-->

Tuesday, November 3, 2009

အနာဂါတ်ဖက်ဒရယ်ပြည်ထောင်စု နှင့် ဒီမိုကရေစီတပ်မတော်

ခိုင်အောင်ကျော် (စစ်တွေ) ပေးပို့သည်။

အနာဂါတ် ဖက်ဒရယ်ပြည်ထောင်စုအတွက် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေစာအုပ်တွေကို ထုတ်ဝေထားကြသည်မှာ တော်တော်များနေပြီထင်သည်။ ပင်လုံစိတ်ဓါတ်ကို အခြေခံရမည်ဟု ပြောကြသောသူများသည်လည်း ယင်းစာအုပ်များကို ထုတ်ဝေသောသူများဖြစ်သည်။

သို့သော် ၄င်းတို့အဆိုအရ စစ်အစိုးမှ လက်ညိုးထိုး ပြောခြင်းမှ လွတ်ကင်းစေရေးအတွက် ရေးသားရခြင်းဖြစ်သည်ဟု နားနှင့်ဆတ်ဆတ် ကြားဖူးခဲ့သည်။ မည်သို့ပင်ဖြစ်စေ မည်သူကမျှ အတည်မပြုကြသေးသောကြောင့် ပြောစရာအကြောင်း မရှိခဲ့ကြ။

လွန်ခဲ့သော အပါတ်က အိန္ဒိယမှ မိတ်ဆွေတဦးက ပြည်ထောင်စုတပ်နှင့် အစိုးရဖွဲ့စည်းရေးအကြောင်းကို စာတမ်းတစောင်ပေးပို့ပြီး ဆွေးနွေးလာသည်။ တချိန်တည်းမှာ ခေတ်ပြိုင်ဂျာနယ်မှ အယ်ဒီတာ့အာဘော်မှာလည်း ဖတ်လိုက်ရသည်။ ထို့ကြောင့် ကျွန်တော် စိတ်ဝင်စားသော သို့မဟုတ် အမှန်တကယ်ပြုလုပ်ရန် လိုအပ်နေသော နိုင်ငံရေးစစ်မြေပြင် တခုမို့ ဆောင်းပါးရေးမိသားဖြစ်သွားသည်။

အနာဂါတ်ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းရေးအတွက် ပြည်ပတွင်လုပ်လို့မရ။ ပြည်ပတွင် လုပ်နိုင်သောနည်းလမ်းမှာ ပြည်ထောင်စုတပ်မတော် သို့မဟုတ် ဒီမိုကရေစီတပ်မတော် ဖွဲ့စည်းလျှင်ရသည်။ ၄င်းနောက် ပြည်ထောင်စုအစိုးရ ဖွဲ့စည်းလျှင်ရသည်။

ပထမအချက်အနေဖြင့် ပြည်ထောင်စုတပ်မတော်ကို ဖွဲ့စည်းရေးအတွက် အဓိကဆောင်ရွက်ရန်လိုသည်။ ယင်းသို့ဖွဲ့စည်းရေးမှာလည်း ခက်ခဲမည်ဟုမထင်မြင်ချေ။ အကြောင်းမှာ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများမှာ နယ်စပ်ဒေသ တနံတလျားမှာ ရှိနေကြသည်။ ယခုရှိနေသော ငါးပါတီအဖွဲ့ မဟာမိတ်အဖွဲ့ ဆိုသည်များမဖြစ်ရအောင် ကျယ်ကျယ်ပြန့်ပြန့် ဖွဲ့စည်းရန်လိုသည်။

ဥပမာအားဖြင့် အနောက်ဘက်ဒေသတွင် ချင်းအမျိုးသား လက်နက်ကိုင်တော်လှန်ရေးတပ်ဦး ( CNF ) နှင့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ကရှိသည်။ ချင်းလူမျိုးများက CNF ကို ထောက်ခံကြသလို ရခိုင်လူမျိုးများကလည်း ALPကို ထောက်ခံကြသည်။

သည်တော့ သူတို့က ပြည်ထောင်စုတပ်တွင် ၀င်ရောက်မည်ဆိုသည့်အရေးမှာ ခက်ခဲမှုရှိနေလိမ့်မည်မဟုတ်ဟု သုံးသပ်လို့ရသည်။
တချိန်တည်းမှာ အရှေ့ဘက်တွင်ရှိနေသော လက်နက်ကိုင် အဖွဲ့အစည်းများသည်လည်း မဟာမိတ်အဖွဲ့အစည်းများပီပီ လုံးဝ ခက်ခဲမည်မဟုတ်ဟုထင်သည်။ ပြည်တွင်းတွင် နိုင်ငံလုံးကျွတ်ညီလာခံကို ခေါ်ခိုင်းနေမည့်အစားပြည်ပတွင် တော်လှန်ရေးအဖွဲ့အစည်းလက်နက်ကိုင်များ ညီလာခံကို ပြုလုပ်ရန်လိုသည်။ ယင်းကမှ ပြည်ထောင်စုတပ်ကို စစ်တိုင်းအလိုက် ခွဲခြားသတ်မှတ်ပြီး တော်လှန်ရေးစစ်မျက်နာကို ဖွင့်လှစ်ရန်သာရှိသည်။

ကောင်းပြီ။

ပြည်ထောင်စုတပ်ကို ဖွဲ့စည်းပြီးပြီ။

ယင်းတပ်ကို စီမံခန့်ခွဲအုပ်ချုပ်သော ပြည်ထောင်စုအစိုးရ ရှိကိုရှိလာရမည်ဖြစ်သည်၊ဆိုတော့ ပြည်ထောင်စုအစိုးရကို မည်သို့ဖွဲ့စည်းမည်နည်း။

NCGUB က ယခုပြည်ပတွင် ရှိနေသော အစိုးရဖြစ်နေသည်။ လူငါးဦးအစိုးရဟု လူေ ပြာများသောအဖွဲ့ဖြစ်သလို ပြည်ပမှာ ရှိနေသော အတိုက်အခံ အချင်းချင်းကြားမှာ ရေပန်းစားမှုမရှိ။ သူတို့ရှိနေလျှင်လည်း အကြောင်းမဟုတ်၊ သူတို့ပါဝင်ခြင်း၊ မပါဝင်ခြင်းမှာ သူတို့ပြသနာဖြစ်သည်။

ပြည်ထောင်စုတပ်၏ ဒီမိုကရေစီအစိုးရက ရှိနေရေးသည်သာ အရေးကြီးသည်။
ပြည်ပတွင် တိုင်းရင်းသားလူမျိုးများမှာ ထုနှင့်ထယ်နှင့် အခိုင်အခန့် ရှိနေနှင့်ပြီးဖြစ်သည်။ ယင်းတိုင်းရင်းသားလူမျိုးတို့သည် သူတို့အချင်းချင်း အစိုးရတရပ်ကို ဖွဲ့စည်းရမည်ဖြစ်သည်။

လူမျိုးတမျိုးစီ၏ အစိုးရတရပ်ကို ဖွဲ့စည်းရေးမှာ ခက်ခဲလွန်းမည်ဟုမထင်၊ အဘယ့်ကြောင့်ဆိုသော် လက်နက်ကိုင်တော်လှန်ရေးပါတီတိုင်းတွင် ခိုင်မာသောပါတီ ရှိနေပြီးဖြစ်ရာ စနစ်တကျရွေးချယ် ဆုံးဖြတ်ကြရန်သာလိုသည်။

ယင်းသို့ အစိုးရတရပ်ကို ဖွဲ့စည်းရေးအတွက် ပြည်သူလူထု၏ ထောက်ခံမှုများနှင့်အတူ ဖွဲ့စည်းနိုင်ကြပြီဆိုလျှင် ဒီမိုကရေစီတပ်မတော်ကို ထိန်းချုပ်သောအစိုးရဟု ပြည်သူအများက ထင်မြင်ယုံကြည်ထောက်ခံလာကြမည်ဖြစ်သည်။
ထိုနည်းတူ အစိုးရ၏ ဂုဏ်အင်္ဂါနှင့်အတူ ယင်းအစိုးရတိုင်းတွင် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ရှိနေရန်အရေးကြီးသည်။

ပြည်ထောင်စုမြန်မာနိုင်ငံလွပ်လွပ်ရေးအတွက် ဗိုလ်ချုပ်အောင်ဆန်းတို့ ပင်လုံညီလာခံစာချုပ်ကို ချုပ်ဆိုခဲ့ကြသည်။ ပင်လုံစိတ်ဓါတ်ကို အခြေခံရန် ပြောဆိုကြသည်မှာ ပြည်ပရောက် ဒီမိုကရေစီအင်အားစုများပင် ဖြစ်သည်။

ထို့ကြောင့်ပင်လုံစိတ်ဓါတ်ကို အခြေခံသော ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေမျိုးဖြစ်ရန် အရေးကြီးသည်၊ ၁၉၄၇ ခုနှစ်ပြည်ထောင်စုမြန်မာနိုင်ငံဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေမှာ တန်းတူရေးနှင့်ခွဲထွက်ရေးတို့ကို အတိအလင်း ဖေါ်ပြထားသည်။

ဗိုလ်ချုပ်အောင်ဆန်း၏အမြော်အမြင်ကြီးမားသော နိုင်ငံရေးစိတ်ဆန္ဒကြောင့် တန်းတူရေးနှင့် ခွဲထွက်ရေးကို ဥပဒေတရပ်အဖြစ် ထည့်သွင်းရေးဆွဲထားခဲ့သောကြောင့် တိုင်းရင်းသားလူမျိုးတို့ လက်ခံသဘောတူခဲ့ကြသည်။ ၄င်းမှာ ပင်လုံစိတ်ဓါတ်ဖြစ်သည်။
ဆိုရလျှင် ပင်လုံစိတ်ဓါတ်ကို ယခုအချိန်တွင် အကောင်အထည်ဖေါ်ဆောင်ကြရန် အရေးကြီးသည်။

ဖက်ဒရယ်ကိုမကြိုက်သော သူများထက် ပင်လုံစိတ်ဓါတ်ကို အကောင်အထည်မဖေါ်ဆောင်ဝံ့သော သူများမဖြစ်မိရန် အရေးကြီးရန်သည်။ ယင်းစိတ်ဓါတ်ကို လက်တွေ့အကောင်အထည်ဖေါ်ဆောင်မှသာ တိုင်းရင်းသားလူမျိုးအချင်းချင်း နှင့် ဗမာလူမျိုးတို့၏ ဥမကွဲသိုက်မပျက် ခရီးရှည်တော်လှန်ရေးမှာ အောင်မြင်မှုများ ရရှိကြမည်ဖြစ်သည်။ သို့ဖြစ်သောကြောင့် ပြည်ထောင်စုအစိုးရတွင် ဇွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ မရှိမဖြစ်အရေးကြီးသည်။

ပြည်ထောင်စုအစိုးနှင့် ပြည်ထောင်စုတပ်မတော် ရှိလာခြဲ့ပီဆိုလျှင် မြန်မာ့နိုင်ငံရေး အခြေအနေကို တမျိုးတဖုံ ပြောင်းလဲသွားနိုင်လိမ့်မည်ထင်သည်။

အဘယ့်ကြောင့်ဆိုသော် မြန်မာနိုင်ငံလွပ်လွပ်ရေး ရရှိပြီးသည့် အချိန်မှစပြီး ယခုအချိန်ထိ လက်နက်ကိုင် တော်လှန်ရေး လုပ်လာခဲ့ကြသည်မှာ နှစ်ပေါင်း ၅၀ နီးပါးရှိလာခဲ့ပြီးဖြစ်သည်။ အုပ်ချုပ်သူဖက်ကကော တော်လှန်သူဖက်ကကော ဒေသခံတိုင်းရင်းသားလူမျိုးတွေကော နိုင်ငံရေးသမားတွေကော သေကြ ကြေကြ အသက်ပေါင်းများစွာဆုံးရှုံးခဲ့ကြပြီးဖြစ်သည်။
ခုအချိန်ထိ တိုက်တုံးခိုက်တုံး သေတုံးကြေတုံး၊ နိုင်ငံရေးသမားတွေ ထောင်ထဲမှာ နှိပ်စက်ခံနေဆဲ၊ ကျောငိးသားတွေ ဖမ်းဆီးခံနေဆဲ၊သေကြေနေကြဆဲ။

ယင်းပြသနာများ အဆုံးသတ်ရေးမှာ စုစည်းညီညွတ်စွာနှင့် တခုတည်းသော တပ်မတော် ပေါ်ပေါက်ရေး ဖြစ်သည်။ ပြည်ထောင်စုအစိုးရပေါ်ပေါက်ရေးဖြစ်သည်။

အကွဲကွဲအပြားပြား တော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းများက တိုက်နေခိုက်နေသေးသမျှ မည်သည့်အခါမျ နအဖ စစ်အစိုးရကို ဖြိုခွဲနိုင်မည် မဟုတ်။

မည်သို့ပင်ဆိုစေ ခုအချိန်မှာ အားလုံးတစုတည်းတိုက်ရတော့မည်။ တစုတည်း ရပ် ပြရတော့မည်။ တစုတည်း လဲလဲသေသေ ရှိနေကြရမည်။

အင်အားခိုင်မာတောင့်တင်းနေသော စစ်အစိုးရ၏ လက်နက်ခဲယမ်းမီးကျောက် အားသာမှုကို တော်လှန်ရေးလက်နက်ကိုင် အဖွဲ့အစည်းများက သိရှိလျှင် ပိုပြီးစုစည်းကြရန်လိုပါသည်။

ချုပ်ပြီးပြောရလျှင် စစ်ကျွန်ဘ၀မှ မြန်မာနိုင်ငံသူနိုင်ငံသားတွေကို ကယ်ထုတ်ချင်သည့် ဆန္ဒရှိသူများ ကွဲပြားနေသော လက်နက်ကိုင်အဖွဲ့အစည်းများကို စုစည်းပေးရန်လိုသည်။

ဒီမိုကရေစီစနစ်ဆီသို့ တည်ဆောက်ချင်သည်ဆိုပါက တိုင်းရင်းသားလူမျိုးများအစိုးရရှိနေပြီး ပြည်ထောင်စုအစိုးရ ရှိနေရန်လိုသည်။
ပြည်ထောင်စုအစိုးရ ရှိနေက ပြည်ထောင်စုတပ်မတော် ရှိနေရန်လိုပါသည်။

၂၀၁၀ ရွေးကောက်ပွဲကို အကောင်းဆုံးဖျက်ဆီးနိုင်သည့် နိုင်ငံရေးနည်းလမ်းတခုကို ယင်းကဲ့သို့ ကျင့်သုံးရန်လိုနေပြီဟုသာ ပြောချင်ပါသည်။

ခိုင်အောင်ကျော် (စစ်တွေ)

No comments: