-->

Monday, August 31, 2009

ပြည်တွင်းက သံဃာတော်တွေကို လိုက်ဖမ်းနေပြီ ...

ရေနံချောင်း၊ မြို့မတောင်ရပ်ကွက် စနေနံကျောင်းက ကျောင်းထိုင်ဆရာတော် ဦးဝိမလကို အာဏာပိုင်တွေကို ဒီနေ့နေ့လည်မှာ လာဖမ်းသွားပြန်ပါတယ်။

ဆရာတော် ပြီးခဲ့တဲ့ ရွှေဝါရောင်တုန်းက ဦးဆောင်ပါဝင်ဖူးလို့ ဖမ်းသွားတာထင်တယ်လို့ တပည့်ဒကာတွေက ဆိုပါတယ်။ ဆရာတော်ကိုဖမ်းသွားတာဟာ ပြီးခဲ့တဲ့ ၂၇ ရက်နေ့က အဖမ်းခံရတဲ့ ဆရာတော် ဦးဝါယမနဲ့ ပတ်သက်မှုများရှိမလားဆိုပြီးလည်း တပည့်ဒကာတွေ ထင်မြင်ချက်ပေးနေကြပါတယ်။

ဆရာတော် ဦးဝါယမကတော့ ရွှေစေတီ ပါဠိတက္ကသိုလ်က လက်ထောက်ဆရာတော်တပါးဖြစ်ပြီး ဆရာတော် ဦးဝိမလနဲ့လည်း ပုဂ္ဂိုလ်ရေး ရင်းနှီးကြတယ်လို့ဆိုပါတယ်။

ရွှေစေတီပါဠိတက္ကသိုလ်ကျောင်းဝင်းထဲမှာက ကျောင်းတိုက်တွေ အများကြီးရှိပြီး အဲဒီကျောင်းဝင်းထဲမှာ ဒေသခံ အန်အယ်လ်ဒီအဖွဲ့ဝင်တွေက အာဇာနည်နေ့အထိမ်းအမှတ် ဆွမ်းကပ်တာတွေ လုပ်လေ့ရှိတာကြောင့် ဆရာတော်ဟာ ဒါနဲ့ပတ်သက်တယ်လို့ထင်ပြီး ဖမ်းသွားတာလို့ ဆိုကြပါတယ်။

ဆရာတော်ဟာ နိုင်ငံရေးလုပ်တာလည်း မဟုတ်တာကြောင့် ဆရာတော်ကိုအခုလိုဖမ်းသွားတာကို ဒကာ၊ ဒကာမတွေက စိုးရိမ်ပူပန်နေကြပါတယ်။ ဆရာတော်ကို ရန်ကုန်စစ်ကြောရေးကို ခေါ်သွားတယ်လို့လည်း သတင်းတွေထွက်နေပါတယ်။
စက်တင်ဘာ လှုပ်ရှားမှုကို စလုပ်ခဲ့တဲ့ ပခုက္ကူက သံဃာတော်နှစ်ပါးကိုလည်း ၂၇ ရက်နေ့နဲ့ ၂၈ ရက်နေ့ညတွေမှာ ဒေသခံအာဏာပိုင်တွေက ဖမ်းသွားတာဟာ အခုချိန်ထိ ဘယ်မှာထားလို့ ဘာလုပ်မှန်းမသိရသေးပါဘူး။

ပခုက္ကူ၊ ရေနံချောင်း၊ မုံရွာ၊ မြင်းခြံနဲ့ မန္တလေးက နာမည်ကြီးကျောင်းတိုက်တွေမှာတော့ စွမ်းအားရှင်တွေ ကြံ့ဖွံ့တွေ အရပ်ဝတ်နဲ့ရဲတွေ ၀င်လိုက်ထွက်လိုက်၊ ကျောင်းပတ်ဝန်းကျင်တွေမှာ နီးနီးတမျိုး ဝေးဝေးတသွယ်စောင့်ကြည့်လိုက်နဲ့ ခြေချင်းလိမ်နေပါတယ်။

အညာနွေတမာမြေ

No comments: