-->

Friday, January 1, 2010

"လွှတ်" လှုပ်ရှားမှု မန္တလေး နယူးရီးယားညမှာ ပြုလုပ်ခဲ့




၃၁၊ ဒီဇင်ဘာ၊ ၂၀၀၉ နယူးရီးယားအကြို ညက မန္တလေးမြို့ပေါ်နေရာအနှံ့အပြားတွင်
FREE 2010 ဆိုသောစာများ ရိုက်နှိပ်ထားသော ၅ ကျပ်တန်၊ ၁၀ တန်၊ ၂၀ တန်၊ ၅၀
တန်၊ ၁၀၀ တန်၊ ၂၀၀ တန် များ ကြဲဖြန့်သည့် လှုပ်ရှားမှု ဖြစ်ခဲ့သည်။

FREE 2010 ပိုက်ဆံများကို မန္တလေးမြို့ပေါ် ၂၇ လမ်း၊ ၂၈ လမ်း၊ ၇၈ လမ်း၊ ၈၆
လမ်း၊ ၈၉ လမ်း၊ ၇၃ လမ်း ၃၅ လမ်း၊ ၆၈ လမ်း အစသဖြင့်
လူစုလူဝေးရှိသည့်နေရာများတွင် Happy New Year အော်ဟစ်ချိန်၌ ကြဲချခဲ့သည်။
လူအုပ်တွေထဲ ကြဲချခြင်းမျိုးလည်း ရှိသည့်အတွက် လူအတော်များများကတော့
သတိထားဖြစ်သွားသည်။ အတော်များများ ကောက်ယူသိမ်းဆည်းကြသည်။

ကျုံးနဘေးမှာတော့ ထောက်လှမ်းရေး၊ ရဲ၊ ကြံ့ဖွတ်၊ စွမ်းအားရှင်များက
အင်အားအပြည့်နေရာယူစောင့်ကြည့်နေကြ၏။

ဤ FREE (လွှတ်) လှုပ်ရှားမှုကို လဖစတ (လူထူလှုပ်ရှားမှုဖော်ဆောင်ရေးနှင့်
စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးအင်အားစု - ဗမာပြည်) က
ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

"လဖစတ" အဖွဲ့ဝင်တစ်ဦးပြောပြတာကတော့ "ကျွန်တော်တို့အနေနဲ့ ၂၀၁၀ ဆိုတဲ့
ဗမာပြည်နိုင်ငံရေးလှုပ်ရှားမှုကာလကြီးရောက်တော့မှာ ဖြစ်တဲ့အတွက်
အကြိုအနေနဲ့ ဒီလို FREE လှုပ်ရှားမှုကို ပြုလုပ်ခဲ့တာပါ။ စစ်အဆိုးရအနေနဲ့
ဘယ်လိုပဲ မျှတတဲ့ ရွေးကောက်ပွဲကို လုပ်ပေးမယ်ပြောပြော
ယုံကြည်ချက်တစ်ခုနဲ့ အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို
လွှတ်မပေးမှတော့ စစ်အာဏာရှင်တွေဟာ အပြောနဲ့ အလုပ်မညီဘူးဖြစ်နေတယ်။
အဲဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် အဖမ်းဆီးခံ
နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့ စစ်အစိုးရကို တောင်းဆိုတဲ့အနေနဲ့
ဒီလို FREE သို့မဟုတ် "လွှတ်" လှုပ်ရှားမှုကို ပြုလုပ်ရခြင်းဖြစ်တယ်။

ကျွန်တော်တို့အနေနဲ့ ဗမာပြည်သူလူထုကြီးကို တိုက်တွန်းချင်တာက FREE
ဒါမှမဟုတ် "လွှတ်" ဆိုတဲ့ စာသားတွေ တစ်နိုင်ငံလုံး နေရာအနှံ့ ကိုယ့်ဘာသာ
လိုက်ရေးကြစေချင်တယ်။ ဘောပင်လေးနဲ့ပဲ ဖြစ်ဖြစ်၊
ဆော့ပင်န်လေးနဲ့ပဲဖြစ်ဖြစ်၊ သင်္ဘောဆေး/မှုတ်ဆေးနဲ့ပဲ ဖြစ်ဖြစ် ဒီနေ့
နယူးရီးယား ၂၀၁၀ နှစ်သစ် ပထမဆုံးနေ့ကစပြီး ကိုယ်တတ်နိုင်သလောက် နေရာအနှံ့
လိုက်ရေးကြဖို့ နှိုးဆော်ပါတယ်။ ကျွန်တော်တို့လို ပိုက်ဆံ ဒါမှမဟုတ်
စက္ကူစများပေါ်မှာလည်း FREE လို့ရေးပြီးလည်း ဖြန့်ဝေကြနိုင်ပါတယ်။ "

FREE သို့မဟုတ် "လွှတ်" ဆိုပြီး ရေးသားဖြန့်ဝေကြခြင်းဖြင့်
နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးကို တောင်းဆိုကြပါစို့။

လဖစတ
(လူထူလှုပ်ရှားမှုဖော်ဆောင်ရေးနှင့် စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးအင်အားစု - ဗမာပြည်)
AAMD
(Activists for Abolishing the Military Dictatorship - Burma Myanma

Rest of your post
အညာနွေတမာမြေ

No comments: