-->

Thursday, September 17, 2009

ဒေသတွင်းနဲ့ တကမ္ဘာလုံးက စိုးရိမ်ရမယ့် အမှု

နျူကလီးယားဓာတ် ထုတ်လုပ်ရာမှာ အသုံးပြုတဲ့ ယူရေနီယံသတ္တုတွေ ဖမ်းမိလို့ဆိုပြီး ဗိုလ်မှူးတယောက်နဲ့ နေပြေငြိမ်းဆိုသူတို့ကို မန္တလေး အောင်မြေသာဇံ တရားရုံးက တရားစွဲထားတယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။

အဲဒီ ဗိုလ်မှူးနဲ့ နေပြေငြိမ်း (ခ) ၀မ်းတူးတူး (အဖ) ဦးတင်ထွေး၊ ၂၁ လမ်းနဲ့ ၉၀ လမ်းထောင့် မန္တလေးနေသူတို့ဟာ ယူရေနီယံ သတ္တု ၇၆ ကျပ်သားကို သပိတ်ကျင်းမြို့နယ် ကျောက်ကြီး သတ္တုဒေသက စစ်ဖက်ဆိုင်ရာဝန်ထမ်းတွေနဲ့ ပူးပေါင်းခိုးထုတ်ယူလာဖြစ်ပြီး မန္တလေးမြို့အထွက် ၁၆ မိုင် စစ်ဆေးရေးဂိတ်မှာ ဖမ်းမိတာလို့ သိရပါတယ်။


အမည်မသိရတဲ့ ဗိုလ်မှူးဆိုတဲ့သူကတော့ ထွက်ပြေးလွတ်မြောက်သွားပြီး နေပြေငြိမ်းကိုတော့ မန္တလေး အောင်မြေသာဇံမြို့နယ်တရားရုံးမှာ တရားစွဲထားပါတယ်။

စွဲဆိုထားတဲ့ အမှုကလည်း အဲဒီ ယူရေနီယံ မိတာကြောင့်ဆိုတာကို ဖုံးကွယ်ဖျောက်ဖျက်ထားပြီး ပုဒ်မ ၁၇/၁ တောတွင်းအဖွဲ့များနှင့် ဆက်သွယ်မှု၊ ပုဒ်မ ၅/၁ တရားမ၀င် ပစ္စည်း သွင်းကုန်ထုတ်ကုန်မှု၊ ပုဒ်မ ၁၃/၁ လ၀က မှု ဆိုတဲ့ အမှု ၃ မှု၊ ရာဇ၀တ်မှုကြီး ၄၃၂ / ၀၉ နဲ့ တရားစွဲထားတယ်လို့ သိရပါတယ်။

အဲဒီအမှုကို ပြီးခဲ့တဲ့ စက်တင်ဘာ ၉ ရက်နေ့က နောက်ဆုံးကြားနာစစ်ဆေးခဲ့ပြီး တရားခံ နေပြေငြိမ်းကိုယ်တိုင်က အဲဒီပစ္စည်းတွေကို သပိတ်ကျင်း ကျောက်ကြီးသတ္တုဒေသက စစ်ဘက်ဝန်ထမ်းတွေက ခိုးထုတ်ရောင်းချတယ်၊ တရုတ်ပြည်ဖက်ကို သွားပို့ဖို့ သယ်လာတာ၊ ပစ္စည်းတန်ဖိုးက တကျပ်သားကို သိန်းတရာ ရှိတာမို့ အခု ဖမ်းမိတဲ့ ၇၆ ကျပ်သားဟာ ကျပ်သိန်း ၇၆၀၀ လောက်တန်တယ်လို့ တရားရုံးကို ထွက်ဆိုဝန်ခံထားတယ်လို့ တရားရုံးနဲ့ နီးစပ်တဲ့ သတင်းရပ်ကွက်ကနေ သိရပါတယ်။

ဒီလို ခိုးထုတ်ရောင်းချတာ တတိယအကြိမ်မြောက်မှာ အခုလို ဖမ်းမိတာလို့ ဆိုပါတယ်။ နေပြေငြိမ်းရဲ့ အိမ်ကိုလည်း စစ်ဘက်ရဲဘက်တွေ သွားရောက်ရှာဖွေရာမှာ အင်အားအဆမတန်များပြားတာကြောင့် ရပ်ကွက်ထဲက လူတွေ အံ့သြထိတ်လန့်ခဲ့ရတယ်လို့ ဆိုပါတယ်။

အဲဒီအမှုကို စတင် ကိုင်တွယ်ခဲ့တဲ့ တရားသူကြီး ဦးတင်မောင်မြင့်က မတရား ငွေယူလို့ဆိုပြီး အခု မူဆယ်ကို ပြောင်းသွားရပြီလို့ ဆိုပါတယ်။ အခုတော့ အဲဒီအမှုကို အမှုစစ်အရာရှိ ဦးကိုကိုလေး၊ ဥပဒေ အရာရှိ အစိုးရရှေ့နေ ဦးသန်းနိုင်တို့က စစ်ဆေးနေပြီး တရားခံဖက်က ရှေ့နေ ဦးသန်းလွင်က လိုက်ပါဆောင်ရွက်နေတယ်လို့ သိရပါတယ်။

အညာနွေတမာမြေ

No comments: