-->

Thursday, December 24, 2009

အနေစုတ်ပေမဲ့ ရွှေထုပ်တဲ့မြပုဝါ

“ဒီ စာအုပ်က အခြားဆိုင်ကြီးတွေမှာ မရှိပါဘူး အမရယ်၊ ရှားပါးဖြစ်နေလို့
ဈေးတော့ မလျှော့ပါရစေနဲ့” ဟူ၍ စာအုပ်ဈေးမေးလာခြင်း၊ ဈေးဆစ်ခြင်းများ
ပြန်လည်ရှင်းပြပေးနေသံကို စာအုပ်အဟောင်းဆိုင်တန်းဟု နာမည်ကြီးသော
ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်းတ၀ိုက်သို့ သွားတိုင်း ကြားရတတ်လေသည်။

ပန်းဆိုးတန်းလမ်း လူသွားစင်္ကြတလျှောက် လျှောက်သွားမိလျှင်
စာအုပ်အဟောင်းများ ခင်းကျင်းရောင်းချသော ဆိုင်လေးများကို ၀က်သားတုတ်ထိုး၊
ရခိုင်မုန့်တီကဲ့သို့သော အစားအသောက်နှင့် တိုလီမုတ်စ အိမ်သုံးပစ္စည်းများ
ရောင်းချသော လမ်းဘေး ဈေးဆိုင်ငယ်လေးများကြားတွင် ဟိုတဆိုင် ဒီတဆိုင်
တွေ့ရမည်ဖြစ်သည်။

အစားအသောက်ဆိုင်နှင့် တိုလီမုတ်စ ပစ္စည်းဆိုင်တို့တွင် ၀ယ်သူများနှင့်
စည်ကားနေလေ့ရှိသော်လည်း စာအုပ်အဟောင်းဆိုင်များမှာမူ စိတ်ဝင်စားသူ
တယောက်တလေမျှနှင့်ပင် ရှိနေတတ်သည်။

အဟောင်းဆိုင်လေးများတွင် ခင်းကျင်းထားသော စာအုပ်အမျိုးအစားတို့မှာ
တဆိုင်နှင့်တဆိုင် မတူညီကြပေ။ မဂ္ဂဇင်း၊ ၀တ္ထု၊ စာစောင်အဟောင်းများမှာ
အများစုဖြစ်ပြီး တခါတရံ ရှားပါးသော ဗဟုသုတဖြစ်ဖွယ် စာအုပ်များကိုလည်း
တွေ့ရတတ်သည်။

“အခုနောက်ပိုင်း လူတွေက စာကောင်းပေကောင်းတွေ သိပ်မဖတ်တော့သလိုပဲ။
ကျနော်တို့ အခုနောက်ပိုင်း စာအုပ်တွေ မရောင်းရတာ အတော်ကြာပြီ။ လူတွေက
ဆိုင်ကြီးတွေက ဟာသ ၀တ္တုတွေ၊ စာပေါ့ တွေပဲ ဖတ်ကြတာများတော့တယ်” ဟု
ပန်းဆိုးတန်း စာအုပ်အဟောင်းဆိုင်ပိုင်ရှင် တဦးက ပြောသည်။



သူ၏ ရှေ့တွင် ပလတ်စတစ်စပေါ် သပ်သပ်ရပ်ရပ် ခင်းကျင်းထားသော
ရှားပါးစာအုပ်အဟောင်းများအပြင် မခင်းရသေးသော စာအုပ်ထုပ်ကြီး တထုပ်ကလည်း
ရှိနေသည်။

သူပြန်လည်ရောင်းချသော စာအုပ်အများစုမှာ ဗိုလ်ချုပ်အောင်ဆန်း အထုပတ္တိ၊
တို့ဗမာအစည်းအရုံး သမိုင်း၊ တိုင်းရင်းသား မျိုးနွယ်စုများအကြောင်း
ရေးသားထားသည့် ရှားပါးစာအုပ်များ စသည်တို့ ဖြစ်သည်။

သူကဆက်၍ “ကျနော်တို့ဆီမှာ စာအုပ်လာရှာတဲ့ သူအများစုက တိုးဂိုက် (ခရီးသွား
ဧည့်လမ်းညွှန်)တွေ၊ တက္ကသိုလ်က စာတမ်းပြုစုနေတဲ့သူတွေ၊ နောက်
စာကြည့်တိုက်အချို့က ပဲ။ တခြားသူတွေက ဒီစာအုပ်တွေမျိုး လာမရှာကြဘူး။
တနေ့တုန်းကဆို စာကြည့်တိုက်တခုက သူ့မှာထားဖို့ စာအုပ်တွေ ကျနော်တို့ဆီမှာ
အများကြီး လာရှာသွားတာ” ဟု ပြောပြသည်။

ယခုနောက်ပိုင်းတွင် ထုတ်သောစာအုပ်များမှ အချက်အလက်များမှာ
ပညာရှင်အဆင့်အတွက် ကိုးကားရန် မပြည့်စုံခြင်း၊
တက္ကသိုလ်စာကြည့်တိုက်တွင်လည်း စာအုပ်စာတမ်းများ မစုံလင်ခြင်းနှင့်
ငှားရမ်းဖတ်ရှုရန် ကန့်သတ်ချက်များ ရှိနေခြင်းတို့ကြောင့် ပန်းဆိုးတန်းရှိ
စာအုပ်အဟောင်းဆိုင်များကို အားကိုးရခြင်းဖြစ်သည်ဟု ရန်ကုန်တက္ကသိုလ်မှ
မဟာဝိဇ္ဖာတန်း တက်ရောက်နေသူ တဦးက ဆိုသည်။

“ကျမက စာတမ်းလုပ်ဖို့ စာအုပ်လာရှာတာ။ တချို့စာအုပ်တွေက တက္ကသိုလ်
စာကြည့်တိုက်မှာ ရှာမရဘူး။ စာအုပ်တွေက ရှိလည်း ငှားရပြုရ မလွယ်ဘူး။
အသစ်လည်း ရိုက်တာ မရှိ၊ ရှိတဲ့ အသစ်တွေကလည်း သိပ်အသုံးမတည့်တော့ ကျမ
ဆရာမကြီးတွေက ဒီလို အဟောင်းဆိုင်တွေကိုပဲ ညွှန်းလိုက်တာ။ အဟောင်းသာဖြစ်တာ
ဈေးကတော့ မသေးဘူး” ဟု သမိုင်းဘာသာ အထူးပြု မဟာတန်းတက်ရောက်နေသူက
ပြောသည်။

စာအုပ်ထုတ်ဝေစဉ် ကာလများက ဈေးနှုန်းမှာ ကျပ် ၁၀ မကျော်သည့်
စာအုပ်ဟောင်းလေးများမှာ ညိုကြင်ကြင်နှင့် တခါတရံ ပိုးပေါက်လေးများ
ရှိနေတတ်သော်လည်း ၀ယ်ယူသူတို့အဖို့ ကာလပေါက်ဈေး အနည်းဆုံး ၂၀၀၀ ကျပ်မှ
ကျပ် သုံးသောင်းအထိ ပေးဝယ်ရသည်များလည်းရှိသည်။

“ကျနော်တို့ တိုးဂိုက်တွေက စာအများကြီးဖတ်ရတယ်။ တိုင်းရင်းသား ဓလေ့
ဘာညာပေါ့နော်။ အဲ့ဒီစာအုပ်မျိုးတွေက စာအုပ်အသစ် ဆိုင်ကြီးတွေမှာ
အတော်ရှားတာ။ ကျနော်တော့ အချိန်ရရင် ဒီလို အဟောင်းဆိုင်လေးတွေမှာ
လိုက်မွှေတာပဲ။ တခါတလေ လိုချင်တဲ့ စာအုပ်၊ ရှားပါးတဲ့ စာအုပ်ဆိုရင်
သောင်းဂဏန်း ပေးဝယ်ရတာ” ဟု စာအုပ်လာဝယ်သူ ဧည့်လမ်းညွှန်တဦးက ဆိုသည်။

စာအုပ်ဆိုင်ကြီးများတွင် ရှားပါးသော စာအုပ်အဟောင်းများကို
ရောင်းချခြင်းရှိသော်လည်း ဈေးနှုန်းမှာ လမ်းဘေး အဟောင်းဆိုင်များနှင့်
ကွာခြားသည်ဟု သူကဆိုသည်။

သူက “ဆိုင်ကြီးတွေမှာလည်း တအားရှားတဲ့ စာအုပ်တွေ ရှိတယ်။ ဒါပေမယ့်
သူတို့ဆီမှာက ဈေးမြင့်တယ်။ တခါတလေတော့လည်း ဆိုင်ကြီးတွေ ၀ယ်ရတာပေါ့နော်။
ကျနော်တို့ကတော့ ဆိုင်ကြီးတွေရော၊ ဒီလိုလမ်းဘေး ဆိုင်လေးတွေမှာရော
အားကိုးရတာပါပဲ။ ဒီဆိုင်လေးတွေမှာက တခါတလေ ဆိုင်ကြီးတွေမှာ မရှိတဲ့
စာအုပ်ကောင်းလေးတွေ ဈေးချိုချိုနဲ့ ရတတ်တယ်လေ” ဟု ပြောပြသည်။

စာအုပ်အဟောင်းဈေးမှာ မြင့်မားသလောက် ၀ယ်ယူလိုသူများလည်း
နည်းပါးသောကြောင့် စာအုပ်ဟောင်း ရောင်းဝယ်သူတို့အဖို့မှာ ငွေအရင်း
ပြန်ရရန်ပင် ခက်ခဲလှသည်ဟု ဆိုကြသည်။

“ကျနော်တို့က စာအုပ်ကို ရောင်းတဲ့သူတွေဆီကနေ Log
လိုက်ဝယ်လိုက်တာပေါ့နော်။ စာအုပ်အမျိုးအစားကို လိုက်ပြီးတော့ ပုတ်ပြတ်
တသိန်းမျိုး၊ နှစ်သိန်းမျိုးပေါ့။ အဲ့ဒီကနေမှ ရောင်းစွံမယ့် စာအုပ်ကို
ပြန်ရွေးပြီး အရင်း၊ အမြတ်ရအောင် ဈေးပြန်ရှာရတာ။ တရက်လုံးနေမှ ၅ ထောင် ၁
သောင်းလောက်ပဲ ရောင်းရတာမျိုးရှိတယ်။ အရင်း ပြန်ရဖို့က ကြာတော့
ငွေအိပ်တာပေါ့ဗျာ” ဟု အခြား စာအုပ်ဟောင်း ရောင်းသူတဦးကဆိုသည်။

စာအုပ်များ ပြန်ဝယ်ရာတွင် ပြန်လည် ရောင်းချမရနိုင်သည့် စာအုပ်များက
အများစုဖြစ်ပြီး တန်ဖိုးရှိသော ဗဟုသုတဖြစ်ဖွယ် စာအုပ်များမှာ ရံဖန်ရံခါသာ
ပါလာလေ့ရှိသည်ဟု သူက ဆိုသည်။

စာဖတ်ဝါသနာပါသည့် သူက ဆက်၍ “တချို့ ရောင်းတဲ့သူက စာအုပ်တွေက
မျိုးရိုးစဉ်ဆက် သိမ်းထားတာတွေ။ မြေးမြစ်တွေက မဖတ်တော့ပဲ
ပြန်ရောင်းတာမျိုး။ အဲ့ဒါမျိုးဆို တအား အဖိုးတန်တာ။ အဲ့လိုမျိုးရရင်
ကျနော်ကြိုက်တာဆိုရင် ပြန်မရောင်းပဲ သိမ်းထားလိုက်တော့တာ” ဟု ပြောသည်။

ခေတ်ရေစီးကြောင်းအရ ဗဟုသုတ စာပေများကို အင်တာနက်မှ တဆင့် ရှာဖွေ
ဖတ်ရှုနိုင်လာချိန်တွင် စာအုပ်အဟောင်းဆိုင်များသို့ ဦးတည်မူ
နည်းပါးလာသလို လူငယ်များအနေဖြင့်လည်း ရသ စာပေများကိုသာ
ဖတ်ရှုမှုများပြားလာသည့်အတွက် စာအုပ်အဟောင်းများကို တန်ဖိုးထားခြင်းမှာလည်း
နည်းပါးလာသည်ဟု သူက ဆိုသည်။

“အခုက အင်တာနက်မှာပဲ သွားဖတ်ကြတယ်လေ။ တချို့ကျ စာအုပ်အကောင်းတွေကို မသိပဲ
အဟောင်းကြီးတွေပဲ ဆိုပြီးတော့ ကျနော်တို့ကို မရောင်းပဲ အလေးချိန်နဲ့
သွားရောင်းတော့ ဟိုက အကုန် ကြိတ်စက်ထဲ ထည့်ပစ်တာ တအား
နှမြောဖို့ကောင်းတာ။ တခါတလေ ကျနော်တို့ အဲ့ဒီ အလေးချိန်နဲ့ ၀ယ်တဲ့ဆီ
စာအုပ်တွေ သွားရှာရတာ” ဟု သူကပြောပြသည်။

စာပေ၀ါသနာရှင် တဦးကမူ “အင်တာနက်ဆိုတာက မီးလာမှ၊ ကွန်ပြူတာ ရှိမှလေ။
စာအုပ်ဆိုတာ အချိန်မရွေးဖတ်လို့ရတယ်။ စာအုပ်စာပေ လူ့မိတ်ဆွေ၊ အလိမ္မာ
စာမှာရှိ ဆိုတာလိုပေါ့။ လူငယ်တွေ စာများများဖတ်ဖို့ လိုတယ်။ အန်တီဆို
တခါတလေ ကိုယ်လိုချင် ဖတ်ချင်တဲ့ စာအုပ်က ဆိုင်တွေပေါ်မရှိတော့
ဒီပန်းဆိုးတန်း ဆိုင်တွေပဲ လိုက်ရှာတာ။ အန်တီကတော့ အန်တီ့မှာရှိတဲ့
စာအုပ် ဘယ်တော့မှ ပြန်မရောင်းဘူး စိတ်ကူးတယ်” ဟု ပြောပြသွားသည်။

မာန်
အညာနွေတမာမြေ

No comments: