-->

Tuesday, August 11, 2009

အနှောင့်ယှက် အတားဆီးတွေကြားက ဆုတောင်းပွဲများ

ဒေါ်စုကို နေအိမ်အကျယ်ချုပ် ၁၈ လချမှတ်လိုက်တဲ့ ဒီနေ့မနက်မှာ မန္တလေးတိုင်း တောင်သာမြို့က အန်အယ်လ်ဒီပါတီဝင်ဟာ မြစည်းခုံဘုရားမှာ အနှောက်အယှက်အတားဆီးကြားက ဝတ်ပြုဆုတောင်းခဲ့ကြပြီး မြင်းခြံမြို့က ဆန္ဒတော်ပြည့်စေတီမှာ လာရောက်ပူးပေါင်းတဲ့အခါမှာတော့ ကြံ့ခိုင်ဖွံ့ဖြိုးရေး အပါအဝင် စွမ်းအားရှင် တထောင်ကျော် ဝိုင်းရံပိတ်ဆို့ပြီး အနှောက်အယှက်ပေးခဲ့ပါတယ်။

“ဘုရားပေါ်မှာ ပထမဆုံး မီးသတ်ကား နှစ်စီးနဲ့ပေါ့ဗျာ ရေတွေဖြန်းလိုက်တယ်၊ ရေတွေဖြန်းပြီးတော့ ဆပ်ပြာမှုန့်တွေကိုကြဲပြိးတော့ ဗွက်ပေါက်အောင် လုပ်ထားတာပေါ့ဗျာ၊ ချော်လဲအောင်ပေါ့ဗျာ။ အဲဒီအပြင် လူဦးရေကလည်း ထောင်ကျော်လောက်က စောင့်ကြည့်နေတယ်၊ ကြံ့ဖွံ့က ဦးစီပြီးတော့ အဲဒီကနေ စောင့်နေတော့ ကျနော်တို့က အဲဒီအင်အားကို တော်ရုံတန်ရုံဖြတ်နိုင်ဖို့က မဖြစ်နိုင်တော့ဘူးလေ၊ အဲဒီတော့ ပြီးတော့လည်း သူတို့ပတ်ဝန်းကျင်မှာ ပြည်သူလူထုကနေပြီးတော့ ဝန်းရံထားတယ် ကျနော်တို့က ထိပ်တိုက်တွေ့လိုက်လို့ရှိရင် ပြည်သူလူထု သွေးထွက်သံယိုဖြစ်မယ့် ကိစ္စတွေဖြစ်လာမှာဆိုတော့ ကျနော်တို့က စောင့်ကြည့်နေရတယ်” လို့် တောင်သာ လူငယ် ကိုကြည်စိုးကပြောပြပါတယ်။

မြင်းခြံမှာတော့ တားဆီးတဲ့ကြားက တက်လာရင် မီးသတ်ကား ၂စီးနဲ့ ခြင်ဆေးဖြန်းတဲ့ စက် ၂လုံးကိုလည်း အစဉ်သင့်ချထားတယ်လို့ပြောပါတယ်။ မန္တလေးတိုင်း ညောင်ဦးမြို့က ရွေစည်းခုံ ဘုရားမှာတော့ လုံခြုံရေးအပြည့်ချထားတဲ့အတွက် သံဃာတော် ၅ပါးနဲ့ အန်အယ်လ်ဒီအဖွဲ့ဝင်လူငယ် ၁၅ ယောက်တို့ဟာ ဆပ္ပဋော ဘုရားမှာ ဆုတောင်းခဲ့ရပါတယ်။

“ရွှေစည်းခုံဘုရားကြီးတခုလုံး ခြောက်ကပ်နေပြီးတော့ ရန်သူ့နယ်မြေကျနေတာပဲ။ စွမ်းအားရှင်တို့ရဲတို့ ရှိတယ်ခင်မျ။ ကြံ့ခိုင်ရေးလည်းပါတယ်။ ဘယ်နေရာမှ အလွတ်မရှိဘူး ညောင်ဦးမြို့ထဲမှာလည်း ကားတွေနဲ့ပတ်နေတယ်ခင်မျ။ အချို့နေရာမှာလည်း အစောင့်အကြပ်တွေက အများကြီးပဲ စောင့်ကြည့်နေတယ်ခင်မျ။ ဒေါ်အောင်ဆန်းစုကြည် အမိန့်ချမယ်နေ့ကို ကျနော်တို့ ဆုတောင်းပွဲလုပ်မယ်ဆိုလို့ ကြားလို့ ဒီလိုလုပ်တာပဲခင်မျ။” လို့ညောင်ဦးက လူငယ်တဦးက ဆိုပါတယ်။

မိတ္တိလာမြို့မှာတော့ ရှိသမျှဘုရားတွေကို သော့ခတ်ထားပြီး လုံခြုံရေးတင်းထားပေမဲ့ အန်အယ်လ်ဒီပါတီဝင်တွေက လုံခြုံရေးလွတ်တဲ့ ဘုရားရှာပြီး ဆုတောင်းခဲ့ကြပါတယ်။ မိတ္တီလာဈေးထဲမှာ ဒေါ်အောင်ဆန်းစုကြည်ဓါတ်ပုံတွေ ဝေခဲ့တဲ့ မိတ္တိလာ အန်အယ်လ်ဒီအတွင်းရေးမှုး ဒေါ်မြင့်မြင့်အေးက

“သူတို့ လေးမြို့နယ်စလုံးက ရဲတွေလည်းခေါ်ထားတယ်။ လုံခြုံရေး အင်အားကို အများကြီးချထားတယ်။ ဘုရားတွေ အားလုံးကို သော့ခတ်ထားတယ်။ လေးကုန်း ခုနစ်ဆူ ဘုရားက တပြားတန်ဆောင်းပေါ့လေ ချောင်လေးမှာရှိတယ် အဲဒီမှာ ကျမတို့ ဘုရားရှိခိုးတယ်။ မေတ္တာသုတ် မောရသုတ် ပဌာန်းရောပေါ့ ကျမတို့ရွတ်ဖတ်တယ်။ နောက်ဈေးထဲကိုသွားပြီးတော့ ဓာတ်ပုံတွေ လိုက်ဝေဖြစ်တယ်ပေါ့။ ဆက်လက်ပြီးတော့ ကျမတို့တောင်းဆိုရမှာပါ။ ကျမတို့လက်ထဲမှာ ငွေမရှိဘူး။ အာဏာမရှိဘူး လက်နက်မရှိဘူး။ ကျမတို့မှာ တောင်းဆိုနိုင်တဲ့အင်အားပဲ ရှိပါတယ်။ အဲဒါကြောင့် ကျမတို့က အဖြူရောင်ရှပ်အင်္ကျီတွေဝတ်ပြီးတော့ လွှတ်ပေးဖို့တောင်းဆိုမယ့် လုပ်ငန်းတရပ် ဆက်လုပ်ဖို့ ချမှတ်သွားမှာပဲ” လို့ပြောပြပါတယ်။

အခုလို အတားဆီးတွေကြားက အောင်မြင်အောင်လုပ်ခဲ့ကြသလို တခြားမြို့တွေဖြစ်တဲ့ ချောက်မြို့မှာ သံဃာ ၃ပါး အပါအဝင် အန်အယ်လ်ဒီ ပါတီဝင် တွေက မဟာအောင်မြေဘုရား၊ မကွေးက ကျောင်းသားလူငယ် ၃ဝကျော်က မြသလွန်ဘုရား ၊ ရမည်းသင်း အမျိုးသမီးအဖွဲ့ဝင်တွေက ရန်အောင်မြင်ဘုရား၊ ပျော်ဖွယ် အန်အယ်လ်ဒီအတွင်းရေးမှူး ဦးအောင်သောင်းနဲ့ အဖွဲ့က ဒီဃာယုဃ ဘုရား ၊ဝမ်းတွင်း ကိုထွန်းထွန်းနဲ့အဖွဲ့က မြတ်ဘုန်းရှင် ဘုရား၊ သဲတော ကိုအောင်သူနဲ့အဖွဲ့က တဲစုရွာ ရွာဦးစေတီ၊ မေမြို့အဖွဲ့ဝင်တွေကတော့ နမ့်ခမ်းကြီးတောင်ပေါ်ဘုရား၊ စလေမြို့ကတော့ ဆုတောင်းပြည့် ရှစ်မျက်နှာဘုရား မလှိုင်မြို့ကတော့ အောင်တော်မူ ၁၂ မုခ်ဘုရား၊ သာစည် မြို့က အဖွဲ့ဝင်တွေက လေးကျွန်းထိပ်တင် ရန်အောင်မြင် ဘုရား၊ သာစည်ဟန်ဇားရွာက အန်အယ်လ်ဒီတွေကတော့ မိုးကောင်းဘုရား ၊ ရှမ်းပြည်နယ် ညောင်ရွှေ အန်အယ်လ်ဒီ လူငယ်ကိုသောင်းဌေးနဲ့အဖွဲ့ကတော့ ရတနာမာန်အောင်ဘုရားနဲ့ ဧရာဝတီတိုင်း ပုသိမ်နဲ့ ငပုတော ပဲခူး သပိတ်ကျင်း မန္တလေး တွံတေး ဇီးကုန်း
မြို့တွေမှာလည်း ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး ဝတ်ပြုဆုတောင်းပွဲတွေကို အောင်မြင်အောင် လုပ်ခဲ့ကြတယ်လို့ သိရပါတယ်။


အညာနွေတမာမြေ

No comments: