-->

Friday, October 2, 2009

အိမ် နှင့် ကြေကွဲလွမ်းရိပ်

ဘ၀က ရေလုံပြုတ်အိုးထဲ
ရုပ်တောင်မပီချင်
ဇက်ကြိုးမဲ့မြင်းနဲ့မှ
သည်ခရီးမနီးလေ
ပြုံးပြရဲပါရဲ့

သာယာဝတီထောင်နံဘေးနား
အမေ့အုတ်ဂူ ထုံးဖြူသုတ်ဖို့
နောက်ထပ်မြင်းတွေ စီးပြီးသွားမယ်

တက်ကျိုးရင်လက်နဲ့လှော်
တောင်ပေါ်ဆိုပြေးတက်
သမုဒ္ဒရာလဲ လက်ပစ်ကူးဖို့
စင်္ကြာပါတဲ့ခြေဖ၀ါးနဲ့
နေ့တွေကို သဂြိုလ်လေတိုင်း
ရီမောခြင်း ညပေါင်း
ရင်ကိုဟောင်းလောင်း မဖြစ်နိုင်လေ …

အမေ့ပေါင်ပေါ် ခေါင်းခုအိပ်ရင်း
မျက်လုံးမှိတ်ပုံပြင်
ကြယ်စင်လမင်း တိမ်ရုပ်လွှာာတွေ
ကဗျာဆန်တဲ့မေမေ့စကား
ကြားချင်သေးတယ်

အဲဒီတုံးက
ခဏလေးမဟုတ်
အရုပ်ပြအိမ်
ရိပ်ငြိမ်တိတ်ဆိတ်
ချမ်းမြေ့ပီဘိ ခိုလှုံရာ
ဘယ်ပန်းမွေ့ယာနဲ့မှ မလဲလို
အမေ့အိမ် အမေ့အပြုံး
နှလုံးဟောင်းလောင်း မဖြစ်နိုင်လေ …

ကြေကွဲမှု လွမ်းရိပ်များနဲ့
ဓါတ်ပုံပေါင်းများစွာ
မာနခ၀ါ မချဝံ့ ချဝံ့
ဘုရားရှေ့ ငုတ်တုတ်မထိုင်ဖြစ်ပါလား

အသစ်အသစ်ပေါင်း ထောင်သောင်းမက
ရင်တွင်းအနာ
အမာရွတ်ဝိညာဉ် မော်ကွန်းထိုးနေကြရ
ပန်းပွင့်များ အိပ်ပျော်စေချင်လိုက်တာ
မျက်ရည်ကြွေကာ မငိုနဲ့အုံး
အငယ်ဆုံး ခလေးရဲ့ သေးစော်နံအနှီးရယ်
ဘယ်သူလျှော်ဖွတ်ကြသလဲလေ

အဖေါ်တွေမဲ့လို့
အဲဒီအိမ်
ကြေးစည်သံကင်းပေရော့
ဆည်းလည်းသံ တိတ်ပေရော့
ဘုရားသံပျောက်ပေရော့
တရားသံ ဆိတ်ပေရော့
ဓမ္မသံ ငြိမ်ပေရော့
ငိုရှိုက်သံဗလပွ
ဒဏ်ရာနဲ့နာကျည်းသံတွေ
ရှိနေရှိဆဲ အိမ်မှာ
မေတ္တာဟောင်းလောင်းမဖြစ်နိုင်လေလား …

ခိုင်အောင်ကျော် ( စစ်တွေ )

No comments: