-->

Wednesday, October 28, 2009

၂၀၁၂ နှင့် နိဘီရု ပဋိပက္ခ

မြတ်နိုးခင် ပေးပို့သည်

အခုတလော အီးမေးလ်တွေထဲ ရောက်လာတဲ့ forward မေးလ်တွေထဲမှာ ၂၀၁၂ ဒီဇင်ဘာ ၂၁ ရက်ကျရင် ကမ္ဘာပျက်မယ် ဆိုတာတွေချည်းဖြစ်နေပါတယ်။

ရုတ်တရက် လန့်မိပေမယ့် သေချာစဉ်းစားကြည့်တော့ ယုတ္တိတန်တာ တခုမှ မတွေ့ရဘူး။ သူငယ်ချင်းတွေကလည်း ဒါအဟုတ်ပဲလား၊ အမှန်ပဲလား ဆွေးနွေးလာကြတယ်၊ မေးမေးလာကြတယ်။

ဒါနဲ့ အင်တာနက်ထဲ ရှာကြည့်လို့ ဒီကိစ္စနဲ့ ပတ်သက်ပြီး တွေ့ရတဲ့ အချက်အလက်လေးတွေ၊ သိပ္ပံပညာရှင်နဲ့ နက္ခတ်ပညာရှင်တွေ ရှာဖွေတွေ့ရှိထားတာတွေ၊ နောက်ပြီးတော့ နာဆာအဖွဲ့ရဲ့ တရားဝင် ၀ဘ်ဆိုဒ်မှာ ရှာတွေ့တာတွေကို သူငယ်ချင်းတွေဆီ ရှင်းလင်းပြောပြ ပို့ပေးဖူးပါတယ်။ ဒါတင်မကဘူး နာဆာအဖွဲ့နဲ့ ပညာရှင်တွေဆီကို ဒီကိစ္စနဲ့ ပတ်သက်ပြီး မေးထားဖြေထားတာတွေကိုပါ ရှင်းပြဖူးပါတယ်။

အဲဒီနောက်မှာတော့ ဒီ ၂၀၁၂ မှာ ကမ္ဘာပျက်မယ်ဆိုတဲ့ မေးလ်တွေ ရောက်မလာတာ အတော်ကြာသွားပါတယ်။
ဒီနေ့မှာတော့ ဒီ ၂၀၁၂ အကြောင်း forward mail တစောင့် ထပ်ရောက်လာပါတယ်။ ဒီမေးလ်ကတော့ အရင်မေးလ်တွေနဲ့မတူ မြန်မာပြည်က နာမည်ကြီး ဗေဒင်ဆရာတယောက်နဲ့ သတင်းဌာနတခုက အမေးအဖြေလုပ်ထားတဲ့ သတင်းကိုပါ တွဲပြီး ပို့လာတာ တွေ့လိုက်ရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ ဗေဒင်ဆရာကြီးက ဘာတွေများ ဟောထားသလဲလို့ စိတ်ဝင်တစားနဲ့ဖတ်ကြည့်မိပါတယ်။

ဆရာကြီးကို မရိုသေ မလေးစားလို့တော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဆရာကြီးပြောတဲ့အထဲမှာ ...

“The end of the world. အဲဒါကို ကျနော်တို့ ဗေဒင်ဆရာတွေက စိတ်ဝင်တစားနဲ့ လေ့လာနေကြတာ။ အယူသည်းမှုနဲ့ မဆိုင်ဘူး။ သိပ္ပံပညာရှင်တွေကိုယ်တိုင်က လက်ခံထားတာ။ အဲဒါကို ပိုပြီး စိတ်ဝင်စားပါတယ်။ နေကြတ်တာကို ကျနော်တို့ ခေါင်းထဲမထည့်တော့ဘူး။ ၂၀၁၂ မှာ ကမ္ဘာကြီးတခုလုံး ပျက်မှာ။ အဲဒီနေ့က ပိုပြီးတော့ ကြောက်စရာကောင်းသေးတယ်။ ဒီတခေါက်က အကြီးအကျယ်ဖြစ်မှာ။ လူတွေ အကုန်ဒုက္ခရောက်မယ်။ ရေက အကုန်ကြီး၊ မီးလောင်မယ်၊ အကုန်ပျက်မယ်၊ ကမ္ဘာကြီးတခုလုံးပျက်မယ်။ အဲဒါက ပိုအရေးကြီးတယ်။ ကမ္ဘာတဝှမ်းလုံးက နက္ခဗေဒ ပညာရှင်လေ့လာသူတွေ သိတယ်။ သိပ္ပံပညာရှင်တွေကအစ သိတယ်။ အင်တာနက်မှာလည်း ပြန့်နေတာ။ နေကြတ်တာလောက်ကို လူတွေ သိပ်ဂရုမစိုက်တော့ဘူး” ဆိုတဲ့ စကားစုဟာ စဉ်းစားစရာ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။

၂၀၁၂ မှာ ကမ္ဘာကြီး တခုလုံး ပျက်မှာ။ ဒီတခေါက်က အကြီးအကျယ်ဖြစ်မှာ။ လူတွေ အကုန်ဒုက္ခရောက်မယ်။ ဆိုတဲ့ စကားကို ပြောချလိုက်တာလည်း နည်းနည်းလွန်တယ်ထင်ပါတယ်။ အင်တာနက်တွေမှာ ပြန့်နေတယ်ဆိုတာ မှန်ပါတယ်။ ကမ္ဘာတဝှမ်းလုံးက နက္ခဗေဒ ပညာရှင်လေ့လာသူတွေ သိတယ်။ သိပ္ပံပညာရှင်တွေကအစ သိတယ်။ ဆိုတာကလည်း လွဲနေပါတယ်။

ဒီသတင်းပြန့်နေတာကို နက္ခပညာရှင်လေ့လာသူတွေ သိပ္ပံပညာရှင်တွေက သိတာမှန်ပေမယ့် ဒီကမ္ဘာပျက်မယ်ဆိုတာကို အတည်ပြု ပြောဆိုနေတာ မဟုတ်သလို ဒါကိုလည်း လက်ခံ ထားတာမရှိပါဘူး။ လက်ခံထားတယ်။ သိထားတယ်၊ အင်တာနက်ပေါ် သတင်းတွေ တင်ပါတယ် ဆိုတဲ့သူတွေဟာ အပျော်တမ်း နက္ခတ်လေ့လာသူတွေပဲ ဖြစ်ပါတယ်။

ကျမက သတင်းသမားလည်းမဟုတ် ဂျာနယ်လစ် တယောက်လည်းမဟုတ်တော့ ဆရာကြီးနဲ့ အမေးအဖြေကိုတင်တဲ့ သတင်းဌာနကတော့ ဗေဒင် ယတြာတွေကို ယုံကြည်လုပ်ဆောင်ပြီး တိုင်းပြည်အုပ်ချုပ်လေတဲ့ ဘဘတွေကိုပဲ ရည်ရွယ်လေသလား၊ ဘာရည်ရွယ်ချက် ဘာသဘောနဲ့ တင်လိုက်တယ်ရယ်မှန်း မသိပါဘူး။ ဒီစာကိုဖတ်လိုက်မိသူတွေမှာ အသိပညာ ဗဟုသုတရှိပြီး စဉ်းစားချင့်ချိန်တတ်တဲ့သူတွေရှိသလို ကိုယ်လေးစားတဲ့သူက ပြောတဲ့စကား ရေးတဲ့စာဆိုရင် လွယ်လင့်တကူ ယုံကြည်တတ်တဲ့ သူတွေလည်းရှိပါတယ်။

အမှန်တကယ်တော့ ဒီအမေးအဖြေမှာ ဒီ ၂၀၁၂ ကမ္ဘာပျက်ကိန်းဆိုတာကြီး ဘယ်ကဖြစ်လာတယ် ဘယ်လိုရှိတယ် ဘယ်သူတွေက ဘာပြောတယ်ဆိုတာကို သတင်းဌာနအနေနဲ့က တွေးတွေးဆဆနဲ့ လေ့လာပြီး အဲဒီအကြောင်းအရာတွေကိုပါ ထည့်သွင်း ရေးသားစေချင်တာပါပဲ။ ဒါမှ ဒီကိစ္စရဲ့ အရင်းမြစ်ဟာ ဘယ်ကလာလဲ။ ဟုတ်နိုင်၏ မဟုတ်နိုင်၏ ဖြစ်သင့်သည် မဖြစ်သင့်သည်ဆိုတာကို စာဖတ်သူက သူ့ဘာသာသူ ဆုံးဖြတ်သွားနိုင်ဖို့ တင်ပြပေးတာမျိုးပဲ ဖြစ်သင့်ပါတယ်။

သတင်းဌာနကြီး တခုဖြစ်နေပြီး ကောလဟာလကို မဖြေရှင်းပေးနိုင်ရင်တောင်မှ၊ ကောလဟာလလား အမှန်လား ယုံသင့်လား မယုံသင့်လားဆိုတာကို စာဖတ်သူကို စဉ်းစားနိုင်အောင် လေ့လာနိုင်အောင် မတင်ပြနိုင်ဘူးဆိုရင်တောင်မှ အခုလို မဖွသင့်ဘူးလို့ ထင်ပါတယ်။

ကျမတို့ မြန်မာလူမျိုးတွေဟာ ရှေးရိုးစွဲကြီးသလို နက္ခ၊ ဗေဒင် ဆိုတာတွေကိုလည်း တရှိုက်မက်မက် ယုံကြည် လိုက်စားတတ်ကြပါတယ်။ အခုလို နာမည်ကြီး၊ လူတွေတော်တော်များများလက်ခံကြတဲ့ သူကိုယ်တိုင်က ဒီလိုပြောတယ်ဆိုရင် ဖြစ်လာမယ့် ကိုယ်ပေးချင်တဲ့ သတင်းအချက်အလက်က ဖတ်မိသူတွေ ရင်ထဲကို ဘယ်လိုပုံစံမျိုးနဲ့ ရောက်သွားမလဲဆိုတဲ့ အကျိုးဆက်ကို ကိုယ့်ဘာသာကိုယ် တွေးကြည့်ကြပါ။

နောက်ပြီးတော့ ကျမတို့ မြန်မာလူမျိုးတွေဟာ အခုမှ ဒီအင်တာနက်ဆိုတာကြီးနဲ့ လက်ပွန်းတတီးနေတတ်လာတယ်လို့ ပြောရင်ရပါတယ်။ ဒီတော့ ဒီအင်တာနက်ကနေ ယုံကြည်စိတ်ချရတဲ့၊ အသုံးတဲ့မယ့်၊ ဗဟုသုတရတဲ့ အချက်အလက်တွေရနိုင်သလို အဆိပ်ဖြစ်မယ့် အချက်အလက်တွေလည်း ရှိနိုင်တယ်ဆိုတာကို ပြည်တွင်းမှာရှိတဲ့သူတွေအနေနဲ့ ဟာ အင်တာနက်မှာတောင် ဒီလောက်ဖြစ်နေပြီပဲ၊ အင်တာနက်မှာ ဒီလိုပြောထားတာပဲ ဟုတ်မှာပဲ ဆိုပြီး သို့လော သို့လောဖြစ်နေတာတွေကို အမှားဖက်ရောက်အောင် ထပ်ပြီး မဆွသင့်ပါဘူး။

တချို့ကတော့ ပြောကြမယ်။ ကမ္ဘာမပျက်ခင် တယောက်နဲ့တယောက် ချစ်ချစ်ခင်ခင်နေဖို့ အေးအေးချမ်းချမ်း၊ ငြိမ်းငြိမ်းချမ်းချမ်းနေဖို့ တယောက်နဲ့တယောက် မေတ္တာထားဖို့ ဆိုထားတဲ့အချက်က အဓိကပဲ ဒါကြောင့် ဒီ message ကို ဖြန့်ပါတယ်ပေါ့။

ဒါကိုတော့ ကျမအနေနဲ့ စောဒက မတက်လိုပေမယ့် ကျမတို့တွေ သိနေရက်နဲ့ မေ့ထားကြတာက ကျမတို့ လူသားတွေဟာ မိခင်ဗိုက်ထဲ သန္ဓေတည်လိုက်ပြီ ဆိုကတည်းက သေမိန့်ချပြီးသား၊ တနေ့သေရမယ်ဆိုတာ ရှိပြီးသား။ ကမ္ဘာပျက်မယ်ဆိုခါမှ မေတ္တာထားပါ လုပ်နေတာတော့ မဟုတ်သေးဘူးထင်တယ်။ အမှန်တကယ်က လူဆိုတာ ကွေးသောလက် မဆန့်မီ ဆန့်သောလက် မကွေးမီ သေကြမှာကို အမြဲ နှလုံးသွင်းနေပြီး မသေခင် တရက်ရလည်း တရက် တမိနစ်ရလည်း တမိနစ် အချိန်ရသလောက်လေးမှာ တယောက်နဲ့ တယောက် မေတ္တာထားကြပါဆိုတာကမှ ပိုမှန်မှာ မဟုတ်ဘူးလား။ အဲလိုပိုပြီး ဖြစ်သင့်တာ မဟုတ်ဘူးလား။

ဘယ်အကြောင်းအရာကိုမဆို ဒီဖက်ကတော့ ဒီလိုပြောကြတယ်။ ဟိုတဖက်ကရော ဘယ်လိုရှိပါသလဲ။ ဘယ်လိုအခြေအနေရှိနေသလဲ။ ဒီလိုပြောလိုက်ရင် ဒီလိုရေးလိုက်ရင် ဖတ်မိတဲ့သူ ကြားတဲ့သူက ဘာတွေရသွားမလဲ အကျိုးရှိမလား၊ အကျိုးယုတ်မလား၊ အလဟသပဲ ဖြစ်မလား ဆိုတာတွေကို သေချာလေ့လာ စဉ်းစားပြီးမှ တွေးတွေးဆဆ ရေးကြပြောကြစေချင်ပါတယ်။

ဒီလိုပြောလို့ မင်းကဘာမို့လို့လဲ ဆိုပြီး ပြောရင်ပြောကြပါလိမ့်မယ်။ ကျမ ဘာကောင်မှ မဟုတ်ပေမယ့် ဒီနေရာမှာ ဒီ ၂၀၁၂ ကမ္ဘာပျက်မယ်ဆိုတဲ့အကြောင်းအရာ ဖြစ်ပေါ်လာရတာကိုပဲ ကျမ သိသလောက် ဗဟုသုတအဖြစ် ဝေမျှပေးချင်တာပါပဲ။ စာဖတ်တဲ့သူ ယုံမယုံ၊ လက်ခံမခံကတော့ စာဖတ်တဲ့သူရဲ့ ပင်ကိုယ် အသိပညာ၊ ဗဟုသုတ ကြွယ်ဝမှုနဲ့ လေ့လာမှုစွမ်းအား၊ စဉ်းစား တွေးခေါ်နိုင်မှုတို့အပေါ်မှာပဲ မူတည်ပါတယ်။

….

၂၀၁၂ ဒီဇင်ဘာ ၂၁ ရက်နေ့မှာ ကမ္ဘာပျက်မယ်၊ နိဘီရုလို့ အမည်ရတဲ့ ဂြိုလ်သိမ်တခုက ကမ္ဘာကို တည့်တည့်ဝင်တိုက်ပြီး ကမ္ဘာမြေကြီး မီးလောင်ပေါက်ကွဲမယ်၊ ဒါမှမဟုတ်လည်း ကမ္ဘာကို ပွတ်ခါသီကာ ၀င်တိုက်သွားမယ်ဆိုတဲ့ ဒီသတင်းတွေ အင်တာနက်မှာ ပြန့်နှံ့နေတာ ၂၁ ရာစု အစပိုင်း ကတည်းကဖြစ်ပါတယ်။

ဒီဇာတ်လမ်းကို စ, ခဲ့တာကတော့ Zeta talk ဆိုတဲ့ ၀က်ဘ်ဆိုဒ်ပိုင်ရှင် Nancy Lieder ပဲဖြစ်ပါတယ်။ သူ့ရဲ့ အင်တာနက်စာမျက်နှာတွေဟာ ဂြိုလ်သားတွေ၊ အမျိုးအမည်မသိ ဂြိုလ်တွေ ယာဉ်ပျံအကြောင်းတွေ၊ ဂြိုလ်သားတွေနဲ့ ဆက်သွယ်စကားပြောထားတဲ့အချက်အလက်တွေ ဆိုတာတွေနဲ့ ပြည့်နေပါတယ်။

အခြားကမ္ဘာက ဂြိုလ်သားတွေကသူ့ကို ဖမ်းသွားပြီး သူ့ဦးနှောက်ထဲမှာ စက်ကိရိယာတခု ထိုးသွင်းမြုပ်နှံခဲ့တာကြောင့် ဂြိုလ်သားတွေနဲ့ အဆက်အသွယ်ပြု စကားပြောဆိုနိုင်စွမ်းရှိတယ်လို့ သူ့ကိုယ်သူ ဆိုထားတဲ့ Nancy ဟာ ၁၉၉၅ မှာ ဒီဇာတ်လမ်းကို စပြောခဲ့တာပါပဲ။

စင်္ကြာဝဠာ အပြင်မှာရှိတဲ့ အရာဝတ္ထုတခုဟာ စင်္ကြာဝဠာကြီးတခုလုံးကို ချေဖျက်ပစ်လိုက်မယ်လို့ သူ့ရဲ့ ၀က်ဘ်ဆိုဒ်မှာ ရေးသားပါတယ်။ အဲဒီအရာဝတ္ထုကြီးဟာ ကမ္ဘာကို ၀င်တိုက်ရင် ကမ္ဘာ့ဝင်ရိုးစွန်းတွေ ပြောင်းပြန်ဖြစ်ကုန်ပြီး ကမ္ဘာပေါ်က သက်ရှိတွေ အကုန်သေကြေပျက်စီးကုန်မယ်၊ ဒီသတင်းကို ဖြန့်ဝေဖို့ ကမ္ဘာကြီးကို ကယ်တင်ဖို့အတွက် သူဟာ အရွေးချယ်ခံထားရတာဖြစ်လို့ ဒီသတင်းကို ကမ္ဘာသူကမ္ဘာသားတွေကို သတိပေးရတာလို့ သူကဆိုပါတယ်။ အဲဒီတုန်းက သူပြောတဲ့ ကမ္ဘာပျက်မယ့်နေ့ Doomsday ကတော့ မေလ ၂၀၀၃ ပဲဖြစ်ပါတယ်။

သူဒီလိုရေးသားလိုက်ချိန်မှာတော့ အင်တာနက်ပေါ်က ဘာသာရေးတဖက်စွန်းရောက်တဲ့ Doomsday အဖွဲ့တွေဟာ အုတ်အော်သောင်းနင်းဖြစ်ပြီး သူ့ဝက်ဘ်ဆိုဒ်ဟာလည်း နာမည်ကြီးသွားပါတယ်။ ဒီသတင်းကိုလည်း အချင်းချင်း အီးမေးလ်တွေနဲ့ဖြန့်ကြ၊ အင်တာနက်မှာဖြန့်ကြ၊ ဆောင်းပါးတွေရေးကြ၊ ကောင်းကင်ကို စိတ်ဝင်တစား စူးစမ်းလေ့လာကြနဲ့ ဖြစ်ကုန်ကြပါတယ်။ ဒီသတင်းကြားတဲ့သူတွေကလည်း သိပ္ပံပညာရှင်တွေကို အထိတ်တလန့်နဲ့မေးကြပါတယ်။ ကမ္ဘာ့ သိပ္ပံပညာရှင်တွေ၊ နက္ခတ်ပညာရှင်တွေကလည်း သူတို့ လေ့လာနေတာတွေမှာ ဒီအဖြစ်မျိုးဖြစ်မယ့် အခြေအနေ စိုးစဉ်းမျှ မရှိဘူးဆိုတာကို တွင်တွင်ဖြေကြားခဲ့ကြပါတယ်။

သူပြောထားတဲ့ မေလ ၂၀၀၃ မှာ ဒီအဖြစ်အပျက် မဖြစ်လာတော့ သူက ဒါဟာ ၂၀၁၀ ၀န်းကျင်မှာ ဖြစ်လိမ့်မယ်လို့ ရက်ကို ပြောင်းလဲလိုက်ပါတယ်။

ဒီအချိန်မှာ ၂၀၁၂ ဖြစ်စဉ်နဲ့ နိဘီရု ဇာတ်လမ်း စတင်လာပါတော့တယ်။
၂၀၁၂ ဖြစ်စဉ်ကို ပြောမယ်ဆိုရင်တော့ ဘီစီ ၂၀၀၀ ကနေ အေဒီ ၉၀၀ လောက်အထိ မြောက်အမေရိကတိုက် အလယ်ပိုင်းတခွင်မှာ ထင်ရှားထွန်းကားခဲ့တဲ့ မာယာ ခေတ်ကနေ စပြောရပါလိမ့်မယ်။ မာယာ ယဉ်ကျေးမှု လွှမ်းမိုးခဲ့တဲ့နေရာတွေကတော့ Mesoamerica လို့ခေါ်တဲ့ မက္ကဆီကို အလယ်ပိုင်းလောက်ကနေစလို့ Honduras ကနေ Nicaragua ဒေသအထိ နေရာတွေပါပဲ။

မာယာခေတ်ဟာ ယဉ်ကျေးမှုထွန်းကားလွန်းခဲ့တဲ့ ရွှေခေတ်များဖြစ်ပါတယ်။ မာယာ စာပေ၊ ယဉ်ကျေးမှုနဲ့ မာယာ တွေရဲ့ နတ်ဘုရားတွေ၊ ဒဏ္ဍာရီတွေဟာ မြောက်အမေရိကတခွင်ကို ပြန့်နှံ့ခဲ့ပါတယ်။ မာယာတို့ရဲ့ ရှေးရိုးစွဲအယူဝါဒ၊ နတ်ဘုရားကိုးကွယ်မှုနဲ့ မာယာဒဏ္ဍာရီတွေဟာ တမူထူးခြားလှပါတယ်။

အဲဒီအထဲက ၂၀၁၂ ဖြစ်စဉ်နဲ့ပတ်သက်နေတဲ့ အဓိက အကြောင်းရင်းကတော့ Christopher Columbus အမေရိကတိုက်ကို ရှာမတွေ့သေးခင်ကာလများက မာယာတွေ အသုံးပြုခဲ့တဲ့ ပြက္ခဒိန်ပါပဲ။ အဲဒီ ပြက္ခဒိန်ရဲ့အစဟာ BCE 3114 သြဂုတ်လ ၁၁ ရက်နေ့ကဖြစ်ပြီး နောက်ဆုံးရက်က ၂၀၁၂ ဒီဇင်ဘာ ၂၁ ရက် ပါ။ မာယာတွေရဲ့ ဒဏ္ဍာရီအရ ၂၀၁၂ မှာ အချိန်စက်ဝိုင်းတခုကုန်ပြီး နောက်တခုကို ကူးပြောင်းမှာပါ။ အဲဒီအချိန်မှာ ကမ္ဘာပျက်တာတွေဘာတွေဖြစ်မယ်လို့ သူတို့က မှတ်ယူကြတာပါ။ ကျမတို့ မြန်မာတွေ နားလည်လွယ်မယ့် စကားနဲ့ပြောရမယ်ဆိုရင်တော့ နှစ် ၁၀၀ ပြက္ခဒိန် သဘောမျိုးပါပဲ။ သူတို့ကတော့ နှစ် တထောင် နှစ် နှစ်ထောင် ပြက္ခဒိန်လို့ ပြောရမှာပေါ့လေ။

မာယာတွေဟာ ယဉ်ကျေးမှုအစဉ်အလာကြီးမားခဲ့ကြတဲ့သူတွေ ဖြစ်သလို နက္ခတ်ပညာမှာလည်း ကျွမ်းကျင်ကြတဲ့သူတွေဖြစ်ပါတယ်။ မာယာတို့ တွက်ချက်ခဲ့တဲ့အထဲက နက္ခတ်တာရာတွေနဲ့ ပတ်သက်တဲ့ မှန်ကန်ခဲ့တဲ့ အချက်တချို့ရှိပါတယ်။ အဲဒါကြောင့် ၂၀၁၂ နဲ့ ပတ်သက်တဲ့ သတင်းတွေပြန့်နေချိန်မှာပဲ မာယာယဉ်ကျေးမှုထဲ နှစ်မျောနေတဲ့သူတွေက အရင်က မာယာတွေ တွက်ချက်ခဲ့တာတွေဟာ မှန်နေတယ်၊ အဲဒီတော့ အခုလည်း ကမ္ဘာပျက်မှာကို မာယာတွေရဲ့ တွက်ဆမှုတွေဟာ အမှန်ပဲဆိုပြီး ရောထွေး မှတ်ယူလိုက်ကြပါတော့တယ်။

မာယာတွေရဲ့ ဒီပြက္ခဒိန် နောက်ဆုံးရက်တွေအကြောင်း ပြောတာတွေနဲ့ ပတ်သက်ပြီး လေ့လာခဲ့ကြတဲ့ သိပ္ပံပညာရှင်တွေက သိပ္ပံယောင် လို့ပဲ သတ်မှတ်ထားပါတယ်။ ဒီနေရာမှာ တခုစဉ်းစားစရာက ပြက္ခဒိန် ကုန်သွားတာနဲ့ ကမ္ဘာပျက်တယ်ဆိုတာပါပဲ။ ကျမတို့မြန်မာတွေမှာလည်း နှစ် ၁၀၀ ပြက္ခဒိန် နှစ် ၂၀၀ ပြက္ခဒိန်တွေ ရှိပါတယ်။ အဲဒီပြက္ခဒိန်တွေ ထုတ်ခဲ့ပြီး နှစ်တရာပြည့်တာနဲ့ ကမ္ဘာက ပျက်မယ်လို့ ဆိုလို့မရပါဘူး။

၂၀၁၂ ကမ္ဘာပျက်ကိန်းကို လူတွေပိုယုံကြည်စေတဲ့ နောက်အကြောင်းတခုကတော့ ကမ္ဘာ့ ဘာသာကြီးတွေမှာပါတဲ့ ပျက်စီးခြင်းကာလ အစပါပဲ။ အဲဒီပျက်စီးဆုတ်ယုတ်ခြင်းကာလဟာ ဘယ်အချိန်ဘယ်တော့လာမယ်ဆိုတာကို ဘယ်ဘာသာမှာမှ အတိအကျ မပြောထားပါဘူး။ ဘာသာရေးဆရာကြီးတွေ လူတွေက ဘယ်အချိန်ဖြင့် ဖြစ်နိုင်တယ်၊ ဖြစ်လောက်တယ် ဆိုပြီးပဲ ခန့်မှန်းနေကြရတာပါ။ ဘာသာတရားတွေကို မယုံကြည် မလေးစားလို့ပြောတာမဟုတ်ပါဘူး။

ဖြစ်ပြီးရင် ပျက်တတ်တာ သဘာဝ ဆိုပေမယ့် ကမ္ဘာပျက်ဆုံးမယ့်နေ့ကို ဘယ်သူကမှ မခန့်မှန်းနိုင်ပါဘူး။ ၂၀၁၂ မဟုတ်တာတော့ သေချာပါတယ်။ ဒါပေမယ့် ဘာသာရေးအစွန်းရောက်တွေကြောင့် ၂၀၁၂ ဇာတ်လမ်းဟာ ရှုတ်ထွေးသွားရပါတယ်။
ဟိုးရှေးယခင်ကတည်းက ရာစုနှစ် တခုပြောင်းတိုင်း ဒီပျက်စီးခြင်းကာလနဲ့ပတ်သက်ပြီး ခန့်မှန်းချက် တမျိုးမျိုး ထွက်လာခဲ့တာ သာဓကတွေ အများကြီးရှိခဲ့ပါတယ်။ သက္ကရာဇ် ၂၀၀၀ ပြည့်နှစ်ဟာဖြင့် ဒီပျက်စီးခြင်းကာလ အစဖြစ်တယ်ဆိုပြီး ပြောခဲ့ကြဖူးသလို ၂၀၀၃ မေလဆိုပြီးလည်း ပြောခဲ့ကြပါတယ်။ အခုအချိန်မှာတော့ Nancy ရဲ့ပြောဆိုချက်ကို သံယောင်လိုက်ပြီး ၂၀၁၂ ဆိုပြီး ပြောဆိုနေကြတာပါ။

ဒီအချက်တွေကို ထပ်ပြီး အားဖြည့်ေ၀၀ါးစေတာကတော့ နိဘီရုပါ။ ကမ္ဘာမြေကြီးတည်ရှိနေတဲ့ နေစင်္ကြာဝဠာအဖွဲ့အစည်းရဲ့ ပြင်ပမှာရှိတယ်လို့ ထင်မြင်ယူဆထားတဲ့ နိဘီရုဆိုတဲ့ ဂြိုလ်ကြီးဟာ ကမ္ဘာကို ၀င်တိုက်ပြီး ကမ္ဘာမီးလောင်မယ် အဲဒါဟာ ၂၀၁၂ မှာလို့ ပြောနေဆိုနေ ယုံကြည်နေကြတာတွေပါ။

နိဘီရုဇာတ်လမ်းကို စတင်အသက်သွင်းတဲ့သူကတော့ စိတ်ကူးယဉ် သိပ္ပံဇာတ်လမ်း ၀တ္ထုတွေ၊ ဒဏ္ဍာရီပုံဆန်းတွေကို ရေးသားခဲ့တဲ့ ရှေးဟောင်းနက္ခတ်ပညာရှင် Zecharia Sitchin ပါပဲ။ သူဟာ နက္ခတ်တာရာတွေကို လေ့လာတဲ့သူတဦးဖြစ်ပြီး သူဖော်ထုတ်ခဲ့တဲ့ ရှေးဟောင်းသမိုင်းတွေ၊ နက္ခတ်ဆိုင်ရာ သီအိုရိတွေအများကြီးရှိခဲ့ပေမယ့် သူ့သီအိုရီတွေဟာ လက်တွေ့မှာ မှန်ကန်မှု၊ အသုံးတည့်မှုတွေ မရှိတဲ့အတွက် ပညာရှင်တွေက သိပ္ပံအတုအယောင် (pseudoscience) အဖြစ်ပဲ သတ်မှတ်ထားကြပါတယ်။

ကျမတို့ငယ်ငယ်က သုတစွယ်စုံဆိုပြီး ထုတ်ခဲ့တဲ့ မဂ္ဂဇင်း စာအုပ်တွေထဲမှာ ထူးခြားတဲ့ သိပ္ပံဖြစ်ရပ်များဆိုပြီး ဒီ Pseudoscience နဲ့ ဆက်နွယ်နေတဲ့ ပန်းကန်ပြားပျံ၊ ဂြိုလ်သား စတာတွေကို ဖော်ပြခဲ့ဖူးပါတယ်။ အခုတော့ အဲဒီမဂ္ဂဇင်း မတွေ့ရမဖတ်ရတာ ကြာပါပြီ။

သူရှာဖွေတွေ့ရှိခဲ့တယ်ဆိုတဲ့ ဂြိုလ်တွေ၊ သက်ရှိတွေ ရှင်သန်နေထိုင်နေတဲ့ ဂြိုလ်တွေကို ပညာရှင်တွေက ရှာဖွေလေ့လာခဲ့ကြပေမယ့် လက်တွေ့မှာတော့ တလုံးတလေမှ မတွေ့ခဲ့တဲ့ သာဓကတွေ ရှိပါတယ်။
၁၉၇၆ ခုနှစ်တုန်းကတည်းက ရေးခဲ့တဲ့သူ့ရဲ့ စာအုပ်တွေထဲက သူပြောတဲ့ နိဘီရုဆိုတာ အမှန်တကယ်တော့ ရှေးခေတ် ဆူမားရီးယန်းလူမျိုးတွေရဲ့ ဒဏ္ဍာရီမှတ်တမ်းထဲမှာ Zenchria ခေတ်တုန်းက ကြယ်ကြီးတလုံးတွေ့ခဲ့တယ် အဲဒီကြယ်ကြီးကို နိဘီရုလို့ နာမည်ပေးတယ်ဆိုတာပါပဲ။

တဖက်မှာတော့ နိဘီရုဆိုတဲ့ နာမည်ဟာ ရှေးက ဘာဘီလိုနီယမ်းတွေရဲ့ နတ်ဘုရား အမည်ဖြစ်နေသလို သူတို့ရဲ့ ဖန်ဆင်းခြင်း ဒဏ္ဍာရီတွေထဲက ဖြစ်တည်မှုဆိုင်ရာ အရာဝတ္တုတွေထဲက တခုရဲ့ နာမည်ပဲဖြစ်ပါတယ်။

အမှန်တကယ်တော့ ဒီ ၂၀၁၂ ကမ္ဘာကိုဖျက်မယ်ဆိုတဲ့ နိဘီရု ဂြိုလ်နဲ့ ပတ်သက်ပြီး ဘယ်သိပ္ပံပညာရှင်၊ ဘယ်နက္ခပညာရှင်ကမှ ဒီဂြိုလ်ရှိတယ်ဆိုတာကို အတည်ပြု ထုတ်ပြန်တာမရှိပါဘူး။ ဒီသတင်းနဲ့ ပတ်သက်ပြီး တကယ်သာ ဟုတ်မှန်တယ်ဆိုရင် ၂၀၁၂ ဆိုတာ ဘယ်လောက်များ လိုတော့တာမို့လို့လဲရှင် .. တကယ်သာဆိုရင် CNN, BBC လို ကမ္ဘာ့သတင်းဌာနကြီးတွေမှာ ဒါနဲ့ပတ်သက်ပြီး သတင်းတွေ ဆူညံပွက်လောရိုက်နေမှာပါပဲ။

အင်တာနက်တွေ အီးမေးလ်တွေမှာကလည်း ဓာတ်ပုံတွေ၊ ဗီဒီယိုဖိုင်တွေ ဝေေ၀ဆာဆာနဲ့ ဒါ နီဘီရုပဲ။ နေရဲ့ဘေးနားမှာ သေးသေးလေး မြင်နေရတယ် တွေ့လား၊ ကမ္ဘာဆီကို ဦးတည်လာနေပြီ၊ ကမ္ဘာကို လာတိုက်တော့မှာ အဲလိုတိုက်ရင် ကမ္ဘာကြီးက ဒီလို မီးလောင်မှာ အစရှိသဖြင့် အထူးပြုလုပ်ချက်တွေပါတဲ့ ဗီဒီယိုတွေကလည်း အများသားဆိုတော့ ရုတ်တရက်ေ၀၀ါးမှုတွေဖြစ်လာတာပါပဲ။

နာဆာက သိပ္ပံပညာရှင် တဦးဖြစ်တဲ့ ဒေးဗစ်မော်ရစ်ဆန်က Washinton Post သတင်းစာကြီးနဲ့ မေးမြန်းခန်းမှာ ဒီအကြောင်းဟာ မဟုတ်မှန်ကြောင်း၊ ဒီလိုဂြိုလ်မျိုး သူတို့ လက်တွေ့လေ့လာ ရှာဖွေတာတွေမှာ မတွေ့ရှိတဲ့အရာဖြစ်တဲ့အကြောင်း၊ ဒီဇာတ်လမ်းဟာဖြင့် Hollywood က ကုမ္ပဏီတွေအတွက်တော့ စိတ်ကူးယဉ် ဇာတ်ကားကောင်းတပုဒ် ရလာမှာဖြစ်တဲ့အကြောင်းတွေကို ဖြေဆိုသွားတာဖတ်ရဖူးပါတယ်။

မော်ရစ်ဆန်လိုပဲ အခြားသော သိပ္ပံပညာရှင်တွေ၊ နာဆာက သိပ္ပံပညာရှင်တွေကလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး မဟုတ်မှန်တဲ့အကြောင်းတွေကို နာဆာရဲ့ တရားဝင် အင်တာနက်စာမျက်နှာတွေမှာ ထုတ်ပြန်ထားပါတယ်။ အဲဒီ စာမျက်နှာမှာ ဒီကိစ္စကို စိတ်ဝင်စားတဲ့သူတွေ ကြောက်လန့်နေတဲ့သူတွေရဲ့ မေးခွန်းပေါင်းစုံတို့ကို ဖြေရှင်းထားတာတွေကိုလည်း ဖတ်ရှုလေ့လာနိုင်ပါတယ်။

တကယ်တော့ ဟိုးအရင်ကတည်းက အခုလို ကမ္ဘာပျက်မယ်ဆိုတဲ့ စိတ်ကူးယဉ်ဆန်တဲ့ ကောလဟာလတွေ မကြာခဏ ထွက်ပေါ်ခဲ့ပါတယ်။ အခု Hot ဖြစ်နေတဲ့ နိဘီရု (Nibiru) အပြင် အက်ပေါ့ပ်ဟစ် (Apophis) ဆိုတာကလည်း ရှိပါသေးတယ်။

အဲဒီ Apophis ကတော့ ၂၀၂၉၊ ၂၀၃၆ နဲ့ ၂၀၆၈ ခုနှစ်တွေမှာ ကမ္ဘာနားက ၃ကြိမ်ဖြတ်သွားလိမ့်မယ်။ အဲဒီအခါကျရင် လူတွေအများကြီး သေကြအုံးမယ်ဆိုပြီး ဟိုးလေးတကျော်ဖြစ်ခဲ့ပါသေးတယ်။ သိပ္ပံပညာရှင်တွေရဲ့ တိုင်းတာချက်တွေမှာတော့ အဲဒီဂြိုလ် ကမ္ဘာနားက ဖြတ်သွားမယ့် အကွာအဝေးဟာ အနည်းဆုံး မိုင် ၁၈,၀၀၀ လောက်ရှိမှာဖြစ်လို့ အန္တရာယ်ကင်းတဲ့ အနေအထားဖြစ်တယ်ဆိုတာတွေကို ထုတ်ပြန်ထားပါတယ်။

အဲဒီတော့ ၂၀၂၉ ရောက်ရင်လည်း Apophis ကမ္ဘာကို ၀င်တိုက်ရင် ဘယ်နှယ့်လုပ်မလဲဆိုတာတွေ ဖြစ်လာအုံးမှာပဲလို့ သိပ္ပံပညာရှင်တွေက ပြောကြပါတယ်။

တကယ့်တကယ် ဒီ နိဘီရုဇာတ်လမ်းဟာ နိုင်ငံတကာမှာ ပြန့်နှံ့နေတာ ၁၀ စုနှစ်တခုလောက်ရှိနေပါပြီ။ အင်တာနက်၊ အီးမေးလ်ဆိုတာကို အခုအချိန်လောက်မှာမှ ကျယ်ကျယ်ပြန့်ပြန့် နဖူးတွေ့ဒူးတွေ့ သုံးစွဲခွင့်ရကြရတဲ့ ကျမတို့ ရွှေမြန်မာတွေအဖို့ကတော့ ဒါဟာ အခုမှ ဖြစ်တာလို၊ အခုမှ သတင်းထွက်လာတာလို အဆန်းတကြယ်ဖြစ်နေကြရပါတယ်။
တချို့တွေကလည်း “ဟ ဒီမှာ ပုံတွေတောင်ထွက်လာနေတာ၊ နာဆာက လိမ်တာပဲ။ လူတွေအထိတ်တလန့်ဖြစ်မှာစိုးလို့ ဖုန်းကွယ်ထားတာပဲ” လို့ ဆိုကြတာတွေလည်း ရှိပါတယ်။

ဒါတွေနဲ့ ပတ်သက်လို့ ကျမ ဒေးဗစ်မော်ရစ်ဆန်ဆီကို အီးမေးလ်ကနေ မေးမြန်းတဲ့အခါမှာ သူက “ဒီကိစ္စကို ယုံကြည်တဲ့သူ အင်မတန်ကို နည်းပါတယ်။ ကျနော်သိတဲ့သူတွေထဲမှာ ဒါကို ယုံကြည်တဲ့သူမရှိပါဘူး။ ဒါကိုယုံတာ လူတစုပဲဖြစ်ပါတယ်။ ဒီလူတစုက အင်တာနက်၊ အီးမေးလ်တွေကို အသုံးပြုပြီး ဒီသတင်းကိုဖြန့်တာပါပဲ။ ဒါနဲ့ ပတ်သက်ပြီး နာဆာက ဘာမှဖုန်းကွယ်ထားစရာမရှိပါဘူး။ တကယ်သာ ဟုတ်မှန်ရင် ထုတ်ပြန်ကြေငြာမှာပါပဲ။ နာဆာက လက်တွေ့လေ့လာ ရှင်းလင်းတင်ပြထားတာတွေကို မယုံတဲ့သူတွေအတွက်တော့ ကျနော် ဘာမှလုပ်မပေးနိုင်ပါဘူး” လို့ ပြန်ဖြေသွားပါတယ်။

ဘယ်အရာကိုမဆို ကိုယ်တိုင်လေ့လာမှုမရှိပဲ လက်သင့်ခံလိုက်တာမျိုး၊ ကိုယ်ကိုယ်တိုင် သေချာမသိသေးတာကို သိအောင်မလုပ်ပဲ လက်ညိုးလေးတချက်ကွေးပြီး mouse ကို နှိပ်၊ forward လုပ်လိုက်တာမျိုးတွေ ရှောင်သင့်ပါပြီ။ အင်တာနက်ကို ဥာဏ်ရှိရှိ အသုံးပြုကြပါ။ အကြောင်းအရာတခု ပြဿနာတခုကို ထောင့်ပေါင်းစုံက တွေးတောဆင်ခြင်လေ့လာပြီးမှ ယုံကြည်လက်ခံကြစေလိုပါတယ်။

မြတ်နိုးခင်

(မြတ်နိုးခင် ပေးပို့သည်)

1 comment:

ဂျစ်တူး ( မုံရွာ ) said...

ဘယ်အရာကိုမဆို ကိုယ်တိုင်လေ့လာမှုမရှိပဲ လက်သင့်ခံလိုက်တာမျိုး၊ ကိုယ်ကိုယ်တိုင် သေချာမသိသေးတာကို သိအောင်မလုပ်ပဲ လက်ညိုးလေးတချက်ကွေးပြီး mouse ကို နှိပ်၊ forward လုပ်လိုက်တာမျိုးတွေ ရှောင်သင့်ပါပြီ။ အင်တာနက်ကို ဥာဏ်ရှိရှိ အသုံးပြုကြပါ။----
အဲဒီစကားလုံးကိုတော့ဋ္ဌကိုက်သွားပြီဗျာ-