲ့ GW (Generation Wave) ဆိုတာတွေကို မှုတ်ဆေးအနက်တွေနဲ့ ရေးထားတာတွေ တွေ့ရတယ်လို့ မျက်မြင်တဦးက ပြောပြပါတယ်။

အညာနွေတမာမြေ

No comments: