“အာနာရူးကြီး မှူးကြီး သန်းရွှေ” လို့ စာသားပါတဲ့ ကဗျာကို ရေးလို့ ထောင် ၂ နှစ်ကျခဲ့တဲ့ ကဗျာဆရာ စောဝေဟာ ဇန်န၀ါရီ ၂၁ ရက်နေ့မှာ လွတ်ရက်စေ့နေပြီဖြစ်ပေမယ့် စစ်အစိုးရက မလွှတ်ပေးသေးပါဘူး။
သူလွတ်မယ်ထင်လို့ ရမည်းသင်းထောင်ကို သွားကြိုခဲ့တဲ့ ဇနီးဖြစ်သူ ဒေါ်နန်းစန်းစန်းအေးဟာ လွတ်လာမယ့် ခင်ပွန်းသည်ကို မတွေ့ရပဲ သံတိုင်တွေနောက်က ခင်ပွန်းသည်ကိုပဲ ထောင်ဝင်စာတွေ့ပြီး ပြန်လာခဲ့ရပါတယ်။
ကိုစောဝေဟာ .....
ကိုစောဝေဟာ နဂိုကတည်းက အစာအိမ်ရောဂါရှိတာကြောင့် ထောင်တွင်း အစားအသောက်ချို့တဲ့လို့ အခုဆိုရင် သွေးဝမ်းသွားရောဂါ ခံစားနေရတယ်၊ သူ့ကျန်းမာရေးကို စိုးရိမ်တယ်လို့ ဇနီးသည်က ပြောပါတယ်။
ကိုစောဝေကတော့ ကဗျာဆရာတယောက်ကို ဆက်ဖမ်းထားလို့ သူတို့အတွက်အကျိုးရှိမယ်ဆိုရင် သူခံပါ့မယ်။ သူဝဋ်ကြွေးရှိသလောက် ခံပ့ါမယ်လို့ သူ့ဇနီးသည်ကို ပြောပြခဲ့ပါတယ်။
ဖိနှိပ်မှုတွေကြားက ကိုယ့်ရဲ့အမြင်ကို ရဲရဲဝင့်ဝင့် ထုတ်ဖော်ပြခဲ့တဲ့ သူရဲ့ကဗျာကြောင့် ကိုစောဝေကို အမေရိကန် အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ (HRW) က Hellman / Mammett ဆုကို ချီးမြှင့်ခဲ့ပါတယ်။
သူရေးခဲ့တဲ့ “ဖေဖော်ဝါရီ ၁၄” ဆိုတဲ့ စာကြောင်း ၈ ကြောင်းနဲ့ အချစ်ကဗျာလေးရဲ့ ပထမဆုံး စာလုံးတွေကို စီတန်းဖတ်လိုက်ရင် “အာနာရူးကြီး မှူးကြီးသန်းရွှေ” ဆိုတဲ့ စာသားဖြစ်နေပါတယ်။ ဒီကဗျာ ၂၀၀၈ ဇန်န၀ါရီ ၂၁ ရက်နေ့ထုတ် အချစ်ဂျာနယ်မှာ ပါလာတဲ့အခါ ဖတ်မိတဲ့လူတွေက သဘောကျ၊ မဖတ်ရသေးတဲ့သူတွေကို ပေးဖတ်ကြ ပြောပြကြနဲ့ ဂျာနယ်ရောင်းအားတွေ တက်ပြီး အဲ့ဒီဂျာနယ်တောင် ၀ယ်မရ ဖြစ်သွားခဲ့ပါတယ်။
အဲ့ဒီနောက်မှာတော့ စစ်ခွေးတွေဟာ အဲ့ဒီဂျာနယ်တွေကို လိုက်သိမ်းသလို ကိုစောဝေကိုလည်း ညတွင်းချင်းပဲ ဖမ်းသွားခဲ့ပါတယ်။ ဇန်န၀ါရီ ၂၅ ရက်နေ့မှာတော့ အင်းစိန်ထောင်ကို ပို့ပြီး ၂၇ မှာ ရမန်ယူ ရုံးတင် စစ်ဆေးခဲ့ပါတယ်။ ပြီးတော့ စစ်အစိုးရ ထုံးစံအတိုင်း ရက်လကြာရှည် စစ်ဆေးပြီးမှ နိုဝင်ဘာ ၁၀ ရက်နေ့မှာ စီရင်ချက်ချခဲ့တာပါ။ စစချင်းကတော့ မန္တလေး အိုးဘိုထောင်ကို ပို့ပြီး နောက်ပိုင်းမှာ ရမည်းသင်းထောင်ကို ပြောင်းထားလိုက်ပါတယ်။
အဲ့ဒီလို နိုင်ငံတော် အကြည်ညိုပျက်စေတယ်၊ ဆူပူအောင်လုပ်တယ်ဆိုပြီး ပုဒ်မ (၅၀၅/ခ) နဲ့ ထောင်ဒဏ် ၂ နှစ် ချလိုက်တုန်းက ချုပ်ရက်တွေကို ခံစားစေ ဆိုပြီး အမိန့်ချခဲ့တာလို့ ဇနီးဖြစ်သူက ပြောပြပါတယ်။
ထောင်အာဏာပိုင်တွေက ကိုစောဝေကို ဘယ်တော့ ပြန်လွှတ်ရမယ်ဘာညာဆိုတာ သူတို့ ဘာမှ မသိဘူးလို့ပြောသလို ရှေ့နေဖြစ်သူကလည်း လွတ်ရက်စေ့ရင် ပြန်လွတ်မှာပါလို့ ပြောတဲ့ အတွက် ဒေါ်နန်းစန်းစန်းအေးခမျာ စိတ်သောက ရောက်နေရပါတယ်။
ဝါရင့်ရှေ့နေကြီးတဦးကတော့ အမှန်တကယ် ဥပဒေအတိုင်းလုပ်မယ်ဆိုရင် ဖမ်းတဲ့ရက်ကနေ စလို့ ချုပ်ရက်တွေကို ရေတွက်ရမှာဖြစ်တယ်လို့ ရှင်းပြပါတယ်။ ဒါပေမယ့် အခုလို ဥပဒေကို လက်တလုံးခြား လုပ်နေတဲ့ အချိန်မှာတော့ ဖမ်းဆီးပြီးရင် ရိုက်နှက် ထုထောင်း စစ်ဆေးပြီး ဒဏ်ရာတွေ ပျောက်လောက်မှ ရမန်ယူ၊ ရုံးတင်သလို၊ တခါတလေကျရင်လည်း အဲ့ဒီရုံးတင်တဲ့ ရက်ကနေပဲ ချုပ်ရက်ကို ရေတွက်လို့ အထူးသဖြင့် နိုင်ငံရေး အကျဉ်းသားတွေ နစ်နာမှုတွေ အများကြီး ရှိရတယ်လို့ သိရပါတယ်။ စစ်ခွေးတွေ၊ အလိုတော်ရိတွေရဲ့ အဲ့ဒီလို လုပ်ရပ်တွေကြောင့် ရှေ့နေတွေဟာ စတင်ဖမ်းဆီးခံရတဲ့ ရက်တွေကို သေချာလိုက်မေးနေရတဲ့ အဖြစ်ကိုရောက်နေတယ်လို့ ပြောပြပါတယ်။
ကဗျာဆရာ ကိုစောဝေကို လွတ်ရက်စေ့ပေမယ့် မလွတ်သေးသလိုမျိုး အခြားသော နိုင်ငံရေး အကျဉ်းသားတွေလည်း ခံနေရတဲ့ သာဓကတွေ ရှိခဲ့ဖူးပါတယ်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ဗိုလ်ကြီး ၀င်းထိန်ဆိုရင်လည်း တလောက လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွှတ်တယ်ဆိုပြီးမှ အိမ်တောင်ပြန်မရောက်သေးဘူး၊ လမ်းတ၀က်မှာတင် ထောင်ထဲ ပြန်သွင်းတာ ခံရပါတယ်။
အခုမှ လွတ်သွားတဲ့ သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်ဆိုရင်လည်း ဒီလိုပဲ လွတ်ရက်စေ့တာကို ပြန်မလွှတ်၊ နောက်ထပ် အမှုတွေ ထပ်ဆွဲနဲ့ ထောင်ထဲမှာ နှစ်ပေါင်းများစွာ နေခဲ့ရတာပါ။
အန်တီစုဆိုရင်လည်း ဒီလိုပါပဲ။ လွတ်ရက်စေ့ခါနီး လွှတ်ရမှာကို မလွှတ်ပေးချင်တာနဲ့ အမျိုးမျိုး အမှုဆင်ပြီး အိမ်ထဲ ပိတ်လှောင်ထားတာ အားလုံး အသိပါပဲ။
ဒီ့ပြင် ဒီလိုခံရတဲ့ နိုင်ငံရေး အကျဉ်းသားတွေလည်း ဒုနဲ့ဒေးပါပဲ။
ကျမတို့တိုင်းပြည်ဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ဥပဒေ စိုးမိုးတဲ့ နိုင်ငံ၊ လူ့အခွင့်အရေး ပြည့်ပြည့်၀၀ ရရှိတဲ့ တိုင်းပြည်မှ မဟုတ်တော့တာရှင် ……………
မာန်
အညာနွေတမာမြေ
Friday, January 22, 2010
လွတ်မြောက်သင့်ပေမယ့် သံတိုင်နောက်မှာ နေရဆဲဖြစ်တဲ့ ကဗျာဆရာ
Labels:
ပြည်တွင်းသတင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment