-->

Sunday, November 1, 2009

မတိမ်ကောစေချင်ပါ ချစ်တဲ့ တောင်ကြီး တန်ဆောင်တိုင်

တန်ဆောင်တိုင်လို့ဆိုလိုက်ရင် ကျမရင်ထဲ ဦးနှောက်ထဲမှာ မှတ်မှတ်ထင်ထင် စွဲလမ်းနေတာက ကျမ မွေးရပ်မြေ ရှမ်းပြည်နယ် တောင်ကြီးမြို့က ချစ်စရာ ရိုးရာ တန်ဆောင်တိုင်ပွဲတော် အများသိကြတဲ့ တောင်ကြီးတန်ဆောင်တိုင်ပွဲလေးပါပဲ။

ကလေးဘ၀ကတည်းက စွဲမက်ခဲ့တဲ့ ဒီပွဲတော်ကာလအချိန် .. တန်ဆောင်မုန်းလဆန်း .. နိုဝင်ဘာလ ဆိုရင် ဘယ်လိုနေနေ ကျမအိမ်ရှိရာ အရောက်ပြန်တာပါပဲ။

အခုတော့ စိတ်ရှိတိုင်း အိမ်ပြန်လို့မရတဲ့ .. ကျမအိမ်လေးနဲ့ မိုင်ပေါင်း ရာထောင်ချီတဲ့နေရာကို ရောက်နေတော့ ကျမ အိမ်လွမ်းစိတ်က ချုပ်တည်းမရအောင်ပါပဲ။

တောင်ကြီးမှာ ကျန်ရစ်တဲ့ ကျမ ဘော်ဘော်တွေ၊ ပြည်ပမှာ ကျမနည်းတူရောက်နေတဲ့ သူငယ်ချင်းတွေ ပူးပေါင်းကြိုးစား ကူညီကြပြီး ပွဲခင်းထဲက ပုံရိပ်တွေကို Live Streaming တင်ထားတဲ့ Taunggyi Cherry Land ကနေ ညတိုင်း အိပ်ရေးပျက်ခံကြည့်ရင်း အလွမ်းဖြေရုံကလွဲလို့ ဘာမှမရှိပါဘူး။


မီးပုံးပျံ တလုံးပြီးတလုံး တက်လာတာကို စောင့်ကြည့်ရင်း .. ဘေးနားက Cbox ထဲမှာလည်း အချင်းချင်း စ ကြ၊ နောက်ကြ၊ ကိုယ့်မြို့လေးက အစားအသောက်တွေကို အမှတ်တရ တမ်းတကြ ကိုယ့်မြို့လေးကို အလွမ်းသယ်ကြ၊ ကိုယ်ကြိုက်တဲ့ ရှမ်းသံစဉ် သီချင်းလေးတွေလာရင် ကိုယ့်ဟာကိုယ် တယောက်တည်း လိုက်ဆိုလို့ဆို ကလို့ကနဲ့ ဘေးက တယောက်ယောက်က ကြည့်ရင်တော့ အရူးလို့ ထင်မှာ …  အဝေးရောက် ကျမသူငယ်ချင်းတွေလည်း ဒီလိုပဲလို့ ဆိုကြပါတယ်။

အမှန်တော့ Live လွှင့်နေတာကို ကြည့်ရင်း ကျမတို့ စိတ်တွေက မီးပုံပျံလွှတ်နေတဲ့ ကွင်းထဲကို အလိုလို ရောက်သွားလို့ပါပဲ။

မီးပုံပျံကွင်းထဲ ကိုယ်တိုင် သွားကြည့်ခွင့်ရခဲ့တဲ့ အချိန်တွေကဆို ကျမတို့ သူငယ်ချင်းတစု တနေရာမှာ အခင်းခင်းပြီး ထိုင်တဲ့သူထိုင်၊ ဈေးဆိုင်တန်းထဲ မုန့်သွားဝယ်သူဝယ်၊ ကစားဝိုင်းတွေဆီ သွားတဲ့သူသွား၊ တယောက်နဲ့တယောက် စ ကြ၊ နောက်ကြ၊ မီးပုံပျံတက်လာရင် ဟိုကလှတယ် ဒီကမလှဘူးနဲ့ စီစီညံနေအောင်အော် .. မီးပုံးပျံ မီးလောင်ပြီး ယမ်းတွေပေါက်ရင် မီးရှူးတွေမှန်မှာစိုးလို့ ၀ရုန်းသုန်းကားနဲ့ပြေး … တက်သွားသမျှ မီးပုံးပျံတွေထဲက အကြိုက်ဆုံး အလှဆုံးတွေကို ပြော … ဘယ်အဖွဲ့ကဖြင့် ဆုချိတ်နိုင်တယ် စသဖြင့် ထင်ကြေးတွေပေးကြနဲ့ ညဥ့်ဘယ်လောက်နက်နက် တညတာ ပွဲပြီးတဲ့အထိ ကြည့်ပြီးမှ ပြန်ကြတာ သိပ်ပျော်စရာ ကောင်းပါတယ်။

ကိုယ့်ရပ်ကွက်ကမီး၊ ဒါမှမဟုတ် ကိုယ့်သူငယ်ချင်းတွေ ရပ်ကွက်ကမီး ဆိုရင်တော့ မီးအဖွဲ့နဲ့ လိုက်တာပါပဲ။ အစားစားလိုက် တီးလိုက်ဆိုလိုက်၊ ကလိုက်ခုန်လိုက်နဲ့ အဲဒီအပျော်ကို ဘာနဲ့မှ လဲလို့ မရပါဘူး။ (မီးဆိုတာက ကျမတို့ ဒေသအခေါ် မီးပုံးပျံကို ခေါ်တာပါပဲ။ ဥပမာ - ကျောင်းကြီးစုရပ်ကွက်က မီးပုံးပျံဆိုရင် ကျောင်းကြီးစုမီး အဲလိုပါ)

ကျောင်းသားဘ၀တုန်းကတော့ တန်ဆောင်တိုင်ဆိုရင် ကျမတို့ ကျောင်းတွေကလည်း ပိတ်တာဆိုတော့ နောက်နေ့ အိပ်ရေးပျက်မှာကိုလည်း မစိုးရိမ်ကြပါဘူး။ ကျောင်းက မပိတ်လည်း ကိုယ့်ဘာသာကိုယ် ပိတ်လိုက်ကြတာပါပဲ။

အလုပ်တွေ လုပ်ကြတဲ့ အရွယ်ရောက်လာတော့ တောင်ကြီးက အလုပ်ရှင်တွေက နားလည်မှုရှိကြတော့ အဆင်ကိုပြေနေတာပါပဲ။ တခြားမြို့တွေမှာ အလုပ်လုပ်တဲ့သူတွေကတော့ ခွင့်ရက်ရှည်ယူကြပြီး အရောက်ပြန်လာကြတာဆိုတော့ အရာရာ အိုကေနေတာပါပဲ။

ကျမတို့ ဟိုးငယ်ငယ်လေးတုန်းက မီးပုံပျံကွင်းက အခုလို အဝေးကြီးမှာ မဟုတ်ပါဘူး။ တောင်ကြီးမြို့လယ်က ဗိုလ်ချုပ်အောင်ဆန်းပန်းခြံနားမှာ လုပ်တာပါ။ ကျောက်တိုင်ကွင်းလို့လည်း ခေါ်ကြပါတယ်။ အဲဒီတုန်းကဆိုရင် မြို့ထဲမှာ ဈေးဆိုင်တန်းတွေနဲ့ စည်ကားနေတာပါပဲ။

နောက်တော့ တောင်ကြီးမြို့ပေါ်မှာက လူဦးရေများလာလို့၊ မြို့ထဲမှာ အန္တရာယ်များတယ်၊ မြို့အ၀င်နားလောက်ဆို ပိုကောင်းတယ် စတဲ့ အကြောင်းပြချက်တွေ အများကြီးနဲ့ အဲဒီတုန်းက တိုင်းမှူးက တောင်ကြီးမြို့မြောက်ဖက်က မြို့အ၀င် တောင်အောက်ကို အဆင်းနားလေးက ကရင်မရေထွက်ဆိုတဲ့ နေရာလေးကို ရွှေ့လိုက်ပြန်ပါတယ်။

အမှန်တော့ အဲဒီနေရာလေးက မြို့ထဲနေရာထက် ကျဉ်းပါတယ်။ မြို့ထဲက လူတွေအတွက်လည်း သွားရတာ နည်းနည်းလှမ်းသွားပါတယ်။ ဒါပေမယ့်လည်း တောင်ကြီးသူတောင်ကြီးသားတွေကတော့ မငြီးမငြူ သွားပျော်ကြတာပါပဲ။

အဲဒီကနေ တခါမြို့ရဲ့ တောင်ဖက်ဖျားစွန်းမှာရှိတဲ့ ကျမတို့က 212 ကွင်းလို့ ခေါ်တဲ့ ၂၁၂ ဆက်သွယ်ရေးတပ်နဲ့ တောင်ကြီးမြို့ဂေါက်ကွင်းနားက ကွင်းကိုရောက်သွားပြန်ပါတယ်။ အဲဒီကနေတဆင့် စွယ်တော်ဘုရားနားက ကွင်းနေရာကို ရောက်ပြန်ပါတယ်။

အခုလက်ရှိ စောစီဖက်က ကွင်းသစ်ကြီးကိုတော့ ၂၀၀၇ ခုနှစ်မှာ ပြောင်းခဲ့ပါတယ်။ ကွင်းကြီးကလည်း အကျယ်ကြီး လေကြောကလည်းမိနေတော့ မီးဆရာတွေအတွက်ကတော့ အတော်လေးကို အခက်အခဲတွေတွေ့ရပေမယ့် ကိုယ့်ရိုးရာပွဲလေးကို ပြီးမြောက်အောင်မြင်အောင် လုပ်ခဲ့တာချည်းပါပဲ။

တောင်ကြီးတန်ဆောင်တိုင်လို့ပြောရင် များသောအားဖြင့်က မီးပုံးပျံတွေလွှတ်တာကိုပဲ သိကြပါတယ်။ ပြီးတော့ နင်တို့ တောင်ကြီးက လူတွေက ပိုက်ဆံကိုမီးနဲ့ရှို့နေတာပဲလို့ ပြောကြတာ။ တကယ့်တကယ် တောင်ကြီးတန်ဆောင်တိုင်ရဲ့အနှစ်သာရကတော့ “တမူးရလို့တပဲလှူ ဒို့ရှမ်းတောင်သူ တူနိုင်ရိုးလား” ဆိုတဲ့ စကားပုံနဲ့ ကိုယ်ပိုင်ရိုးရာဓလေ့ကို အမြတ်တနိုး တန်ဖိုးထား လက်ဆင့်ကမ်း ထိန်းသိမ်းလေ့ရှိတဲ့ တိုင်းရင်းသားတွေရဲ့ ချစ်စရာ ဓလေ့ပါပဲ။

တောင်ကြီးတန်ဆောင်တိုင်ရဲ့ အထင်ကရကတော့ မီးပုံးပျံပွဲပါ။ မြို့လုံးကျွတ် ဘုံကထိန်၊ မီးပဒေသာပွဲနဲ့ မသိုးသင်္ကန်းရက်ပြိုင်ပွဲ တွေကိုတော့ စိတ်ဝင်စားတဲ့သူနည်းပါတယ်။

အဖိတ်နေ့ ညပိုင်းမှာတော့ စွယ်တော်ဘုရား ရင်ပြင်တော်ပေါ်မှာ မသိုးသင်္ကန်းရက် ပြိုင်ပွဲရှိပါတယ်။ အဲဒီပွဲမှာ ကြာသင်္ကန်းကို ဘယ်လိုရက်တယ်ဆိုတာကို လက်တွေ့ရက်လုပ်ပြသနေတဲ့ စင်လည်းရှိပါတယ်။ ပထမရတဲ့ စင်က သင်္ကန်းကိုတော့ လပြည့်နေ့မနက်မှာ စုဠာမုဏိ စေတီတော်ကို ပူဇော်ပါတယ်။

ကျမတို့မြို့လေးက မြို့လုံးကျွတ် ဘုံကထိန်ဟာ တခြားမြို့တွေနဲ့လုံးဝ မတူပါဘူး။ မြို့လုံးကျွတ် လို့ဆိုပေမယ့် မြို့ပတ်ဝန်းကျင်ကရွာတွေ မြို့ငယ်လေးတွေကပါ လာပြီး ကထိန်ခင်းကြတာပါ။ တနှစ်ပတ်လုံး အလုပ်တွေလုပ် ငွေတွေစုပြီး လယ်ယာမြေတွေ ရိတ်သိမ်းချိန် ငွေပေါ်ချိန်လည်းဖြစ်နေလို့ ကထိန်ခင်းတဲ့အချိန်ဆိုရင် အားရပါးရကို လှူကြတာပါ။

ပဒေသာပင်တွေတင်လာတဲ့ ကားတွေလှည်းတွေ မြို့လယ်လမ်းမတလျှောက် စီစီရီရီ စီတန်းပြီး ရှမ်းအိုးစည်တွေတီး၊ ရိုးရာ သိုင်းအကတွေကပြီး မြို့ကို တပတ်ပတ်ပြီး မြို့လယ် ဓမ္မာရုံကိုပို့၊ အဲဒီကနေမှ မဲခွဲပြီး သက်ဆိုင်ရာ ဘုန်းတော်ကြီးကျောင်းတွေကို တပျော်တပါး ပို့ကြတာပါ။

အရင်ကတော့ ၁၂ ပေလောက်မြင့်တဲ့ ပဒေသာပင်တွေကို ငှက်ရုပ်၊ ဒေါင်းရုပ်၊ နန်းတော်ပုံ စသဖြင့် ပုံစံအမျိုးမျိုး လုပ်ကြပြီး လူတွေကိုယ်တိုင်ထမ်းသယ်ကြပါတယ်။ အဲဒီပဒေသာပင်တွေမှာ ပစ္စည်းတွေကို ပဒေသာပင်သီးတာရှိသလို ငွေစက္ကူတွေကို ပုံအမျိုးမျိုးခေါက်ပြီး သီးတဲ့ ပဒေသာပင်တွေကတော့ ကြည့်လို့ သိပ်လှပါတယ်။

အရင်တုန်းကတော့ တောင်ကြီးတက္ကသိုလ်အပါအ၀င် ကျောင်းပေါင်းစုံက ပဒေသာပင်တွေကိုလည်း ၀င်ရောက်ခွင့်ပြုခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ရပ်ကွက်ဘုံကထိန်နဲ့ပဲ စုပေါင်းရပါတော့တယ်။ ပဒေသာပင်တွေမှာလည်း ဒေါင်းရုပ်ပုံဖော်တာကို ခွင့်မပြုတော့ပဲ အခြားပုံတွေပဲ ပြုလုပ်ခွင့်ရပါတော့တယ်။

အခုနောက်ပိုင်းနှစ်တွေမှာတော့ ငွေစက္ကူနဲ့သီးတဲ့ ပဒေသာပင်တွေ မတွေ့ရတော့ပဲ ပစ္စည်းတွေချည်းသီးတဲ့ ပဒေသာပင်တွေပဲ တွေ့ရပါတော့တယ်။ အရင်ကဆို အရုပ်ပုံဖော် တခုလုံးအပြည့် ငွေစက္ကူတွေ သီးကြပေမယ့် အခုနောက်ပိုင်းနှစ်တွေက ပုံဖော်အရုပ်တွေမှာ ငွေစက္ကူ နည်းနည်းပဲ ပါပါတော့တယ်။ နောက်ပြီးတော့ ပဒေသာပင်တွေကို လူတွေနဲ့ထမ်းတာ သိပ်မလုပ်တော့ပဲ လက်တွန်းလှည်းတွေ ကားတွေနဲ့ပဲ သယ်ကြပါတော့တယ်။

ပဒေသာပင် မဲချတဲ့အခါမှာတော့ အရင်လို ပဒေသာပင်လိုက် မဲချတာမဟုတ်ပဲ ဘုန်းတော်ကြီးကျောင်းတွေ ပစ္စည်းအစုံရအောင်ဆိုပြီး ပဒေသာပင်က ပစ္စည်းတွေအကုန်ချ၊ တူရာပစ္စည်းတွေစုပြီးမှ မဲချတာဆိုတော့ ဘုန်းတော်ကြီးကျောင်းတွေလည်း ပစ္စည်းအစုံရနဲ့ ပိုအဆင်ပြေသွားပါတယ်။ အခုနှစ် ၂၀၀၉ ခုနှစ်ဆိုရင်တော့ မြို့လုံးကျွတ်ဘုံကထိန်ကျင်းပလာတာ ၆၂ နှစ်ရှိပါပြီ။

အခုလို ပစ္စည်းတွေ ခွဲခြမ်းတဲ့အခါမှာတော့ မြို့ထဲက လူငယ်တွေ ကြက်ခြေနီလူငယ်တွေအားလုံး တပျော်တပါး ၀ိုင်းကူကြပါတယ်။ ပြီးရင်တော့ ရေစက်ချပြီး ဆိုင်ရာဘုန်းတော်ကြီးကျောင်းတွေကို လိုက်ပို့တာပါပဲ။ ဒါကတော့ တန်ဆောင်မုန်းလပြည့်နေ့ မနက်ခင်းပိုင်းမှာလုပ်တဲ့ မြို့လုံးကျွတ်ဘုံကထိန်ပါပဲ။

ညနေပိုင်းမှာတော့ ရှမ်း၊ ဓနု၊ ပအိုဝ့်ပျိုဖြူလေးတွေ ရောင်စုံမီးပုံးလေးတွေကိုယ်စီနဲ့ စုဠာမုဏိ ဘုရားဆီကို ဆီမီးသွားပူဇော်မယ့် မီးပဒေသာပွဲရှိပါတယ်။

ရှမ်းရိုးရာ အိုးစည်တွေ၊ မောင်းတွေတီး၊ ရိုးရာအကတွေ က ပြီးတော့ ရောင်စုံမီးပုံးလေးတွေ၊ ပုံစံအမျိုးမျိုးဖော်ထားတဲ့ မီးအလှဆင်ကားတွေ မီးပဒေသာပင်တွေကို ရပ်ကွက်အလိုက်ထွက်ကြပါတယ်။ မီးအလှဆင်တာ အလှဆုံးဆုလည်း ပေးပါတယ်။ မြို့ထဲကနေ စုဠာမုဏိ စွယ်တော်စေတီတော်အထိ လမ်းလျှောက်သွားရင်း ဘုရားပေါ်မှာ ဆီမီး ပူဇော်ကြတဲ့ပွဲပါ။

ချမ်းအေးအေး ညအမှောင်မှာ ရောင်စုံမီးပုံးလေးတွေ တလက်လက်၊ ရှမ်းအိုးစည်သံတဝေေ၀နဲ့ အင်မတန်ကို လှပကြည်နူးစရာကောင်းတဲ့ ရိုးရာပွဲလေးပါပဲ။

တောင်ကြီးတန်ဆောင်တိုင်ရယ်လို့ ဆိုလိုက်ရင် အထင်ကရ ဖြစ်တဲ့ မီးပုံးပျံလွှတ်ပြိုင်ပွဲကတော့ ပုံမှန်အားဖြင့် တန်ဆောင်မုန်းလဆန်း ၇ ရက် ၈ ရက်လောက်က စပြီး လပြည့်နေ့မှာ အဆုံးသတ်ပါတယ်။
မီးပုံးပျံတွေလွှတ်လေတဲ့ ရည်ရွယ်ချက်ကတော့ တာဝတိသာနတ်ပြည်က သိကြားမင်းတည်ထားကိုးကွယ်တဲ့ စူဠာမုဏိ စေတီတော်ကို ရည်မှန်းပြီး မီးပူဇော်တာပါ။

မီးပုံးပျံလွှတ်တာမှာ နေ့လွှတ်အရုပ်နဲ့ ညလွှတ် စိန်နပန်နဲ့ ညမီးကြီး ဆိုပြီးရှိပါတယ်။ နေ့လွှတ်အရုပ်ဆိုတာကတော့ ငှက်မျိုးစုံနဲ့ သိုး၊ ၀က်၊ နွား၊ ဆင်စတဲ့ တိရိစ္ဆာန်ပုံတွေချိုးထားတဲ့ မီးပုံးတွေကို တကောင်ချင်းဖြစ်ဖြစ် ၃ ၄ ကောင်တွဲ အုပ်စုလိုက်ဖြစ်ဖြစ်လွှတ်တာပါပဲ။

အရုပ်တွေမှာသုံးတာကတော့ ရှမ်းစက္ကူနဲ့ ရောင်စုံဆီစိမ်စက္ကူတွေပါပဲ။ အရုပ်မီးပုံးပျံလုပ်ရတာဟာ စိန်နပန်နဲ့ ညမီးကြီးမီးပုံးချိုးရတာလောက် အချိန်မကြာပေမယ့် လက်ဝင်လှပါတယ်။ အရုပ်တရုပ်အတွက် အကြီးအသေးကိုလိုက်ပြီး ဆီစိမ်စက္ကူဒါမှမဟုတ် ရှမ်းစက္ကူ ရွက်ရေ ၂၅ ရွက်ကနေ အများဆုံး ရွက်ရေ ၂၀၀ အထိပဲ သုံးပါတယ်။ ၃ ရက် ၄ ရက်လောက်နဲ့ချိုးလို့ရပြီး မီးစာကလည်း တပေခွဲအမြင့်လောက်ပဲရှိပါတယ်။

ကျမတို့ တောင်ကြီးသူတောင်ကြီးသားတွေရဲ့ မီးပုံးပျံပိုး အစကတော့ အဲဒီ အရုပ်မီးပုံးပျံပါပဲ။ ကလေးအရွယ် ပိစိကွေးကလေးတုန်းကဆိုရင် အရုပ်မီးပုံးချိုးတာသွားကြည့် သွားကူလုပ်၊ နေ့လည်ဖက် ကွင်းထဲလွှတ်ရင် အရုပ်လေးတွေ လှလှပပလေး ကောင်းကင်ပေါ်တက်သွားရင်ပဲ ပျော်လို့မဆုံးပါဘူး။

နည်းနည်းကြီးလာတဲ့အချိန်မှာတော့ စိန်နပန်နဲ့ ညမီးကြီးမီးပုံးပျံချိုးတာကို ၀င်ရှုပ်တတ်နေပါပြီ။ ကျမတို့က မိန်းကလေးဖြစ်နေတော့ မီးပုံးချိုးတာမှာ ၀င်လုပ်ခွင့်မရှိပါဘူး။ ဘုရားကို မီးပူဇော်ဖို့လွှတ်တင်တဲ့ မီးပုံးပျံဖြစ်တာမို့ မီးပုံးကိုယ်ထည်ပေါ်ကို အကွက်ဖော်စက္ကူတွေကပ်ရင် ယောင်္ကျားလေးတွေပဲ လုပ်ကြတာများပါတယ်။

စိန်နပန်မှာချိတ်မယ့် မီးပုံးလေးတွေကိုတော့ မိန်းကလေးတွေဝိုင်းလုပ်ကြပါတယ်။ တချို့အဖွဲ့တွေကျတော့လည်း မီးပုံးလေးတွေလုပ်တဲ့နေရာက မှာယူကြတာရှိပါတယ်။ ညမီးကြီးအတွက်ကတော့ ယမ်းထောင်းတဲ့အခါ အန္တရာယ်ကများတော့ သိပ်တော့ မလုပ်ဖြစ်ပေမယ့် တခါတလေ စိတ်လိုလက်ရ ၀င်လုပ်လိုက်တာပါပဲ။

စိန်နပန်နဲ့ ညမီးကြီး မီးပုံးချိုးတာမှာ မီးပုံးကိုယ်ထည်ပုံစံ၊ အရွယ်အစားက မတိမ်းမယိမ်းပါပဲ။ သုံးတာကတော့ ရှမ်းစက္ကူတွေချည်း သုံးပြီး ကော်ကပ်တာပါ။ ရွက်ရည် အနည်းဆုံး ၉၀၀ က နေ ၁၀၀၀၊ ၁၃၀၀ အထိ သုံးပါတယ်။ သုံးတဲ့ ရှမ်းစက္ကူတွေဟာလည်း အများစုက မိုင်းကိုင်မြို့က ထွက်တဲ့ စက္ကူကို သုံးကြပါတယ်။ ဒိပြင်ဒေသတွေက ရှမ်းစက္ကူထွက်ပေမယ့် မိုင်းကိုင်ကလုပ်တဲ့ စက္ကူက အရည်သွေးပိုကောင်းတာမို့ အဲဒီက စက္ကူကို အသုံးများတာပါ။ ခုနောက်ပိုင်းမှာတော့ ပင်းတယလို ဒေသကိုလည်း မီးပုံးပျံအတွက် သီးသန့်မှာယူပြီး လုပ်ကြတယ်လို့ သိရပါတယ်။

အကွက်ဒီဇိုင်းဖော်တဲ့အခါမှာတော့ စိန်နပန်နဲ့ ညမီးကြီး ကွာသွားပါတယ်။ စိန်နပန်မှာက ဘေးကိုယ်ထည်မှာ မီးပုံးလေးတွေ ပုံဖော်ချိတ်ဖို့ ပန်းချီနဲ့ နံဘေးက ကောက်ကြောင်းလိုင်းလေးတွေပါပါတယ်။ အဲဒီလိုင်းလေးတွေ တလျှောက်မှာမှ မီးပုံးချိတ်ဖို့ ၀ါးနဲ့ချိတ်လေးတွေကပ်ပါတယ်။

ညမီးကြီးမှာတော့ 3D ဒီဇိုင်းအကွက်တွေ၊ ကနုတ်တွေ ပုံဖော်ပြီး ကပ်ရပါတယ်။ တချို့မီးတွေမှာတော့ ပန်းချီပုံချည်းသပ်သပ် ဆွဲတာတွေရှိပါတယ်။ အမှတ်ပေးတဲ့အခါမှာတော့ အနုစိတ်ပြီး လက်ဝင်တဲ့ 3D အကွက်ဒီဇိုင်းလှလှတွေက အမှတ်ပိုသာတာပါပဲ။

ဒီလိုမီးပုံးကိုယ်ထည်ကပ်တဲ့အခါမှာ သာမန်ပဲ ကပ်လိုက်တာ မဟုတ်ပါဘူး။ မှိုင်းတိုက်လို့ မီးပုံးပျံ အရှိန်နဲ့ တက်သွားရင် ကိုယ်ထည်ကွဲမထွက်အောင် ချုပ်ကပ်ကပ်တာ၊ ခေါင်ချုပ်တာ စတာတွေကို အချိုးကျကျ နေရာတကျ သပ်သပ်ရပ်ရပ် လုပ်ရပါတယ်။ တကယ့်ကို လက်ဝင်ပြိး ပညာသားပါတဲ့ လက်မှုသပ်သပ် လုပ်ဆောင်မှုပါပဲ။ သေသေချာချာမလုပ်လို့ တနေရာရာလွဲချော်သွားရင် အဲ့ဒီမီးပုံး လွှတ်တဲ့နေရာမှာ အခက်အခဲတွေ့ရတော့တာပါပဲ။

စိန်နပန်နဲ့ ညမီးကြီးမှာသုံးတဲ့ မီးစာကလည်း အရွယ်အစားတူပေမယ့် အလေးချိန်မှာနည်းနည်း ကွဲပါတယ်။ ဘာလို့လဲဆိုတော့ စိန်နပန်မှာသုံးတဲ့ အောက်ဆွဲမီးက ညမီးကြီးက ယမ်းခွေတွေနဲ့ အလေးချိန် ကွာသွားလို့ပါ။

ညမီးကြီးမှာသုံးတဲ့ ယမ်းခွေတွေရဲ့ အလေးချိန်ဟာ အနည်းဆုံး ၃၇ ပိဿာကနေ ပိဿာ ၄၀ အထိ ရှိတတ်ကြပါတယ်။ ဒီအလေးချိန်ကို ဆွဲနိုင်အောင် မီးစာမှာသုံးမယ့် လောင်စာရေနံ အလေးချိန်ကို လိုက်ပြီး ညှိယူရပါတယ်။

စိန်နပန်ရဲ့ အောက်ဆွဲကတော့ ၀ါးနဲ့ပုံဖော်ယက်ထားတာမှာ မီးပုံးလေးတွေချိတ်တာဆိုတော့ ယမ်းခွေကြီးတွေလောက် အလေးချိန်မရှိပါဘူး။

မီးပုံးချိုး၊ မီးစာခွေ၊ ယမ်းထောင်း၊ ယမ်းခွေ စတာတွေကို ယောင်္ကျားလေးတွေက လုပ်ကြတာများပါတယ်။

ကျမတို့ မိန်းကလေးတွေကတော့ စိန်နပန်မှာချိတ်ဖို့ မီးပုံးလေးတွေ လုပ်တာလုပ်၊ အကွက်ပုံဖော်ဖို့ စက္ကူလေးတွေ ပုံစံတကျ ညှပ်တန်တာညှပ်နဲ့ အများအားဖြင့်ကတော့ အခြားအလုပ်တွေဖြစ်တဲ့ မီးပုံးချိုးတဲ့သူတွေ စားဖို့သောက်ဖို့ ချက်ပြုတ်ပေးတာမျိုးတွေလုပ်ရင်း ကိုယ့်မီးကိုယ် ပထမ ရစေချင်တဲ့စိတ်၊ မီးအောင်စေချင်တဲ့စိတ်တွေ ပြည့်နေတော့တာပါပဲ။

မီးပုံးတလုံးတလုံးအတွက်က အနည်းဆုံး ၁၅ သိန်းကနေ သိန်း ၂၀၊ ၃၀ နီးပါး ကုန်ကျတာဖြစ်လို့ မင်းတို့တောင်ကြီးသားတွေက ပိုက်ဆံကို မီးရှို့တာပဲ ဆိုတာ အပြောခံရလေ့ရှိပါတယ်။

မီးပုံးပျံအတွက် ကုန်ကျစရိတ်တွေဆိုတာကတော့ ကျမတို့ ငယ်ငယ်ကတော့ မီးပုံးပျံအဖွဲ့ဝင် လူငယ်တွေက ကိုယ့်မုန့်ဖိုးထဲကနေ တစ်ဆယ်တန်သည် တစ်ရာတန်သည် စုဆောင်းကြတာပါပဲ။ ရပ်ကွက်ထဲက ရပ်မိရပ်ဖတွေကလည်း လိုအပ်တာတွေကို ပံ့ပိုးကူညီကြပါတယ်။

ဒီလို စုဆောင်းပေးလှူကြတာမှာ ဆုရဖို့ဆိုတာထက် ကိုယ့်မီးပုံးပျံနဲ့ ဘုရားကို အလှပဆုံး ပူဇော်ချင်တဲ့စိတ်ကသာ အဓိက ပဓာန ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ငွေတွေကို မီးရှို့တယ်ဆိုတဲ့စကားကို ကျမတို့ တောင်ကြီးသူ တောင်ကြီးသားတွေ မမှုကြပါဘူး။ “တမူးရလို့ တပဲလှူ ဒို့ရှမ်းတောင်သူ လှူနိုင်ရိုးလား” လို့သာ ပြန်ချေပလိုက်တာပါပဲ။

ဒီဖက်နှစ်တွေမှာ လွှတ်တဲ့ မီးပုံးပျံတွေကို ကြည့်လိုက်ရင်တော့ ဘယ်ဟိုတယ်၊ ဘယ်လုပ်ငန်းက စပွန်ဆာ ဘာညာတွေ တွေ့လာရပါတယ်။ ခေတ်ရေစီးကြောင်းအရပေါ့လေ။

ဘယ်လိုပဲဖြစ်နေပါစေ မီးပုံးပျံ လှလှပပလေး တက်သွားမယ်၊ ယမ်းတွေ လှလှပပလေး ကျပြီးတက်သွားမယ် ဆိုရင်ကိုပဲ ကျမတို့တွေစိတ်ထဲမှာ အမည်မဖော်နိုင်တဲ့ခံစားမှုလေးတွေ ဖြစ်သွားတာပါပဲ။ ဆုရရ မရရ ကိုယ့်မီးကိုယ် အောင်အောင်မြင်မြင် တက်စေချင်ကြတယ်။ ကိုယ့်မီးမဟုတ်လည်း ဒီလိုပဲ စိတ်ထားတယ်။

ဆုရခဲ့လို့ရှိရင်တော့ သိန်း ၂၀၊ ၁၀ သိန်း စသဖြင့် ရတတ်ပါတယ်။ အဲဒီဆုကြေးငွေကို တ၀က်ကိုလှူပြီး တ၀က်ကိုတော့ နောက်နှစ်မီးပုံးပျံအတွက် ပြန်ထားထားတတ်ကြပါတယ်။ တချို့အဖွဲ့တွေကျတော့ ဆုကြေးငွေ အကုန်လုံးကို လှူလိုက်တာတွေရှိပါတယ်။

ဆုမရဘူး။ ကံမကောင်းအကြောင်းမလှလို့ မီးလောင်သွားတယ် မီးမအောင်ဘူးဆိုရင်လည်း စိတ်မကောင်းဖြစ်ရုံကလွဲပြီး တခြားဘာမှမဖြစ်ပဲ နောက်နှစ်တော့ ငါတို့ ဒီ့ထက်ကောင်းအောင်လုပ်မယ်ဆိုပြီး စိတ်အားပြန်တင်းရင်း၊ ငွေပြန်စုရင်း ပျော်ပျော်ပါးပါးပါပဲ။

ကျမတို့ရဲ့ မီးပုံးပျံတွေဟာ မီးပုံးချိုးတာက အစ၊ မီးစာ၊ မှိုင်းတိုက်၊ ယမ်းစနစ်က အစ တကယ့်ကို ရိုးရာမပျက်၊ လက်ဖြစ် လက်မှုတွေချည်းပါပဲ။ တကမ္ဘာလုံးမှာ ဘယ်မှာမှမရှိတဲ့ ကျမတို့ မြန်မာနိုင်ငံမှာမှ တောင်ကြီးတမြို့ထဲမှာပဲရှိတဲ့ တကယ့်ကို Unique ဖြစ်တဲ့ ရိုးရာပွဲပါပဲ။

ခုနောက်ပိုင်းမှာ မေမြို့မှာ၊ နေပြည်တော်မှာလည်း မီးပုံးပျံပွဲလိုက်လုပ်နေတယ်ဆိုတာ ကြားသိနေရတော့ ကျမ တအားကို စိတ်မကောင်းဖြစ်မိပါတယ်။

ကျမတို့မြို့ရဲ့ရိုးရာဓလေ့လေးကို သူများလုယူသွားသလို ခံစားလိုက်ရပါတယ်။ ကျမသဘောကတော့ Unique ဖြစ်နေတဲ့နေရာဒေသက ထူးခြားတဲ့ဓလေ့လေးကို သူ့ဒေသလေးမှာပဲ ထိန်းထိန်းသိမ်းသိမ်းလေး ထားရှိပြီး ဒီဓလေ့လေးကို ကမ္ဘာသိအောင် ရေရှည်တည်တံ့အောင် ရှိနေစေချင်ပါတယ်။

ဒေသတခုက Unique ဖြစ်တဲ့ ရိုးရာဓလေ့ကို ဆင်တူရိုးမှား လိုက်လံတုပတာမျိုးမဟုတ်ပဲ ဒီယဉ်ကျေးမှုကို မပျောက်ပျက်အောင် ထိန်းသိမ်းတာမျိုးပဲ ဖြစ်စေချင်ပါတယ်။ အဲလိုပဲ ဖြစ်သင့်ပါတယ်။

မီးပုံပျံကြီးတွေဟာ တောင်ကြီးဆိုတဲ့ အမည်နာမ၊ ရှမ်းအိုးစည်သံ၊ ရှမ်းဝတ်စုံလေးတွေ၊ ဓားသိုင်းအက၊ ကိန္ဒရီ ကိန္ဒရာအက၊ ချယ်ရီနဲ့ထင်ရှူးပင်တွေကြားက မီးရောင်စုံ လင်းလက်လက်၊ ရှမ်းရိုးရာ စားသောက်ဖွယ်ရာ၊ ဖော်ရွေတဲ့ အပြုံးတွေနဲ့ ရှမ်းသံဝဲ၀ဲလေးတွေနဲ့သာ အလိုက်ဖက်ဆုံးပါ။

အဲဒီမေမြို့မီးပုံးပျံကိစ္စကို ဘယ်သူက ဘာရည်ရွယ်ချက်နဲ့ စ လိုက်တယ်မှန်း မသိပေမယ့် အဲဒီကိစ္စအတွက် ကျမစိတ်ထဲမှာ ငါတို့ရိုးရာအမွေကို လုယူသွားရက်တယ်၊ ငါတို့ရိုးရာကို လိုက်တုပရက်တယ်၊ ငါတို့မြို့လေးဆီကနေ မီးပုံးပျံတွေကို ဆွဲထုတ်သွားရက်တယ် စသဖြင့် စသဖြင့် အတွေးတွေ ခံစားချက်တွေအများကြီးနဲ့ စိတ်မကောင်းကြီးစွာဖြစ်မိသလို နောင်တချိန်ကျ တောင်ကြီးမီးပုံးပျံဆိုတာ နှောင်းလူတွေ သိမှသိပါတော့အုံးမလား ဆိုပြီး စိုးရိမ်မိပါတယ်။

ဒီလို အခြားမြို့ရွာတွေက လိုက်တုပတာတွေကြောင့် ကျမတို့ တောင်ကြီးသူ တောင်ကြီးသားတွေအနေနဲ့က ကိုယ့်ဒေသက ဓလေ့ကို အများတုနှိုင်းမမှီအောင်၊ အမြဲရှင်သန်နေအောင် ထိန်းသိမ်းဖို့၊ တိုးတက်အောင် တီထွင်ကြံဆဖို့လည်း လိုနေပါပြီ။ ရိုးရာမပျောက်အောင် မဖျက်ပဲ တဖက်ကလည်း တီထွင် ဖန်တီးမှုရှိသင့်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ်ပေါ့လေ … ကျမတို့ တောင်ကြီးမြို့လေးရဲ့ ချစ်စရာဓလေ့၊ ရိုးရာယဉ်ကျေးမှုမြတ်နိုးတဲ့စိတ်၊ အလှူအတန်း ရက်ရောတဲ့စိတ်၊ စည်းလုံးညီညွတ်မှု၊ ရိုင်းပင်းကူညီတတ်မှု၊ ခင်မင်စရာ ဖော်ရွေတဲ့အပြုံးလေးတွေ၊ ဖြူစင်ရိုးသားတဲ့ အပြုအမူ စရိုက်တွေ၊ ကျမတို့တွေရင်ထဲမှာ ခိုအောင်းနေတဲ့ ကိုယ့်ဒေသ ကိုယ့်ရိုးရာကို အမြတ်တနိုး အလေးထား ဂုဏ်ယူတတ်တဲ့ စိတ်ဓာတ်နဲ့ ခံယူချက်တွေကိုတော့ ဘယ်သူ၊ ဘယ်ဒေသကမှ ယှဉ်နိုင်၊ ခိုးယူတုပနိုင်၊ ဆေးဆိုးဖျက်ဆီးပစ်နိုင်မှာ မဟုတ်ဘူးဆိုတာကိုတော့ အသေအချာ ပြောရဲပါတယ်ရှင် …

မာန်

* တချို့ပုံလေးတွေကို taunggyicherryland, tgi.org နဲ့ taunggyifamilygroupmail ထဲက ယူထားပါတယ်။

2 comments:

တောင်ပေါ်သား said...

အမရေ အစအဆုံးသေချာဖတ်သွားပါတယ်။ ဘယ်သူတွေ ဘယ်လိုပဲ ဘာအကြောင်းကြောင်းနဲ့ တုပတုပ ကျနော်တို့တောင်ကြီးမြို့လေးက ရိုးရာပွဲလေးဟာ ဘယ်တော့မှ မပျောက်ပျက်သွားနိုင်ဘူးလို့ ကျနော်ကတော့ ယုံကြည်ပါတယ်။ အမှန်က ဖြစ်သင့်တာကို သေချာမလုပ်တတ်ပဲ ရောတောပေါတော လုပ်တတ်တဲ့ မြန်မာတွေရဲ့ စိတ်ဓါတ်ကို ပြင်သင့်နေတာ ကြာပါပြီ အမရေ.. တချိန်ချိန်ပေါ့ တူတူဆုံချင်ပါသေးတယ်ဗျာ


လေးစားလျက်
တောင်ပေါ်သား

Unknown said...

မမရေ ကျွန်တော်လည်း မမရဲ့ “မတိမ်ကောစေချင်ပါ ချစ်တဲ့ တောင်ကြီး တန်ဆောင်တိုင်”ကို အစအဆုံး သေချာဖတ်ပြီး ကျွန်တော် ခံစားရတယ်ဗျာ။ ဗမာပြည် အစိုးရရဲ့ မေမြို့တန်ဆောင်တိုင်တဲ့။ ကျွန်တော်တော့ မထင်ပါဘူးဗျာ။ ဒီကောင်တွေကို မိုက်မိုက်ရိုင်းရိုင်းပြောရရင် စောက်ရူးတွေ။ တောင်ကြီးတန်ဆောင်တိုင်ကို ဘာအရာနဲ့မှ လိုက်တုလို့ မရပါဘူးမမရယ်။ စစ်အစိုးရက ပြည်သူ့ဘဏ္ဍာငွေတွေနဲ့ ပုံအောပြီး မေမြို့ တန်ဆောင်တိုင်ကို တောင်ကြီးတန်ဆောင်တိုင်ထက် သာအောင် လုပ်ချင်လုပ်လို့ရမယ်။ ဒါပေမယ့် တောင်ကြီးကိုတော့ ဘယ်တော့မှ မမှီဘူးလို့ ကျွန်တော့် အသက်နဲ့ အာမခံပြီး ပြောရဲတယ်။ ကျွန်တော် ရှမ်းပြည်နယ်သားတွေက စည်းလုံးပါတယ်ဗျာ။