ဟိုး လွန်ခဲ့တဲ့ နှစ်နှစ် ကာလ … ဒီလိုအချိန် စက်တင်ဘာနေ့ရက်တွေ …
… နေတွေ ချစ်ချစ်တောက် ပူနေတယ်။ ဒါပေမယ့် သံဃာတော်တွေ ထီး နဲ့ဖိနပ် မပါပဲ ချွေးတွေနဲ့ လမ်းလျှောက်နေကြတယ်။ အရည်ပျော်နေတဲ့ ကတ္တရာပြင်မှာ ခြေဖ၀ါးတွေ ပူလောင်လို့ .. နေပူရှိန်အောက်မှာ မျက်နှာတွေ နေလောင် နီမြန်းလို့။
မိုးတွေ သည်းသည်းမည်းမည်း ရွာနေတယ်။ ဒါပေမယ့် သံဃာတော်တွေ ထီး နဲ့ ဖိနပ် မပါပဲ သင်္ကန်းတွေ စိုရွဲလို့ လမ်းလျှောက်နေကြတယ်။ ခိုက်ခိုက်တုန်ပြီး နှုတ်ခမ်းတွေတောင် ပြာလို့။
“လူအချင်းချင်းနှိပ်စက်ခြင်း ကင်းရှင်းကြပါစေ။ တို့မေတ္တာစွမ်း ကမ္ဘာလွှမ်း ငြိမ်းအေးကြပါစေ” ဆိုတဲ့ အဆက်မပြတ် မေတ္တာပို့သံတွေက နီးလာလိုက် … ဝေးသွားလိုက် …
လမ်းဘေးမှာ လူတွေ အများကြီးရပ်ကြည့်နေကြတယ်။ တချို့အမျိုးသမီးတွေ ထိုင်ကန်တော့ကြတယ်။ တချို့ငိုကြတယ်။ လက်သီးတင်းတင်းဆုပ်ရင်း မျက်ရည်ဝဲနေတဲ့ ယောင်္ကျားရင့်မကြီးတွေကို တွေ့တယ်။ လူငယ်လေးတွေ လက်ခုပ်တီး အားပေးကြတယ်။
အမျိုးသမီးကြီး တယောက်ကဆို “တပည့်တော်တို့ အတွက်နဲ့ ဦးပဉ္ဇင်းတို့က နေပူမိုးရွာမရှောင် လမ်းပေါ်ထွက်နေကြရပြီ” ဆိုပြီး မျက်ရည်တွေနဲ့ လက်အုပ်လေးချီလို့။
လက်မရွံ စွမ်းအားရှင်တွေကတော့ မနှစ်လိုတဲ့ အမူအရာတွေနဲ့ နေရာတိုင်းမှာ။ ဝေါ်ကီတော်ကီတွေနဲ့ အလုပ်ရှုပ်နေတဲ့ အရပ်ဝတ်နဲ့ရဲတွေ .. ဓာတ်ပုံတွေရိုက်ရင်း မျက်စိတွေကလည်း ကျီးကန်းတောင်းမှောက် … သားကောင်ကိုရှာနေကြတဲ့ပုံမျိုး …
ကင်မရာသမားတွေကလည်း အများသားလား .. ရှောင်ရှောင် .. အဲဒီ ကင်မရာတွေကို .. သူ့လူလား ကိုယ့်လူလားဆိုတာ ဘယ်သူမှ မသိကြဘူး …
ဒီသတင်း ဒီပုံရိပ်တွေက အင်တာနက်က သတင်းတွေမှာ .. ဘလော့ခ်တွေမှာ .. ရေဒီယိုထဲမှာ .. နိုင်ငံခြား ရုပ်သံလိုင်းတွေမှာ …
စက်တင်ဘာ 26 ရက် …မနက် ၉ နာရီခွဲ … ကျမဆူးလေနား ရောက်တော့ ဆူးလေစေတီတ၀ိုက် နဲ့ မြို့တော်ခန်းမ တ၀ိုက်မှာ သေနတ်တွေနဲ့ ရဲတွေ၊ စစ်သားတွေ။ ၀ါးရင်းတုတ်တွေနဲ့ စွမ်းအားရှင်တွေ။ မာကြောကြော သူတို့မျက်နှာတွေက ကြောက်စရာပါလား … သူတို့ ဘာကိုများ ရန်မူနေကြတာပါလိမ့် …
ဒါတွေကို ကျောခိုင်းပြီး ရုံးကိုရောက်တော့ ရွှေတိဂုံမှာ သံဃာတွေ စုဝေးနေတယ် .. သူတို့ကို ရဲတွေနဲ့ စစ်တပ်က မသွားဖို့ တားနေတယ်ဆိုတဲ့ သတင်းကြားရတယ် …
မကြာပါဘူး .. တတီတီမြည်တဲ့ဖုန်းကို ကိုင်လိုက်ချိန်မှာတော့ …
"အမ .. အမ .. သူတို့လေ … သူတို့ရိုက်နေကြတယ် .. လုပ်ပါအုံးအမရယ် .. ကယ်ပါအုံး .. သူတို့ လုပ်ရက်တယ်ဗျာ .. လာခဲ့ပါအုံး အမရယ်" နဲ့ ကျမရုံးက မောင်ငယ်တယောက် ငိုပြီး ပြောနေတဲ့အသံ…
"ဟဲ့ နေပါအုံး .. ဖြည်းဖြည်းပြောပါဟ ဘာဖြစ်တာလဲ .. ဘယ်သူဘာဖြစ်တာလဲ .. မင်းက ဘယ်ရောက်နေတာလဲ" ဆိုတော့ ရွှေတိဂုံအရှေ့ဖက်မုခ်မှာတဲ့ .. မေတ္တာပို့ လမ်းလျှောက်ဖို့ စုရုံးနေတဲ့ သံဃာတော်တွေကို စစ်သားတွေက ရိုက်နေတာတဲ့။ အခု သူတို့ အဲဒီကနေဖောက်ထွက်လာပြီး မြို့ထဲကို လာဖို့ ပြင်နေပြီ ဆိုလာပါတယ်။ ကျမကိုလည်း လာခဲ့ဖို့ ခေါ်နေပါတယ်။
သူပြောတာတွေ နားထောင်နေရင်း ကျမ မျက်ရည်တွေဝဲလာတယ်။ စိတ်ထဲ အမျိုးအမည်မသိတဲ့ ခံစားမှုတခု ဖြစ်လာတယ်။
သူ့ဖုန်းချပြီးတဲ့နောက် ကျမသူငယ်ချင်းတွေဆီက ဖုန်းဝင်လာပြန်တယ်။ သူတို့ရုံးတရုံးလုံးထွက်ပြီး သံဃာတော်တွေနဲ့ လမ်းအတူသွားလျှောက်မယ်တဲ့ ရေကျော်လမ်းကို လာခဲ့ပါတဲ့။
ကျမအလုပ်လုပ်နေတဲ့ Tour Company က လမ်း ၅၀ မှာရှိတော့ ရေကျော်လမ်းကနေလာတဲ့အုပ်စုနဲ့ သွားပူးပေါင်းဖို့က သိပ်မဝေးလှဘူး။
ကျမချီတုံချတုံဖြစ်နေတယ်။ လုပ်စရာအလုပ်တွေကလည်း တပုံတပင် .. ကြားနေရတာတွေကလည်း ကျမခြေလှမ်းတွေကို ရုံးပြင်ထွက်ဖို့တွန်းအားပေးနေပြန်ပါတယ်။
ကျမစားပွဲရှေ့မှာတော့ "အမ .. ကျမတို့ရုံးဆင်းတော့မယ်နော်" ဆိုပြီး မျက်ရည်တွေနဲ့ ငွေစာရင်းဌာနက ညီမလေးတွေက ခွင့်လာတောင်းပြန်ပါတယ်။ "ကျနော်တို့လည်း ရုံးဆင်းပါရစေ အမ" ဆိုပြီး အိုင်တီဌာနက မောင်ငယ်တွေကလည်း ခွင့်တောင်းနေပါတယ်။ ဟယ် .. သူတို့လေးတွေမျက်ဝန်းထဲမှာ ၀မ်းနည်းနာကြည်းမှုတွေနဲ့ပါလား …
'၀တ်ရည် နင်မသွားနဲ့ .. ပြဿနာတက်လိမ့်မယ် .. အဖမ်းခံရလိမ့်မယ် .. နင်မကြောက်ဘူးလား .. ဒီမှာလည်း အလုပ်တွေ အများကြီး .. ဧည့်သည်တွေ ကိစ္စတွေ လုပ်ရအုံးမယ်' တဲ့ … ကျမနဲ့ ဌာနတခုတည်းက မမချို က ကျမကို တုန်တုန်ရင်ရင်နဲ့ တားပါတယ်။
ကျမ ဘာလုပ်ရမလဲ .. သေချာတာက ဒီလိုပုံစံမျိုးနဲ့ ကျမ အလုပ်လုပ်ဖို့ စိတ်နှစ်လို့ရမှာမဟုတ်ဘူး။ ကျမသူငယ်ချင်းတယောက်ကလည်း ငိုသံပါကြီးနဲ့ '၀တ်ရည် ငါတို့ပုဇွန်တောင်ကို ရောက်နေပြီ .. ငါတို့ရဲ့ သံဃာတော်တွေကို ရိုက်ထားလိုက်ကြတာများ လာကြည့်လှည့်ပါဟာ' တဲ့။
ရုံးက မောင်လေးညီမလေးတွေထွက်သွားတော့ ရုံးမှာ ကျမနဲ့ မမချိုရယ် ရုံးကားမောင်းတဲ့အကိုကြီးနဲ့ ရုံးအကူ ကောင်လေးနှစ်ယောက်ပဲကျန်တော့တယ် …
ကြောက်စိတ်ကတဖက် မခံချင်စိတ်က တဖက် လွန်ဆွဲနေတဲ့ကျမ ဆုံးဖြတ်ချက်ချလိုက်တယ် … 'အမ .. ညီမကို စိတ်မရှိပါနဲ့ .. ဒီလောက်အခြေအနေတွေဖြစ်နေတာ ဘယ်ဧည့်သည်မှ လာတော့မှာမဟုတ်ဘူး .. အခုဖြစ်နေတဲ့အခြေအနေထက် အရေးကြီးတာ ဘာမှမရှိဘူး။ အခု မတရားဖြစ်နေတာကို ညီမတို့က ငြိမ်နေရင် ဘယ်တော့မှ လွတ်မြောက်တော့မှာ မဟုတ်ဘူး' လို့ ပြောပြောဆိုဆိုနဲ့ ကျမ ရေကျော်လမ်းဖက်ကို ထွက်ခဲ့ပါတယ်။ ကျမ အနောက်ကို လှည့်ကြည့်တော့ မမချိုရယ်လေ .. သူလည်း အိတ်လေးကိုင်ပြီး ကျမတို့နောက်မှာ …
ဗုဒ္ဓဘာသာဝင်တယောက် မဟုတ်ပေမယ့် ကျမစိတ်တွေ လှုပ်ရှားနေတယ်။ ကျမအတွက်တော့ ဒါဟာ ဘာသာရေးနဲ့ မဆိုင်ဘူး။ ဒါက မြန်မာ ပြည်သူတွေ အားလုံးရဲ့ အရေးဖြစ်တယ်။
ရေကျော်လမ်းထိပ်ရောက်တော့ တွေ့ပါပြီ … သံဃာတော်တွေကို လူတွေက ဘေးက ၀န်းရံပြီး ဆူးလေကို ဦးတည်ပြီး လာနေတယ်။ အဲဒီထဲမှာ လူတယောက်က “ဒီမှာ ကြည့်ကြပါ။ စစ်သားတွေက ဦးပဉ္ဇင်းတွေကို ရိုက်တယ်” ဆိုပြီး စိတ်ဆိုးမာန်ဆိုး ပြောနေတယ်။
အရိုက်ခံရတဲ့ ဦးဇင်း တပါး၊ ခေါင်းကွဲတဲ့ ဒဏ်ရာက ဖူးယောင်ပြီး သွေးတွေက ပခုံးအထိ စီးကျလို့။ အဲဒီဒဏ်ရာကို အုပ်ထားတဲ့ စနိုးတာဝါ အဖြူလေးက သွေးရောင်တွေ နီစွေးလို့။
နောက်တပါးကလည်း ခြေထောက်မှာ သွေးတွေ။ နောက်တပါး၊ နောက်တပါး …. ၀တ်ရည် ဆက်မကြည့်ရဲတော့ဘူး။
ကျမနားက လူတွေ ဒေါသတွေ ထွက်လို့၊ အံတွေကြိတ်ပြီး လူတန်းထဲကို ၀င်ပြီး လိုက်ကြတယ်။ တချို့အမျိုးသမီးတွေ မျက်ရည်တွေနဲ့ လက်တွေ ၀င်တွဲလို့။
ဘယ်အချိန်က အနားရောက်နေမှန်းမသိတဲ့ မမချိုရယ်လေ … ကျမကို ဖက်ပြီး ငိုလိုက်တာ။ ဘာလို့လဲ ဆိုတာကို မေးမရ။ ကျမကိုယ်တိုင်လည်း မျက်ရည်တွေ လည်လို့။
ဘယ်အရာက ၀တ်ရည်စိတ်ကို နှိုးဆော်လိုက်မှန်း မသိ ကျမကိုယ်တိုင် လူတန်းထဲမှာ သူငယ်ချင်းတွေနဲ့ အတူ လက်ချိတ်ပြီး ပါသွားတယ်။
အနော်ရထာလမ်းပေါ်ကို ရောက်လာပြီ။ ၄၇ လမ်းမှာ ရှိတဲ့ ဗိုလ်တထောင်မြို့နယ် ရဲစခန်းရှေ့မှာပေါ့။ ဟိုင်းလတ်ကား ၁၀ စီးလောက်နဲ့ ရဲတွေ စောင့်နေတယ်။ သူတို့က ချီတက်လာတဲ့ ကျမတို့အဖွဲ့ကို ဆက်မသွားဖို့ တားတယ်။ အဲဒီမှာ သံဃာတော်တွေက သူတို့ကို ထိုင်ရှိခိုးမယ်လုပ်တော့ ရဲသားတွေ ကားတွေပေါ် အလျှိုအလျှိုတက်ပြီး ကားတွေကို မောင်းပြေးကြတာ။
သံဃာတွေနဲ့ လူတွေလည်း ဆူးလေကို ဆက် ချီတက်ကြတယ်။ ပန်းဆိုးတန်းလမ်းကို ကျော်လာချိန်မှာတော့ သေနတ်သံတွေ တဖောင်းဖောင်း မြည်သွားတယ်။ ကျမက အရှေ့မှာ မဟုတ်တော့ ဘာဖြစ်လဲ မသိရဘူး။
လူအုပ်ကြီးကတော့ အရှိန်နည်းနည်း တန့်သွားတယ်။ ဒါပေမယ့် ခနပါပဲ။ အရှေ့ကို ဆက်ရွှေ့သွားတယ်။ သေနတ်သံတွေ ထပ်ကြားရပြန်တယ်။ ကျမတအား စိတ်ပူသွားတယ်။ အရှေ့ဆုံးက လူတွေ အပစ်ခံရပြီလား … ဘယ်နေရာကပစ်နေတာလဲ .. ဘယ်သူတွေပစ်နေတာလဲ …
နောက်ထပ် သေနတ်သံတွေ မြည်လာပြန်တယ်။ အဲဒီ အချိန်မှာတော့ အရှေ့က လူအုပ်ကြီးဟာ ကျမတို့ အနောက်ဖက်ကို ပြန်ပြိုဆင်းလာတာ ကျမကြောင်ပြီး ရပ်ကြည့်နေတယ်။ ကျမလက်တွဲထားတဲ့ သူငယ်ချင်းကိုလည်း မတွေ့တော့ဘူး။ မမချို .. မမချိုလည်းပျောက်သွားပြီ …
ပြေးလာတဲ့ ဦးလေးကြီးတယောက်က “ဟဲ့ကလေးမ ဘာရပ်လုပ်နေတာလဲ ပြေးပြေး” လို့ အော်ပြီး ကျမကိုဆွဲပြေးတော့မှ ကြောက်ကြောက်နဲ့ ပြန်ပြေးလာတာ ဖိနပ်ပြတ်သွားတာလဲ ဂရုမစိုက်အားတော့ဘူး။ ချော်လဲတာလဲ နာရမှန်း မသိတော့ဘူး။ ရုံးကို ဘယ်လိုပြန်ရောက်လာမှန်းကို မသိလိုက်ဘူး။
အမှန်ကတော့ သေနတ်သံတွေက ၀တ်ရည်ရှိတဲ့ နေရာနဲ့ အဝေးကြီးပါ။ အခုအချိန် ပြန်စဉ်းစားကြည့်မိတော့ ကိုယ်အကြောက်ကြီးမိတာကိုပဲ ရှက်ရမလို ရီရမလိုနဲ့ပါ။
သေနတ်သံတွေ မြည်လာတာနဲ့ တဆက်ထဲမှာ မီးတွေလည်း ပျက်၊ ဖုန်းလိုင်းတွေလည်း ပျက်ကုန်ပါတယ်။
ရန်ကုန်မြို့ပေါ်က အခြား အခြားသော ဘုန်းတော်ကြီးကျောင်းတွေက သံဃာတော်တွေလည်း လမ်းပေါ်ထွက်လာကြပြီး ဆူးလေဖက်ကို ဦးတည်လာခဲ့ကြတော့ ဘုန်းကြီးလမ်းနဲ့ ဗိုလ်ချုပ်လမ်းထောင့်မှာတင် လမ်းတွေ ပိတ်သွားပြီး လိုင်းကားတွေရပ်သွားခဲ့တယ်လို့ သိလိုက်ရပါတယ်။
ကျမ အိမ်ကိုဖုန်းဆက်လို့မရတော့ဘူး။ အလုပ်ကိုယ်စီ သွားနေတဲ့ ကျမမောင်လေးတွေကို ဘယ်လိုမှ ဆက်သွယ်လို့မရတော့ဘူး .. အဲဒီတော့မှ ကျမ မောင်လေးတွေကို စိတ်ပူစ ပြုလာတယ် …
ရုံးပိတ်ပြီး အိမ်ပြန်မယ်လုပ်တော့ လိုင်းကား တစီးမှ မရှိတော့ .. တက္ကစီလည်း တစီးမှာ ငှားမရတော့ .. လမ်းတွေကလည်း ပိတ်ထားတယ်တဲ့ .. ဗိုလ်အောင်ကျော်လမ်းက မမ တို့အိမ်မှာ သွားအိပ်ရုံက လွဲပြီး ဘယ်လမ်းမှ မရှိတော့ ..
မမ အိမ်ရောက်တော့ ကျမခြေထောက်က ဒဏ်ရာတွေ ဆေးထည့်ပေးရင် မမက ကျမကို ဆူပါတော့တယ်။ ဖုန်းလိုင်းတွေ ပြန်ကောင်းတော့မှ အိမ်ကိုဖုန်းဆက်ပြီး စိတ်မပူဖို့လှမ်းပြောရပါတယ်။
အမှောင်ထု စလွှမ်းလာချိန်မှာတော့ တမြို့လုံး သုသာန်တစပြင်လို တိတ်ဆိတ်နေပါတယ်။ ခါတိုင်းလူတွေစည်ကားနေတဲ့ လမ်းတွေမှာ ပတ်တရောင်လှည့်နေတဲ့ ကားစိမ်းကြီးတွေကတော့ ညဥ့်နက်နက်မှာခြောက်တဲ့ တစ္ဆေတွေအလား ..
တိတ်ဆိတ်မှုကို ဖောက်ထွင်းလာတဲ့ 'ညနေခြောက်နာရီမှ မနက် ၆ နာရီအထိ ညမထွက်ရအမိန့်ချမှတ်လိုက်သည်' ဆိုတဲ့ သတ္တုသံ ကွဲရှရှနောက်မှာတော့ ရင်တထိတ်ထိန်နဲ့ ဘယ်သူတွေများ သေနတ်ထိကုန်ပြီလဲ။ ဒဏ်ရာရထားတဲ့ ဦးဇင်းတွေ ဘာဖြစ်သွားလဲ ဆိုတာတွေပဲ စဉ်းစားနေမိပါတယ်။
၂၇ ရက်နေ့ …
ကျမရဲ့ e-mail box ထဲမှာ ဧည့်သည်တွေဆီက ခရီးစဉ်ဖျက်လိုက်တဲ့အကြောင်း Cancellation notice တွေပြည့်နေပါတော့တယ်။ အောက်တိုဘာလထဲမှာ လာမယ့်ခရီးစဉ်တွေ၊ ငွေတ၀က်ချေပြီးသား ခရီးစဉ်တွေ … အို ကျမ မေးလ်တွေစစ်ရင်း ငိုနေမိတယ်။ ဘာကိုဝမ်းနည်းနေလဲ .. ဘာကြောင့် ၀မ်းနည်းနေတာလဲ .. အဖြေမသိ …
ညဖက် … တောင်ဥက္ကလာက ငွေကြာယံကျောင်းတိုက်ကို ၀င်စီးလိုက်ပြီး သံဃာတွေကို ရိုက်နှက်ဖမ်းသွားတယ်ဆိုတာတွေလဲ ကြားရတယ်။ လူတွေရဲ့ဒေါသက မနေ့ကထက် ဒီဂရီမြင့်လာတယ်။
မမက ကျမကို အိမ်ပြန်ဖို့ပြောတယ်။ ရုံးကလည်း တပတ်ပိတ်ထားလိုက်တယ်။ ရုံးကတော့ ဒီနေ့ဖွင့်ဖို့ ဘယ်လိုမှမဖြစ်တော့။ ဒီနေ့ဆို အခြေအနေတွေက ဘယ်လိုဖြစ်မယ်မှန်းမသိ။
ကမ်းနားလမ်းကနေ တစီးတည်းသော လိုင်းကားနဲ့ ကျမ ပြန်လာတယ်။ ဆူးလေအ၀ိုင်းနားရောက်တော့ သံဆူးကြိုးတွေ ကာထားတာတွေ့ရတယ်။ စစ်သားတွေ .. စစ်သားတွေ .. ကားကြီး ကားငယ်တွေနဲ့ .. သေနတ်တွေ ဒိုင်းတွေနဲ့ ...
ခါတိုင်း ကားတွေပြည့်ညှပ်နေတတ်တဲ့လမ်းတွေ .. ခြောက်ခြားစရာကောင်းလောက်အောင် ရှင်းလို့ …
'ဒီနေ့ ဦးတို့ကားတွေ ထွက်မှာမဟုတ်ဘူး။ အခုတောင် ဦးက အင်းစိန်ဖက်ကို ကားသိမ်းရမှာမို့လို့။ မနေ့က ဦးတို့လိုင်းမှာ ဦးတို့ကားတစီးပဲ မြို့ထဲရောက်ပြီး ပြန်မရဖြစ်နေတာ' လို့ ကျမကို ကားသမား ဦးလေးကြီးက ပြောပြပါတယ်။
ကျမတို့ လမ်းထိပ်မှာတော့ ချောဆွဲထားဟန်တူတဲ့ ဒိုင်နာကား သုံးလေးစီးပေါ်ကို ၀ါးရင်းတုတ်တွေ ကိုယ်စီနဲ့ ကျမတို့ ရပ်ကွက်ထဲက အမြဲအရက်မူးပြီး ရမ်းကားနေတတ်တဲ့ စွမ်းအားရှင်ဆိုလေတဲ့ လူရမ်းကားတွေအပြည့်နဲ့ရယ်လေ …
'မင်းတို့ကောင်တွေ ဘယ်သွားမလို့လဲ။ အဲဒီဝါးတွေက ဘာလုပ်ဖို့လဲ' ဆိုတဲ့ ဦးလေးကြီးတယောက်ရဲ့အမေးကို သနပ်ခါး ပါးကွက်ကြား၊ စွပ်ကျယ်စုတ်စုတ်၊ ပုဆိုး တိုတို ပရမ်းပတာဝတ်ထားတဲ့ လူရမ်းကားတယောက်က
'ကျနော်တို့ မြေနီကုန်းဖက် တာဝန်ကျတယ်ဗျ။ လူရှုပ်တွေကို သွားဆော်မလို့' တဲ့လေ
'အေး မင်းတို့ ကြည့်လုပ်ကြပေါ့ကွာ' လို့ ပြန်ပြောလိုက်တဲ့ ဦးလေးကြီး စကားအဆုံး၊ ၀ူးခနဲထွက်သွားတဲ့ ကားပေါ်မှာတော့ သကောင့်သားတွေက မာန်မပါတဲ့ စပ်ဖြီးဖြီးမျက်နှာပေးတွေနဲ့ ပါသွားပါတော့တယ်။ တနေ့ ငွေကျပ်သုံးထောင်နဲ့ ဒံပေါက်ထမင်း မသဒ္ဓါရေစာတွေစားပြီး ကိုယ် ကိုးကွယ်တဲ့ သံဃာတွေကို သွားရိုက်မယ့်သူတွေလေ …
အိမ်ရောက်တော့ ကျမ အဒေါ်တွေက ဆူလိုက်တာ။ အမေနဲ့အဖေကလည်း ဒီနေ့ဘယ်မှမသွားနဲ့တဲ့ …
ကျမတို့ မောင်နှမတတွေ မြို့ထဲ မသွားဖြစ်ပဲ အချိန်ပြည့် TV ကြီးဖွင့်ပြီး သတင်းတွေ စောင့်နားထောင်နေတာ။ ရွှေတိဂုံမှာ ရောက်နေတဲ့ သူငယ်ချင်းတွေ ဖုန်းတွေ ဆက်ဆက်လာကြတယ်။ ဖုန်းထဲမှာ နံပတ်ဒုတ်တွေကို ဒိုင်းနဲ့ တဗြန်းဗြန်းရိုက်သံတွေ ကြားနေရတယ်။ သူတို့ ဖုန်းထဲကနေ တဆင့် သေနတ်သံတွေ ကြားရတယ်။ ကြောက်တတ်တဲ့ ဘာလုပ်ရမှန်းမသိ ဖြစ်နေတယ်။
ကျေးဇူးရှင် ကျမသူငယ်ချင်းကလည်း ဖုန်းကို မပိတ်ပဲ ပြေးနေလားမသိ … အသံတွေ .. ဆူဆူညံညံ အော်သံတွေ ..
TV ဖန်သားပြင်မှာတော့ ရွှေတိဂုံခြေတော်ရင်းမှာ သံဃာနဲ့ ပြည်သူတွေကို ပစ်ခတ်၊ ရိုက်နှက်နေတာတွေ … နောက်ကျောတွေကို ရိုက်တယ် ခေါင်းတွေကို ရိုက်တာများ သွေးတွေ .. သွေးတွေ …
ဟောဟို ဆူးလေမှာ .. လူတွေကို တည့်တည့်ကြီး သေနတ်တွေနဲ့ ပစ်ဟယ်ခတ်ဟယ်နဲ့ ပုံခနဲလဲသွားတဲ့သူတွေ … အို .. ကျမ မကြည့်ရက်တော့ …
ကျမ သူတို့ဆီသွားချင်တယ် .. ကျမ ဘယ်လိုလုပ်ရမလဲ .. ကျမ အဒေါ်နဲ့ ဦးလေးက ခြံဝင်းသော့ခတ်ထားပြီး သော့ကိုဖွက်ထားတယ် .. ကျမ အကိုဝမ်းကွဲတွေရော .. မောင်လေးတွေနဲ့ ကျမပါ အပြင်ထွက်ခွင့်မရ ..
၂၈ .. ၂၉ .. ၃၀
ဘယ်မှာဖြင့် လူတွေဘယ်လောက် သေတယ်။ မသေမရှင်ဖြစ်နေတဲ့သူတွေကို ရေဝေးက မီးသဂြိုလ်စက်ထဲ ဒီတိုင်းထည့်ပစ်တယ် .. ဘယ်သူတွေဖြင့် အဖမ်းခံရတယ်။ ဆန္ဒပြပွဲမှာ ပါတဲ့သူတွေကို ဖမ်းတယ်ဆိုတဲ့ သတင်းတွေ ကြားရတယ်။ အဖမ်းခံရမှာစိုးလို့ ကိုယ့်အိမ်ကို မအိပ်ရဲတဲ့သူတွေ နယ်မြို့တွေကို ရှောင်ပြေးတဲ့သူတွေရဲ့အကြောင်းတွေ၊ လူပျောက်ရှာတဲ့သတင်းတွေ … သားသမီးပျောက်ရှာတဲ့ မိဘတွေရဲ့ ပူဆွေးသံတွေက နားနဲ့မဆန့် … အစောင့်အကြပ်တွေအပြည့်နဲ့ အင်းစိန် GTI ကျောင်းဝင်းဟောင်းထဲမှာတော့ အမိုးပိတ်ကားကြီးတွေ ၀င်လိုက်ထွက်လိုက် …
လူထုလှုပ်ရှားမှုဆိုတာလည်း ကြက်ပျောက်ငှက်ပျောက် …
နောက်နေ့ နောက်နေ့တွေမှာတော့ လူတွေ တဖြည်းဖြည်း လုပ်ငန်းခွင် ပြန်သွားကြတယ်။ ကျီးလန့်စာစား မျက်နှာလေးတွေနဲ့ …
၂၀၀၇ ကျော်လွန်လာပေမယ့် .. ကျမတို့ Tour Operator တွေကတော့ ရွှေမြန်မာကို အလည်လာမယ့် ရွှေဧည့်သည်တွေ ဖျက်သွားတဲ့ ခရီးစဉ် Cancellation တွေ တပုံတပင်ကြားမှာ ဧည့်သည်တော်တွေ ပြန်လာလည်ဖို့အရေး လုံးပန်းရင်း … ကျမ ဘော်ဘော် Tourist Guide တွေမှာလည်း အဆမတန် အလုပ်တွေပါးသွားတာတွေကြောင့် တက်ပြီးရင် ပြန်ကျရိုးထုံးစံမရှိတဲ့ ကုန်ဈေးနှုန်းကို အမှီလိုက်နိုင်ဖို့ အခြားအလုပ်တွေ ပြောင်းလုပ်ကြရင်း … ကျမရုံးက လုပ်ဖော်ကိုင်ဖက်တွေကလည်း ရေကြည်ရာမြက်နုရာ နိုင်ငံရပ်ခြားကို ရွှေ့ပြောင်းကြရင်း … စစ်အာဏာရှင် စနစ်ဆိုးအောက်က ဖွတ်ဖွတ်ညက်ညက်ကြေနေတဲ့ တိုင်းပြည် ပြောင်းလဲမှုဖြစ်လာမယ့် ရက်ကို မျှော်လင့်စောင့်ရင်း … ရွှေပြည်တော်မျှော်တိုင်းဝေးရင်း …
မာန်
နောက်ဆုံးရ မြန်မာသတင်းများ
4 years ago
No comments:
Post a Comment