ခိုင်အောင်ကျော် (စစ်တွေ) ပေးပို့သည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေအထားအရ အခုအချိန်မှာ ဗဟိုကော်မီတီ အပြောင်းအလဲ လုပ်ကြရတော့မယ်ဆိုရင် အဓိက စဉ်းစားထားရမှာက လွန်ခဲ့တဲ့ အနှစ် နှစ်ဆယ်ကာလက ဖွဲ့စည်းခဲ့သလိုမျိုး အခုအချိန်မှာ လုပ်လို့မရတော့ဘူး။ နိုင်ငံရေးပါတီတရပ်အနေနဲ့ ဖွဲ့စည်းခဲ့တဲ့အချိန်တုံးက အခြေအနေတွေဟာ ခုအချိန်မှာ ဘာမှ မပါတ်သက်တော့ဘူး၊
အဲဒီအချိန်တုံးက ဖွဲ့စည်းခဲ့ကြတာတွေဟာ အလုပ်အခုကို ဖြစ်စေဖို့အတွက် ရင်းနှီးရာ ခင်မင်ရာ စိတ်တူကိုယ်တူတွေကို ပေါင်းစပ်ပြီး ဖွဲ့စည်းခဲ့တဲ့ အခြေအနေဘဲဖြစ်တယ်၊ အနှစ်ဆယ်ကာလအတွင်း ဒီအဖွဲ့ချုပ်အတွက် အသက်သွေးချွေးပေါင်း မြောက်မြားစွာ အဖွဲ့ချုပ်ဝင်တွေက သူတို့ ပေးဆပ်ခဲ့ရတဲ့ ဘ၀နဲ့တင် မကာမိစေလောက်တဲ့အထိကို ပေးဆပ်ခဲ့ပြီးပြီ။
အခုအချိန်ထိလဲ အဖွဲ့ချုပ်ဝင်တွေက ပေးဆပ်နေရတုန်း၊ တချိန်တည်းမှာဘဲ အဖွဲ့ချုပ်ဝင်တွေ မဟုတ်ဘဲ ပြည်သူတွေဟာလဲ နည်းတာမှ မဟုတ်တာရယ်လို့ ပြောရမှာဖြစ်တယ်။
ဒီတော့ကာ တဖက်က စစ်အစိုးရဆီကနေပြီး အာဏာလွှဲပြောင်းပေးရေးအတွက် တောင်းဆိုနေရချိန်မှာ ကိုယ့်ပါတီအတွင်းစည်းတွေမှာကလဲ အာဏာရရှိလို့ နိုင်ငံကို အုပ်ချုပ်မယ် ဆိုရင်တောင်မှ လူတွေက မရှိတော့ဘူး ၊ သေဆုံးသွားတဲ့လူတွေ၊ အသက်အရွယ်ကြီးမြင့်နေတဲ့လူတွေနဲ့ နောက်တခါ အဖွဲ့ချုပ်က နှုတ်ထွက်သွားတဲ့ လူငယ်တွေ ။ ထုတ်ပယ်ပစ်လိုက်တဲ့ လူကြီးတွေ စသည်ဖြင့် နောက်ပြန်လှည့်ကြည့်ရင် ဘယ်သူမှ မရှိတော့ဘူးဆိုတဲ့ အတိုင်းဖြစ်နေတယ်။
အသက်အရွယ်ကြီးမြင့်တဲ့ လူကြီးတွေကို အရေးကြီးတဲ့ ရာထူးတွေ သွားပေးထားတော့ စိတ်ဓါတ်ရှိရုံကလွဲလို့ ဘာမှ မလုပ်နိုင်တဲ့အခါကျတော့ ဒါဟာ တကယ့်ကြီးမားတဲ့ ပြသနာဖြစ်တယ်။ အင်မတန်အရေးကြီးနေတဲ့ နိုင်ငံရေးကာလမှာ ဥက္ကဌ ငုတ်တုပ်ထိုင်နေတယ်ဆိုတဲ့ အမြင်က ပြည်သူတွေဆီမှာ ဂယက်ရိုက်ခတ်တော့ ဘယ်အဖွဲ့အစည်းမဆို ပြဿနာကတော့ ရှိလာမှာပါဘဲ။ ဒါပေမဲ့ အခုဟာက သာမန်အဖွဲ့အစည်း မဟုတ်ဘူး ။
နိုင်ငံတော်အာဏာ ရယူမယ့် အဖွဲ့အစည်းဖြစ်နေတယ်။ ဒီတော့ ပိုဆိုးတာပေါ့ ။ ပြည်သူတွေ အရမ်း နစ်နာကြတာပေါ့ ၊ အင်မတန်ခေါင်းဆောင်မူ ပေးနိုင်တဲ့ ဒေါ်အောင်ဆန်းစုကြည်လို ခေါင်းဆောင်ကောင်း တယောက်ရှိနေတာတောင်မှ လက်မညီတော့ တက်လှော်ရတာ မလွယ်လှဘူးပေါ့။
ဒီလိုဆိုရင် အခု ဗဟိုကော်မီတီတွေ အပြောင်းအလဲ ရွေးချယ်ကြမယ်ဆိုရင် ဗဟိုကော်မီတီတွေကို အောက်ခြေကနေ ဗဟိုအထိ ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ခွင့်ကို ပေးရမယ်။ အရည်အချင်းအလိုက် ရှိတဲ့သူတွေကို ၀င်ရောက် ယှဉ်ပြိုင်ခွင့် ရှိစေရမယ်။ အဖွဲ့ချုပ်ဝင် မဟုတ်တဲ့ သူတွေကိုလဲ နိုင်ငံအကျိုးအတွက် လုပ်ချင်တဲ့ သူရှိတယ်ဆိုရင် လုပ်နေတဲ့ သူတွေ ရှိတယ်ဆိုရင် စည်းရုံးပြီးတော့ကို ယှဉ်ပြိုင်စေရမှာဖြစ်တယ်။ အဖွဲ့ချုပ်က နှုတ်ထွက်သွားတဲ့သူတွေကိုကော ထုတ်ပယ်ခြင်းခံသွားရတဲ့ သူတွေကိုကော ပြန်လည်ခေါ်ယူ မဲဆန္ဒ ပေးစေရမှာဖြစ်တယ်။
တချိန်တည်းမှာဘဲ အဲဒီဗဟိုကော်မီတီတွေကို ရွေးချယ်တဲ့ အခါမှာတော့ အရည်အချင်းကို ကြည့်ပြီး ရွေးချယ်ဖို့လိုပါတယ်။ အသက်အရွယ်ကို ကြည့်ပြီး ရွေးချယ်ဖို့ လိုပါတယ်။ ဒီတော့ တကယ်အလုပ်လုပ်မဲ့ ဥက္ကဌ တယောက်ကို အခုအချိန်ဟာ အဖွဲ့ချုပ်မှာ လိုအပ်နေတယ် ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ဟာ အသင့်တော်ဆုံးဘဲ ဖြစ်တယ်။ အရည်အချင်းအရ ကော အသက်အရွယ်အရကော နိုင်ငံရေးအရကော ဒီနိုင်ငံအတွက် ကိုယ်ကျိုးစွန့်အနစ်နာခံတဲ့ ခေါင်းဆောင်ကောင်းတယောက်မို့ ရွေးချယ်ပေးရမှာဖြစ်တယ်။
ဒေါ်အောင်ဆန်းစုကြည်သာ ဥက္ကဌ ဖြစ်သွားရင် အကျယ်ချုပ်နဲ့ ဖမ်းဆီးထားလို့ မရတော့ဘူး။ တနည်းနည်းနဲ့တော့ တခုခုကို အပြောင်းအလဲ ရရှိစေမှာဖြစ်တယ်။ နေ့စဉ် ရုံးတက်နိုင်တယ် ၊ အလုပ်တွေကို ကောင်းကောင်းလုပ်နိုင်တယ်။ လက်ကလဲ ညီပါလိမ့်မယ်၊ လက်ညီတော့ တက်လှော်ရတာ ဦးတည်ရာကို ရွေ့လျှားသွားစေပါတယ်၊ နိုင်ငံတကာ အသိုင်းအ၀န်းကလဲဘဲ လက်ခုပ်သြဘာပေးကြပါလိမ့်မယ်။ ဘာဘဲဖြစ်ဖြစ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က တခုခု ဆုံးဖြတ်ချက် ချပြီးတော့ လုပ်ပြီဆိုရင် လုပ်တာမကြာဖို့ ။ လုပ်တာမမှားဖို့ လိုတယ် ။ လုပ်တာကြာသွားရင် လုပ်တာမှားသွားပြီဆိုရင် ပြည်သူတွေ နစ်နာတယ်ဆိုတာကိုတော့ နဲနဲလောက် သိထားပေးဖို့လိုတယ်။
အခုအချိန်မှာ အဖွဲ့ချုပ်ဝင်တွေတောင် မဟုတ်ဘူး ၊ ပြည်သူတွေကတောင် ဝေဖန်ရေးတွေ လုပ်လာနေကြတယ် ဆိုတာကို သတိထားပေးဖို့ လိုပါတယ်။ ဒီတော့ကာ စီအီးစီ ရွေးချယ်ရေးမှာ တိုးချဲ့ဖွဲ့စည်းရေးဆိုတာထက် ရွေးကောက်ပွဲအရ လူပါပြောင်းလဲဖွဲ့စည်းရေးအတွက်ကို ဆောင်ရွက်သင့်တယ်။
ဒါကြောင့် မို့ ဒီမိုကရေစီ အခွင့်အရေးအရ လွတ်လပ်စွာ ယှဉ်ပြိုင်ခွင့် လွတ်လပ်စွာ မဲဆန္ဒပေးပိုင်ခွင့်ဟာ NLD မှာ လုံးဝဥဿုံ ရှိနေရမယ်လို့ ပြောချင်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဒိမိုကရေစီကို အခြေခံတဲ့ အဖွဲ့ချုပ်ဖြစ်နေလို့ပါဘဲ။
ဒီတော့ အစကနေပြီး ပြောကြည့်ကြရအောင်။
တကယ်လို့ ဒေါ်အောင်ဆန်းစုကြည်သာ အခုလို့ တွေ့ဆုံမှု မပြုလုပ်ခဲ့ဘူးဆိုရင် ဒီအတိုင်းဘဲ ဆက်ပြီး ရှိနေအုံးမှာကို သိသာနိုင်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဗဟိုကော်မီတီတွေ အပြောင်းအလဲ လုပ်ကြရအောင်လို့ တိုက်တွန်းတဲ့ သူတွေတောင် ထုတ်ပယ်ခံခဲ့ရတာတွေ ရှိနေခဲ့တာတွေကတော့ အရုပ်ဆိုးလွန်းလှပါတယ်။
ဒါဟာ ဒီမိုကရေစီမူကိုအခြေခံတဲ့ နိုင်ငံရေးအဖွဲ့အစည်းတရပ်ရဲ့ လက္ခဏာကောင်းတရပ်တော့ မဟုတ်နိုင်ဘူးလို့ ယေဘုယျသုံးသပ်မိပါတယ်။ ဒီနေရာမှာ တိုက်တွန်းတဲ့ သူတွေဖက်က အကြောင်းပြချက်နဲ့ ထုတ်ပယ်ရခြင်းအကြောင်းပြချက်တွေဟာ အကျိုးအကြောင်းများ အနေနဲ့ မကာမိလောက်အောင် အင်မတန်ကွာခြားလွန်းလှပါတယ်။ နောင်ကို ဒီလိုမျိုးတွေ မဖြစ်သင့်ဘူးလို့ ထင်မြင်ယူဆရပါတယ်။
ဒီတော့ကာ အသက်အရွယ်ကြီးမြင့်သူတွေကို အနားယူပေးခြင်းဟာ အတိုက်အခံနိုင်ငံရေးပါတီတရပ်ရဲ့  အင်မတန် အရေးတကြီးလိုအပ်တဲ့ ပြသနာတခုဖြစ်တယ် ဆိုတာ ဒီနိုင်ငံရေးအဖွဲ့အစည်းက အခုမှ ထ လုပ်လိုက်ခြင်းဟာ အချိန်တွေကို အလွန်နောက်ကျစေခဲ့တာတော့ အမှန်ပါဘဲ။ ဒါဟာ အဖွဲ့ချုပ်ရဲ့  ပြသနာတခုမဟုတ်ဘဲ မြန်မာနိုင်ငံတခုလုံးရဲ့ ပြဿနာ။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ကံကြမ္မာတရပ်လုံးကို အလှည့်အပြောင်း ဖြစ်သွားစေမဲ့ အချိန်ကာလများကို ၀ါးမျိုစားသောက်ပစ်ခဲ့ခြင်းဖြစ်သွားတာပါဘဲ။
ဒါကြောင့်မို့လို့ ပြည်သူတွေရဲ့ ပြောင်းလဲမှုတရပ်ဟာ တုံ့ဆိုင်းမှုများကို ဖြစ်သွားခဲ့စေပါတယ်။ အဖွဲ့အစည်းတခုမှာ တဦးတည်းကသာ လှုပ်ရှားနေရပြီး ကျန်တဲ့သူတွေက ပရိတ်သတ်လို ၀ိုင်းပြီးတော့ ထိုင်နေခဲ့ကြတာမျိုး ဖြစ်နေလေတော့ မြန်မာနိုင်သူ နိုင်ငံသားတွေအဘို့ သူတို့မျှော်တဲ့ ရွှေပြည်တော်ကြီး ဝေးကွာနေမှာပါ။ ဒီလိုဆိုရင် ပြည်သူတွေက ဘယ်သူ့ကို အပြစ်တင်စကားပြောဆိုကြမှာလဲလို့ စဉ်းစားစရာ ဖြစ်မနေဘူးလား။
စစ်အစိုးရကို ဝေဖန်တာ၊ လက်မခံတာ၊ စစ်ခုံရုံးကို တင်ချင်တာ ၊ ဗိုလ်ချုပ်မှူးကြီးနဲ့တကွ အပေါင်းပါတွေကို သေဒဏ်ပေးလိုက်ချင်တာတွေဟာ ပြည်သူတိုင်းမှာလိုလို ရှိနေကြမှာပါ။ ဒီမိုက်ရေစီ မရရှိတာဟာလဲ သူတို့ကြောင့်လို့ဘဲ နားလည်ကြသူတွေဖြစ်ပါတယ်။ ထားပါတော့။ ဒါဖြင့်ရင် အတိုက်အခံဖက်ကကော ခြောက်ပြစ်ကင်း သဲလဲစင်များဖြစ်နေသလား။
ခက်နေတာက တဖက်သတ်ပြောဆိုနေတာတွေကဖြင့် တော်သင့်နေပါပြီ။ အမှန်တရားတခုကို ရှာဖွေပြီး အကောင်းဆုံးတခုကို ရင်ဆိုင်သွားကြဖို့ အချိန်တွေက သင်ခဏ်းစာတွေ လှလှပပကြီး သင်ပေးနေပါပြီ။ ပြည်သူတွေ အမျိုးသားဒီမိုကရေစီအဖွဲချုပ်ကို ဝေဖန်နေကြတာမှာ ကြာပြီဖြစ်တာကို လက်ခံရပါလိမ့်မယ်။ အဖွဲ့အချုပ်ကို တည်တန့်အောင် ထိမ်းသိမ်းထားတယ်ဆိုသော အချက်ကို မည်သူမျှမငြင်းဆိုကြပါ။ သို့သော် တည့်နေသည်ထက် ဖိုးသက်ရှည် ဖြစ်နေတာကိုတော့ ညီးညူနေကြပြီဆိုတာ အသံတွေကြားနေရပါတယ်။
ဒီတော့ ဒီကနေ့ ဖြစ်ပျက်နေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့  မူတွေ အပြောင်းအလဲနဲ့ လူတွေအပြောင်းအလဲဟာ တကယ်လိုအပ်နေပြီဆိုတာကို ပြည်သူတွေက မီးမောင်းထိုးပြနေပါတယ်။ အဖွဲ့ချုပ်ရဲ့ တဦးတည်းကိစ္စ မဟုတ်တော့ဘဲ တနိုင်ငံလုံးရဲ့ အရေးအရာ ဖြစ်နေတယ်ဆိုတာကို အဖွဲ့ချုပ်က နားလည်ထားဖို့ အရမ်းရေးကြီးနေပါတယ်။ ဒီတော့ကာ ဒီမိုကရေစီ ရရှိရေးအတွက် အဖွဲ့ချုပ်ရဲ့ အပြောင်းအလဲ လုပ်ဖို့ အတွက် ဘာတွေလိုအပ်နေတာလဲဆိုတာကို ဆန်းစစ်ရပါလိမ့်မယ်။
ပထမဆုံး ရွေးကောက်ပွဲကော်မရှင် တခုကို ဖွဲ့စည်းပြီး အမည်စာရင်းတင်သွင်းစေဖို့ ကျေးလက်ကနေ ဗဟိုအထိ ယှဉ်ပြိုင်မဲ့ ကိုယ်စားလှယ် အမည်ကို လက်ခံကျေညာပေးရပါလိမ့်မယ်။ ဒါဟာ ဒီမိုကရေစီ လမ်းပေါက်ကို ဖွင့်ပေးတာဖြစ်ပြီး အရည်အချင်းရှိတဲ့သူတွေက လျှောက်လာနိုင်စေဖို့ အခွင့်အရေးကောင်းတခုကို ရရှိစေတာလဲ ဖြစ်ပါလိမ့်မယ်။ ဗဟိုကော်မီတီ တခုမှာ ရှိသင့်တဲ့ အရည်အချင်းရှိသူတွေဟာ အဲဒီရွေးကောက်ပွဲကို ၀င်ပြိုင်လာမှာဖြစ်သလို့ မဲဆန္ဒပေးမဲ့ သူတွေကလဲ လွပ်လွပ်စွာ မဲဆန္ဒပေးကြမှာဖြစ်ပါတယ်။ ခိုင်မာတဲ့ ဗဟိုကော်မီတရပ်ဟာ ခုအချိန်မှာ အဖွဲ့ချုပ်အတွက် အမှန်တကယ် လိုအပ်နေပါပြီ။
ပြတ်သားတဲ့ မူတွေ ၊ ပေါ်လီစီတွေကို ချမှတ်ပြီး မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေးအတွက် အစွမ်းကုန်ကြိုးစားရမဲ့ ဗဟိုကော်မီတီတွေဟာ အနှစ်နှစ်ဆယ်အတွင်းက ကော်မီတီထက် လက်စောင်းထက်ရပါလိမ့်မယ်။ ခါးရိုးပြတ်နေတဲ့ နိုင်ငံရေးကျောပြင်ကို ဆွဲဆန့်ဖို့ ပြင်းပြင်းထန်ထန် ကြိုးစားရပါလိမ့်မယ်။ ဒုံရင်း သဘောမျိုးဖြစ်သွားလို့ကတော့ ၂၀၁၀ ရွေးကောက်ပွဲပြီးဆုံးသွားတာနဲ့ ဖျာလိပ်သွားစေတာမဟုတ်ဘဲ သမိုင်းမှာ ပျောက်ကွယ်သွားနိုင်ကောင်း သွားတော့မယ်ဆိုတာ သတိထားဖို့လိုပါတယ်။
ဘာကြောင့်ဆိုတော့ စစ်အစိုးရက ၂၀၁၀ ရွေးကောက်ပွဲကို လုပ်တော့မှာပါ။ အကွက်ချပြီး စီမံကိန်းတွေ လုပ်ပြီး သူတို့အာဏာသက်ဆိုးရှည်ရေးအတွက် လုပ်သွားမှာပါ။ အဲဒီအခါကျရင် နိုင်ငံရေးပါတီတွေကလဲ ပေါ်ပေါက်နေပြီးဖြစ်ပါတယ်။ ဒီတော့ ဒီလို ၂၀၁၀ နိုင်ငံရေးပါတီတွေရဲ့ဘ၀မှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဟာ ကြားညှပ်နေမှာကတော့ လုံးဝငြင်းမရတဲ့ အချက်တွေဖြစ်ပါတယ်။
ဒီတော့ ဒီလိုကြားညပ်မဲ့ အဆင့်မှာ ဘယ်လိုလုပ်ပြီး နိုင်ငံရေးလုပ်ငန်းစဉ်တွေ အကောင်အထည်ပေါ်ပေါက်နိုင်မှာပါလဲ။ နဂို ကတည်းက အေးအေးဆေးဆေး လွတ်လွတ် လပ်လပ် လှုပ်ရှားနေတဲ့ကာလမှာတောင် ဘူးကနေ ဖရုံမသီးခဲ့ရတဲ့ အခြေအနေမှာ ဆူးကြားက ဘူးခါးဖြစ်သွားမှာကတော့ ကျိန်းသေဖြစ်သွားနိုင်ပါတယ်။ ဒီတော့ ဒီအကြပ်အတည်း ကာလတွေကို ကျော်လွှားဖို့ တခုတည်းသော လက္ခဏာဟာ တောင့်တင်းခိုင်မာတဲ့ အဖွဲ့ချုပ်ရဲ့ အပြောင်းအလဲပေါ်မှာမူတည်နေပါတယ်။
သူတို့တွေဟာ ရွှေဂုံတိုင်ကျေညာစာတမ်းကို အကောင်အထည်ဖေါ်ဆောင်ဖို့ အတွက် ပုဂ္ဂိုလ်များဖြစ်ကြောင်း ပြည်သူတွေရှေ့မှာ မားမားမတ်မတ် ရပ်တည်ရပါလိမ့်မယ်။ လာနိုးငယ်မျှော်လို့ ကုလားအုပ်လည်တံရှည်နဲ့ ဇာတ်တူသားဖြစ်မဲ့ သူများ မဟုတ်ကြောင်း ထပ်လောင်းသက်သေပြကြရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ပခုံးပေါ်က အမာရွတ်များဟာ ခုအချိန်ထိ ရှိနေတုံးပါဘဲ။ ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲ ရလဒ်ကို အကောင်အထည်ဖေါ်ဆောင်ပေးဖို့ ဒီကနေ့အထိ တောင်းဆိုတိုက်ပွဲဝင်နေတာ စစ်အစိုးရကို ဖြုတ်ချချင်လို့ပါဘဲ။
စစ်အစိုးရကို ရွံရှာမုန်းတီးလေ နှစ်သက်ကြာလာလေ ဒီမိုကရေစီအတိုက်အခံအချင်းချင်း ကွဲပြဲကြ၊ ခွက်စောင်းခုတ်ကြနဲ့ နောက်ဆုံးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုလဲဘဲ ပြည်သူတွေက ဝေဖန်စပြုလာကြပါပြီ၊ နာကျင်စပြုလာကြပါပြီ ၊ နောက်ဆုံးမှာ ရေဒီယိုအသံလွှင့်ဌါနတွေကိုတောင်မှ အတိုက်အခံကြားတွေမှာ နားမထောင်ချင်တဲ့ အဆင့်တွေ ရောက်လာနေပါပြီ။ ဒါတွေကို အထူးသတိချပ်ရပါတော့မယ်။
အားလုံးကောင်းပါသည်လို့ မပြောတာကို နားလည်ပြီး ငါ့မြင်းငါစိုင်း စစ်ကိုင်းရောက်ရောက်လို့ကတော့ နောက်မှာလူမပါဘဲ တယောက်ထဲ ခရီးသွားနေသလိုဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် ပြည်သူတွေရဲ့အသံတွေ ၊ အတိုက်အခံအချင်းချင်းတွေရဲ့ အသံတွေကို ဒီအချိန်မှာ ဂရုစိုက်ဖို့လိုပါတယ်။ တနိုင်ငံလုံးရဲ့ ပြဿနာကို အဖွဲ့ချုပ်ရဲ့ပြဿနာလို့ သဘောထားပြီး မလုပ်မိကြဖို့ လိုပါတယ်။
ရှင်းပါသလား။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟိုကော်မီတီ အပြောင်းအလဲ ရွေးချယ်ရေးဘဲဖြစ်ဖြစ် ပေါ်လီချမှတ်ရေးဘဲဖြစ်ဖြစ် ဒါဟာ ပြည်သူတရပ်လုံးရဲ့ အရေးအရာဘဲ ဖြစ်တယ်ဆိုတာကို နားလည်ထားမှသာ တက်ညီလက်ညီ ရှိကြမှာပါ။
လက်မညီလို့ကတော့ တက်လဲလှော်လို့မရသလို ဦးတည်ရာလဲမဲ့စေတာပါဘဲ။ ဘုန်းကြီးရူးနဲ့ လှေလူးတာက ပြဿနာ မဖြစ်ပေမဲ့ နိုင်ငံရေးအဖွဲ့စည်းကတော့ ဦးတည်ရာကို မရောက်တော့ဘူးဆိုရင် ရွှေပြည်တော်ကတော့ မျှော်တိုင်းဝေးမှာ ဖြစ်ပါတယ်။
ဒီတော့ ဒီမိုကရေစီအခွင့်အရေးတရပ်ကို ကျင့်သုံးဖို့လိုအပ်နေပြီလို့ ထင်ကြောင်းပါဗျာ။
ခိုင်အောင်ကျော် (စစ်တွေ)
အညာနွေတမာမြေ
Sunday, January 3, 2010
ပြည်သူများကို စောင်းငဲ့ကြည့်ခြင်း လိုတယ်
Labels:
ဆောင်းပါး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment