ယခုတော့ အဖတ်ဆယ်မရလောက်အောင် ဂုဏ်သိက္ခာကျဆင်းသည်မှာ NLD ဖြစ်သွားပြီလား မပြောတတ်။ ဘီဘီစီမှာ ဦးသိန်းဦး၏ အင်တာဗျူးကို ကြားကြသောသူတို့က ချက်ချင်း မေတ္တာပို့ကြပါသည်။ တနေ့ကဘဲ ကြားဖြတ်အစိုးရဖွဲ့ရန် တောင်းဆိုသည်ဟု ကြားကြရသေးသည်။ ခုတော့ မှတ်ပုံတင်ရန်လိုသည်။ ပါတီကို အဖျက်မခံနိုင်ပါဟု ပြောဆိုသံကို ကြားကြသောသူတို့က ကွန်ပြူတာကိုပင် ကန်ကျောက်လိုက်ချင်တော့သည်ဟု ဆိုလာပါသည်။ ထို့ကြောင့်အင်တာနတ်က ဘီဘီစီကို နားထောင်ကြည့်ပါသည်။ သူတို့ပြောသည့်အတိုင်း ချက်ချင်းခံစားရသည်
၈၈ အရေးအခင်းသည် မကြာလှသောအချိန်မှာ ရှိနေပါသေးသည်။ သေဆုံးခဲ့ကြသော ကျောင်းသားတို့သွေး မခြောက်သေး။ ၀င်းမော်ဦးဆိုသော ကျောင်းသူလေးကို ကျွန်တော်တို့ မမေ့နိုင်။ သူမမိဘများက ဒီမိုကရေစီရမှ အမျှဝေမည်ဟု ပြောသံ နားဝကမထွက်ချေ။ ၈၈ အရေးအခင်းကာလမှသည် ကနေ့ထိ သေဆုံးခဲ့သော သူတွေကို ဘယ်လိုမျှမေ့လို့မရ။ တာဝန်တွေများစွာရှိနေသေးသည်ဆိုသော ခံစားခြင်းမျိုး အခါမလပ်ခံစားနေဖြစ်သည်။ မည်သို့ပင်ဆိုစေ ဒေါ်အောင်ဆန်းစုကြည်လို ခေါင်းဆောင်တဦးကို ကံကောင်းထောက်မစွာ ၈၈ အရေးအခင်းက မွေးထုတ်ပေးလိုက်သောကြောင့် တနေ့တော့ ဒီမိုကရေစီရရှိမည်ဟု ယုံကြည်မိထားသည်။ မည်သို့ပင်ဖြစ်စေ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာက အထူးလေးစားလေလေ ချစ်မြတ်နိုးလေလေ ဒီမိုကရေစီနှင့်လူ့အခွင့်အရေးဆိုသည်မှာ မြန်မာနိုင်ငံတွင် ပေါ်ပေါက်လာမည်ထင်သည်။
ခုတော့ ဒေါ်အောင်ဆန်းစုကြည်မှာ သူမကိုယ်တိုင်ခေါင်းဆောင်နေသော အဖွဲ့ချုပ်မှ ထုတ်ပါယ်ခြင်းခံရတော့မည်ဖြစ်သည်။ ထို့ကြောင့် လူတွေတော်တော် ဒေါသထွက်နေကြခြင်း ခံစားနေကြခြင်းဖြစ်သည်ဟု ပြောလျှင်ရသည်။
၂၀၁၀ ရွေးကောက်ပွဲဥပဒေမှာ နအဖစစ်အစိုးရက ထုတ်ပြန်ခြင်းဖြစ်သည်။ ယင်းမှာသူတို့အလုပ် သူတို့လုပ်ခြင်းဖြစ်သည်။ နိုင်ငံရေးပါတီများကို သူကြိုက်သလို ဥပဒေမျိုးစုံဖြင့် စည်းကမ်းချက်ပဒေသာတွေ ထုတ်လို့ရပါသည်။ ယင်းကဲ့သို့ထုတ်ပြန်ခြင်းကို မတရားဟုထင်လျှင် မတရားဟု ပြောရဲရန်လိုပါသည်။ မလိုက်နာချင်လျှင် မလိုက်နာနိုင်ကြောင်း ပြောရန်လိုပါသည်။ စစ်အစိုးရကလုပ်နေသော အခြေအနေတွေကို ဇွတ်တိုးဝင်ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၀င်ရန်ပြင်ဆင်နေပြီ။ ထို့ကြောင့်ဒီမိုကရေစီနှင့် အလှမ်းဝေးသွားပြီဟု ခံစားကြသောကြောင့် လူတွေဒေါသထွက်နေကြခြင်းဖြစ်သည်။
လုံခြုံရေးကောင်စီထိ တက်လာနေသော ရွေးကောက်ပွဲဥပဒေသည် ဒေါ်အောင်ဆန်းစုကြည်အပေါ်အခြေခံနေပါသည်။ နိုင်ငံတကာအစိုးရတွေက အားကြိုးမန်တက် လှုပ်ရှားနေကြပါသည်။ သူတို့တွေနှင့် NLD က လိုက်ပါပြီးဆောင်ရွက်သင့်သည်။ သို့သော် NLD က သူတို့နှင့် တသံတည်းမထွက်။ ခုတော့ နအဖစစ်အစိုးရ၏ ကော်မရှင်မှာ မှတ်ပုံတင်မည့်ကိစ္စကို အဖွဲ့ချုပ်အတွင်း လူအများစုက သဘောတူထားကြပြီဟုဆိုသည်။ ပြည်ပမှလည်း MPU က ထောက်ခံသည်ဟု ဆိုသည်။ ထို့ကြောင့်ပြည်ပမှ ဒီမိုကရေစီအင်အားစုတွေက ဦးသိန်းဦးကို ပက်ပက်စက်စက်ဆဲကြသည်။ ပြည်တွင်းမှ ဦးအောင်ရွှေကို ရေရေလည်လည်ကလော်တုပ်ကြသည်။ နားနှင့်မခံနိုင်လောက်အောင် သူတို့တွေ ဦးသိန်းဦးကိုဆဲကြခြင်းမှာ နားနှင့်မဆံ့ဖြစ်သည်။ ဆဲဆိုကြသော လူပုဂ္ဂိုလ်နာမည်များကို မပြောချင်ပါ။ သို့သော် ဦးသိန်းဦးကိုတော့ လှလှပပ ဆဲဆိုကြပါသည်။
သူတို့တွေမှာ ဒေါ်အောင်ဆန်းစုကြည်ကို အထူးယုံကြည်ရင်းစွဲရှိသူများဖြစ်သည်။ ပြီးတော့ အခုအခြေအနေက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒေါ်အောင်ဆန်းစုကြည်တို့ကို ပါတီဝင်အဖြစ် အမည်စာရင်းမပါဘဲ မှတ်ပုံ့တင်ကြမည်။
အထွေထွေအတွင်းရေးမှူးဖြစ်သော ဒေါ်အောင်ဆန်းစုကြည်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အတွက် ရင်းခဲ့ရသည်မှာ ဘ၀နှင့်ချီခဲ့ပြီးဖြစ်သည်။ သို့သော် သူမရင်းခဲ့သလောက် သူ့အပေါ် သူမပါတီက သစ္စာမဲ့ရာကျလွန်းပါသည်။ ပေးဆပ်ခဲ့ရသောတန်ဖိုးနှင့် ရရှိခဲ့သောအရင်းအနှီးတို့မှာ လွန်စွာကွာခြားလှသည်။ တချိန်ကလည်း ထုတ်ပါယ်ထားခဲ့၍ ယခုလည်းထုတ်ပါယ်ထားမည်။ နောင်တချိန်ချိန်တွင် အဖွဲ့ချုပ်ကိုလာခဲ့ပါဟု ခေါ်နေသောအဖွဲ့ချုပ်မှ ပုဂ္ဂိုလ်များမှာ လိပ်ခေါင်းနိုင်ငံရေးသမားဖြစ်အောင် ဒေါ်အောင်ဆန်းစုကြည်ကို တွန်းပို့နေခြင်းဖြစ်သည်။ နိုင်ငံရေးသမားတဦးကို သူ့ပါတီမှ ထုတ်ပါယ်လိုက်သည်ဆိုလျင် အထူးစိတ်ခံစားမိကြပါသည်။ ယခုစစ်အစိုးရ၏ အလိုကျနိုင်ငံရေးပါတီအဖြစ်
မှတ်ပုံတင်ရန်အတွက် ဒေါ်အောင်ဆန်းစုကြည်ကို မည်သူတွေက ထုတ်ပယ်ကြပါမည်နည်း။ စစ်အစိုးရက ထုတ်ပါယ်ခြင်းမဟုတ်။ စစ်အစိုးရမှာ သူတို့ထုတ်ထားသော ဥပဒေစည်းကမ်းချက်ကို ကြေညာထားခြင်းသာဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်ကိုထုတ်ပြီး အမည်နာမမပါဘဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟု မှတ်ပုံတင်ကြမည်ဟုဆိုသည်။ ထို့ကြောင့်သူတို့တွေ စိတ်လိုက်မာန်ပါ ခံစားနေကြခြင်းဖြစ်သည်။
၈၈ အရေးအခင်းတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ဦးဆောင်ခဲ့သည့်ကဏ္ဍ၌ မရှိခဲ့။ နောက်မှရွှေကြာပင်ဖြစ်သည်။ မည်သူတွေအရည်အချင်းရှိသည် မရှိသည်ကို လူတိုင်းသိရှိကြပြီးဖြစ်သည်။ ထားပါတော့။ ယခုအချိန်သည် ဒေါ်အောင်ဆန်းစုကြည်ကို ကျားကန်ပေးရမည့်အချိန်ဖြစ်သည်။ သူမကို သောင်ပြင်မှာ တကောင်ထီးထီး လွှတ်ထားရန်မသင့်။ သူမမှာအုပ်နှင့်ကျင်းနှင့် ရှိနေရမည့်ကာလ။ ကျွန်တော်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်မဟုတ်။ သို့ပေမင့်
သူမအတွက် ကျွန်တော်တို့စိတ်တူကိုယ်တူ တိုက်ပွဲဝင်ရန်လိုသည်။ သူမနှင့်အတူ စိတ်တူကိုယ်တူ တိုက်ပွဲဝင်ရန်လိုသည်။ ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ၀န်းရံပေးကြပါဆိုသည်မှာ စုစည်းညီညွတ်ပြီး ထောက်ခံဆောင်ရွက်ပေးကြပါရန် တိုက်တွန်းခြင်းဖြစ်သည်။ ယခုလို အဖွဲ့ချုပ်က ထုတ်ပါယ်လိုက်ပေးပါဟု ပြောဆိုခြင်းမဟုတ်။
ဒေါ်မြင့်မြင့်အေးကထုတ်ပြန်သောစာကို ကြည့်သည့်အခါ NLD ၏ စည်းစံနစ်မကျသော အချက်အလက်များကို တွေ့ရသည်။ အဖွဲ့ချုပ်အတွင်း ဤမျှခြစားနေခြင်းမှာ ကောင်းသောလက္ခဏာ မဟုတ်ချေ။ ခြစားနေသည်ဟုဆိုခြင်းမှာ လဘ်စားခြင်းကို ဆိုလိုခြင်းမဟုတ်။ လုပ်ငန်းသဘာဝမကျခြင်းနှင့် နိုင်ငံရေးလုပ်ငန်းဆောင်တာတွေ သဟာ့ဇါတမကိုက်ညီမှူတွေကို ပြောဆိုခြင်းဖြစ်သည်။ ယခုအချိန်တွင် ပါတီမှတ်ပုံတင်ရေး၌ပင်လျှင် ပြည်သူထုထံမှ ဆဲစာတွေရေးနေကြပါပြီ။ ဆဲသံတွေထွက်နေပါပြီ။ ဦးအောင်ရွှေဂိုဏ်းနှင့် ဒေါ်အောင်ဆန်းစုကြည်ဂိုဏ်းတို့မှာ ထက်ခြမ်းကွဲပြဲနေကြပြီဖြစ်သည်။ ဦးအောင်ရွှေဂိုဏ်းမှာ စစ်ဗိုလ်လူထွက်တွေများသည်။ ဒေါ်အောင်ဆန်းစုကြည်ဂိုဏ်းမှာ နိုင်ငံရေးသမားတွေက အနည်းအကျဉ်းသာရှိနေသည်။ သို့သော် သြဇါတိက္ကမကြီးမားသော အဘဦးဝင်းတင်က ဒေါ်အောင်ဆန်းစုကြည်ဘက်မှာ ရှိနေသည်။ စစ်သားလူထွက်တွေကြီးစိုးသော NLD မှာ ဒေါ်အောင်ဆန်းစုကြည်ကို အဖွဲ့ချုပ်မှ ထုတ်ပ္ပါယ်ရေး၌ လူများရာမဲခွဲစနစ်နှင့် ပြုလုပ်သွားမည်ဖြစ်သည်။ သည်တော့ စစ်ဗိုလ်တမတ်သားအဖွဲ့ချုပ်ဘက်က အနိုင်ယူသွားတော့ ဒေါ်အောင်ဆန်းစုကြည်နှင့်ဦးဝင်းတင်တို့က ခွေးအရေခွံကိုချွတ်ကြရုံဘဲ ရှိကြတော့သည်။
သည်တော့ နိုဘယ်ငြိမ်းချမ်းရေးပိုင်ရှင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်သည် သူချစ်မြတ်နိုးသောမိခင်ပါတီမှ အပြီးအပိုင်ထွက်ခွါသွားရပါတော့မည်။ ခေါင်းဆောင်ကောင်းတဦးဖြစ်သော ဒေါ်အောင်ဆန်းစုကြည်ကို နောက်လိုက်မဲ့အောင် လုပ်ချင်သော နအဖစစ်အစိုးရ၏ အကွက်ဆင်မူတွင် အဖွဲ့ချုပ်မှပုဂ္ဂိုလ်များပါသွားခဲ့ပါပြီ။ သို့သော် သူမမှာ ပြည်သူတွေရှိနေပါသည်။ ကမ္ဘာတ၀ှမ်းမှ ဒီမိုကရေစီမြတ်နိုးသော လူသားများစွာက သူမကိုကရုဏာသက်စွာဖြင့် ဖေးမအားပေးနေကြပါလိမ့်မည်။ သူမကိုစွန့်လွှတ်ရဲသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် မြင်းကောင်းခွာလိပ်ဘ၀နှင့် နိုင်ငံရေးဇတ်ခုံမှ ချက်ချင်းကွယ်ပျောက်ကွယ်သွားရပါလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် အဖွဲ့ချုပ်တွင် ရေရေရာရာ ပြောယူရလောက်အောင် နိုင်ငံတကာက လေးစားရသော နိုင်ငံရေးသမားကောင်းများ မရှိကြခြင်းကို နားလည်သွားကြပြါ့ပီ။ ဆင်ဖြူတော်ဆိုသည်မှာ ခွေးတိုးပေါက်က မည်သည့်အခါမျ တိုး၍မ၀င်ဟု ရဲဘော်ကျော်သန်းက သူ့ဆောင်းပါးဖြင့် ဆင်ဖြူတော်ဆိုပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဂုဏ်ပြုတင်စားထားပါသည်။ ကျွန်တော်ကတော့ ဆင်ဖြူတော်ဟုမထင်မိ။ ကလေကချေ လမ်းဘေးခွေးအိုကြီးတကောင်ဟုသာထင်မြင်မိသည်။ ခွေးအိုကြီးမို့ ခွေးတိုးပေါက်က၀င်ရန် လုပ်ခြင်းကိုတွေ့နေရခြင်းကြောင့်ဖြစ်သည်။
နိုင်ငံရေးပါတီများ မှတ်ပုံတင်သည်ဆိုခြင်းမှာ အဖွဲ့အစည်းမပျောက်ပျက်စေရန် ရည်ရွယ်ပြီးပြုလုပ်ခြင်းဖြစ်သည်ဟု ဆိုသည်။ အနှစ်နှစ်ဆယ်ကာလ နိုင်ငံရေးပါတီအဖြစ် ရှိနေစဉ်ကာလအတွင်း မည်ကဲ့သို့ ၄င်းပုဂ္ဂိုလ်များက ဦးဆောင်မူပေးခဲ့ကြပါသနည်းဟု မေးခွန်းထုတ်စရာရှိသည်။ ဘာမျအလုပ်မဖြစ်တော့၍ ဒေါ်အောင်ဆန်းစုကြည်က ဗဟိုကော်မီတွေကို ဖွဲ့စည်းရန်ပြောဆိုမှ ထလုပ်ကြသော အာဂနိုင်ငံရေးသမားများအကြောင်းကို ပြည်သူတွေလေ့လာကြပြီးဖြစ်သည်။ သေကောင်ပေါင်းလဲ ဖြစ်နေသော ဦးအောင်ရွှေတို့မှာ အစည်းအဝေးကို အနှစ်နှစ်ဆယ်အတွင်း အကြိမ်နှစ်ဆယ်မတက်ခဲ့ချေ။ လူထူမှလာရောက်နိုင်သော ဥက္ကဌက အရေးပါသည့် ရာထူးကို ယူထားသည့် သူ့လိုလူမျိုးနှင့် အဖွဲ့ချုပ်ကစခမ်းသွားနေ၍ နှစ်တွေလတွေ ရာသီတွေ ကုန်ဆုံးသွားခြင်းများက နှမျှောစရာကောင်းလှပါသည်။
နိုင်ငံတကာတွင် ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်နေကြပါသည်။ စစ်အစိုးရ၏ ရွေးကောက်ပွဲကို လက်မခံကြောင်း ဆန္ဒပြနေကြပါသည်။ ၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို အကောင်အထည်ဖေါ်ရေးအတွက် ပြည်ပမှာ တောင်းဆိုနေကြပါသည်။ စစ်အစိုးရကို ဖြုတ်ချရေးအတွက် ကြိုးစားနေကြပါသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်၊ ကိုကိုကြီးတို့ လွတ်မြောက်ရေးအတွက် တောင်းဆိုဆန္ဒပြနေကြပါသည်။ နိုင်ငံရေးအကျဉ်းသမား၂၀၀၀ ကျော်လွတ်မြောက်ရေးအတွက် လှုပ်ရှားနေကြပါသည်။ ယင်းကဲ့သို့လှုပ်ရှားနေခြင်းမှာ မနေ့ကမှမဟုတ်ချေ။ ၈၈ အရေးအခင်းမှ အလွန်ကာလ ပြည်ပသို့ရောက်ရှိလာသော ဒီမိုကရေစီအင်အားစုတို့၏
ကနေ့အထိ တောင်းဆိုဆန္ဒပြနေကြခြင်းမှာ ဇွဲ၊လုံ့လ၊၀ိရိယ၊ သတ္တိ၊ မျှော်လင့်ချက်၊ ယုံကြည်ချက်၊ သစ္စာတရားတို့ကြောင့်ဖြစ်ပါသည်။ ၂၀၁၀ ရွေးကောက်ပွဲကို ကန့်ကွက်ဆန္ဒပြသော အိန္ဒိယနိုင်ငံ နယူးဒေလီရောက် ဒီမိုကရေစီအင်အားစုတွေ မနေ့က မြန်မာသံရုံးရှေ့မှာ ဆန္ဒပြခဲ့ကြပါသေးသည်။ သူတို့ကို အိန္ဒိယနိုင်ငံရဲကဖမ်းဆီးထားလိုက်ပါပြီ။ ဥပဒေပုဒ်မတွေဖြင့် တရားစွဲကြခြင်း ခံကြရတော့မည်။ အကယ်၍ မြန်မာနိုင်ငံဒီမိုကရေစီရရှိခဲ့လျှင် ယခုအဖမ်းဆီးခံနေရသော သူတို့တွေမှာ အာဏာရရှိမည့်သူများလည်းမဟုတ်ချေ။ ရာထူးကန္တာရလည်း ရရှိမည့်သူတွေ မဖြစ်နိုင်။ သို့သော် သူတို့တွေမှာ ဒီမိုကရေစီကိုလိုချင်၍ တနည်းအားဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို ရည်ရွယ်၍ ထုတ်သော ဥပဒေကို မကြေနပ်၍ ဆန္ဒပြခြင်းဖြစ်သည်။
ယင်းမှာ အကြမ်းမဖက်နိုင်ငံရေးလှုပ်ရှားမှူတွေကို နိုင်ငံတကာမှာ ရောက်ရှိနေကြသောသူတွေက နေ့စဉ်နှင့်အမျှ ဆန္ဒပြကြခြင်းဖြစ်သည်၊ လက်နက်ကိုင်တော်လှန်ရေး လုပ်နေကြသော ကျောင်းသားလူငယ်တွေမှာ တချို့ စစ်အစိုးရ
ကြေးစားစစ်တပ်နှင့်တိုက်ပွဲဖြစ်၍ အသက်ပေးစွန့်လွှတ်ခဲ့ကြသည်မှာ ဒုနှင့်ဒေးနှင့်။ တချို့  ကိုယ်လက်အင်္ဂါ စွန့်လွှတ်ခဲ့ကြပြီးပြီ။ သူတို့မှာ ဒီမိုကရေစီနိုင်ငံတော်ကို ထူထောင်ချင်၍ ယခုလိုပေးဆပ်ကြခြင်းဖြစ်သည်။ သူတို့၏အမျိုးသားခေါင်းဆောင်ဖြစ်သော ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုသောအနေနှင့် သူတို့၏ပေးဆပ်မူများကို လွန်စွာဂုဏ်ယူကြသည်။ စင်စစ်သူတို့မှာရယူလိုခြင်းထက် ပေးဆပ်ရခြင်းကို ဂုဏ်ယူကြသူများဖြစ်သည်။ ယင်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို ချစ်မြတ်နိုးကြ၍ ပြောလျင် ပို၍ပြည့်စုံသည်ဟု ဆိုနိုင်သည်။
ဤသည်မှာ ခေါင်းဆောင်ကောင်းတဦးအပေါ် ယုံကြည်ကိုးစား၍ ဖြစ်သည်။ တခုတော့ရှိသည်။ ပါတီတရပ်မှာ လူပုဂ္ဂိုလ်တဦးအပေါ် အခြေခံကာ တည်ဆောက်ထားသည် မဟုတ်မှန်းတော့ ပြောလို့ရသည်။ သို့သော်ခေါင်းဆောင်တဦး၏နှလုံးရည် လက်ရုံးရည်ကိုမူ အသိအမှတ်ပြုရမည်ဖြစ်သည်။ ထို့ကြောင့်လူပုဂ္ဂိုလ်၏ အခန်းကဏ္ဍသည် ပါတီတခုအပေါ်တွင် အလွန်အရေးကြီးပါသည်။ မူဝါဒမျာ၊ပေါ်လီစီများကို ချမှတ်အကောင်အထည် ဖေါ်ဆောင်သည့်အခါ ခေါင်းဆောင်ကောင်းတို့၏ အရည်အချင်း သွင်ပြင်လက္ခဏာတို့မှာ အခြားသူများထက် ထူးခြားစွာ ပေါ်လွင်လာတတ်ပါသည်။ ယခုလည်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အခန်းကဏ္ဍကို တောက်ပြောင်စေရန်အတွက် မည်သူတွေက ဆောင်ရွက်နေကြပါသနည်း၊ ဤမေးခွန်းကို ဥက္ကဌလုပ်နေသော ဦးအောင်ရွှေက ပို၍သိသည်။ သိသည့်အကြောင်းအရာထဲမှာ သူ့အနေဖြင့် ဦးဆောင်နိုင်ခြင်းမရှိကြောင်းကို ထည့်စွက်ပြောအုံးလိမ့်မည်ထင်သည်။ ဒေါ်အောင်ဆန်းစုကြည်ကသာ ဦးဆောင်နေပါသည်ဟု ဦးအောင်ရွှေပါးစပ်မှ ထွက်လာလိမ့်မည်ဟုဆိုလျှင် မှားနိုင်စရာ အကြောင်းမရှိချေ။
သည်တော့ မည်သည့်အတွက်ကြောင့် ခေါင်းဆောင်ကောင်းတယောက်ဖြစ်သော သူမကို စစ်အစိုးရအလိုကျ ဖယ်ရှားချင်ရပါသနည်း။ မေးခွန်းတွေ တသီကြီး ထွက်လာနေပါသည်။ စစ်ဗိုလ်တမတ်သားများဖြစ်သောကြောင့် စစ်အစိုးရ၏အမိန့်ကို နာခံခြင်းလား။ ဝေစားမျှစား နိုင်ငံရေးလုပ်ခြင်းလား။ တစညနှင့် နယ်မြေခွဲပြီး မဲဝေယူမှာလား။ တနိုင်ငံလုံးတွင် မဲအပြတ်အသတ် အနိုင်မရရှိသည့်အတူတူ ကြံ့ဖွံ့တွေနှင့် မဲခွဲဝေယူမှာလား ။ စသည်စသည်ဖြင့် သံသယမေးခွန်းတွေ ပေါ်ထွက်လာနေသည်။ ဒေါ်အောင်ဆန်းစုကြည်မပါဝင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ( လက်သစ်) မှ မည်သည့်ပြောဆိုသောစကားကိုမျှ နောင်အနာဂါတ်တွင် ပြည်သူတွေလက်သင့်ခံကြမည်ဟု မထင်မိ။ တနည်းအားဖြင့် သူတို့တွေအထဲတွင် ပြည်သူလက်ခံလောက်သော ခေါင်းဆောင်မျိုး မရှိခြင်းကြောင့်ဖြစ်သည်။ ယင်းအကျိုးဆက်ဆိုးကျိုးကို မဝေးတော့သောအနာဂါတ်တွင် သူတို့တွေခံစားရလိမ့်မည်မှာ မုချဖြစ်သည်။
မှတ်ပုံတင်ပြီးရွေးကောက်ပွဲကို မ၀င်၍လည်းရမည်မထင်။ ယခုကတည်းက မှတ်ပု့မတင်ရပါဘဲနှင့် စစ်အစိုးရက အဖွဲ့ချုပ်ကို ရုံးခမ်းတွေဖွင့်ခိုင်းခွင့်ပေးသည်။ သတိထားရမည့်အချက်မှာ ယင်းရုံးခမ်းသည် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဖြစ်နေခြင်းပင်ဖြစ်သည်။ ဤအချက်ကို အဖွဲ့ချုပ်မှ နိုင်ငံရေးလက်ဦးမူယူတတ်လျှင် ရသည်။ သို့သော် သူတို့က မယူတတ်။ ပြသနာမှာ မှတ်ပုံတင်လျင် ဒေါ်အောင်းဆန်းစုကြည်မပါရသောအကြောင်းကိုဘဲ တွေးတောနေကြသည်။ ပါဝင်စေအောင်မည်သို့မည်ပုံ ဆောင်ရွက်ရမည်ကို စဉ်းစားမူမျိုးမကြားရ။ မတရားသောအမိန့်ဒီဂရီများနှင့် ကြေညာချက်တွေကို ထုတ်ပြန်နေခြင်းအား ပြန်လည်မေးခွန်းထုတ်နေချင်ကြသည်။ ယင်းမှာအချိန်ကုန် လူပင်ပမ်းပြီး မည်သို့မျှအရာမထင်သော အကြောင်းအရာသာဖြစ်သည်။
တိတိကျကျ ပြောရလျှင် ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးဝင်းတင်၊ ဦးအေးသာအောင်၊ဦးခွန်ထွန်းဦး၊ စိုင်းညွန့်လွင်၊ ဦးအုံးကြိုင်။ ဦးဟံသာမြင့်၊ဦးမြတ်လှ၊ဦးအေးမြင့် ( လမ်းပြကြယ်)၊နော်အုံးလှ၊ ဒေါ်မြင့်မြင့်အေး၊ မင်းကိုနိုင်၊ကိုကိုကြီး၊ကိုထွန်းမြင့်နောင်၊ကိုဌေးကြွယ်၊ တို့မှာ စင်ပြိုင်အစိုးရဖွဲ့စည်းလျှင် ဒေါင်ဒေါင်မည်သော နိုင်ငံခေါင်းဆောင်များဖြစ်သည့်အားလျှော်စွာ ပါဝင်ဆောင်ရွက်ရန် လက်သင့်ခံကြမည့်သူများဖြစ်သည်။ စင်ပြိုင်အစိုးရဖွဲ့စည်းသည်နှင့် မြန်မာ့နိုင်ငံရေးသည် ချက်ချင်းချိန်ခွင်လျှာ ပြောင်းလဲသွားနိုင်စရာရှိသည်။ မည်သို့ပင်ဆိုစေ ရေချိုး၍ြ့ပန်ရအောင် တခုခုတော့ ပြုလုပ်ဆောင်ရွက်သင့်သည်မှာ ပကတိမျက်မှောက်ကာလ အခြေအနေက တောင်းဆိုနေပါသည်။ သမိုင်းပေးတာဝန်ဆိုသည်မှာ ဤပြသနာကို ခေါ်သည်။ ကျွန်တော်တို့က အရေးဆိုရတော့မည်။ ဤအချိန်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် စင်ပြိုင်အစိုးရဖွဲ့
အကယ်၍ ပြည်သူတွေတောင်းဆိုသော နိုင်ငံရေးပြသနာကို မလိုက်လျှောဘဲ စစ်အစိုးရတောင်းဆိုသည်ကို လိုက်လုပ်ခဲ့ပါက သမိုင်းတရားခံအဖြစ် အသိအမှတ်ခံသွားရပါလိမ့်မည်။ ဤအချက်ကို နားလည်သဘော ပေါက်ရန်လိုပါသည်။ လာမည့်အပါတ် ၂၉ ရက်နေ့ကို မှတ်ပုံတင်ရန်အတွက် ဆွေးနွေးဆုံးဖြတ်ခြင်းမှာ နိုင်ငံရေးပြသနာကို အဖြေရှာခြင်းမဟုတ်။ လုပ်ငန်းတခုကိုချမှတ်ခြင်းဖြစ်သည်။ ကျွန်တော်တို့ပြောနေသည်မှာ နိုင်ငံရေးပေါ်လီစီကိုချမှတ် လုပ်ဆောင်ရန်ပြောနေခြင်းဖြစ်သည်။ တိတိကျကျပြောရလျင် နိုင်ငံရေးလုပ်ရန် ပြောနေခြင်းဖြစ်ပါသည်။ သေသေချာချာပြောရလျှင် မြန်မာနိုင်ငံကို ကယ်တင်ရန်အတွက်ဖြစ်သည်။ စင်ပြိုင်အစိုးရဖွဲ့စည်းရန် ခေါင်းဆောင်များ ရှိနေပါလျက် ယခုအချိန်မှာ ဖွဲ့စည်းပြီးစီးကြောင်းကြေညာချက်ထုတ်ပြန်လိုက်သည်ဆိုလျှင် ကမ္ဘာကြီးက စောင့်ကြည့်နေရာမှ လူးလွန့်ထလာမည်မှာမုချဖြစ်သည်။ အကယ်၍ ယင်းသို့နိုင်ငံရေးပေါ်လီစီကိုမချမှတ်ပါက ဒေါ်အောင်ဆန်းစုကြည်မှာ နိုင်ငံရေးနှင့်အလှမ်းဝေးကွာသွားပါတော့မည်။ တချိန်ထဲမှာ စစ်အစိုးရ သက်ဆိုးရှည်ပါတော့မည်။ စစ်အစိုးရကိုခေါင်းမာပြီးတိုက်ပွဲဝင်ဖို့ ကျွန်တော်တို့မှာ ခေါင်းဆောင်မဲ့သွားခြင်းကို ပြည်သူတွေ ခံစားကြရပါတော့မည်။ ယင်းကဲ့သို့မဖြစ်စေချင်။ ထို့ကြောင့် ကျွန်တော်မမေးချင်သောမေးခွန်းကို မေးနေမိသည်။
သည်လိုဆိုလျှင် NLD ကို ပြည်သူတွေ ရွံ့ရှာသွားကြပါပြီ။ သင်ယုံကြည်ပါသလားဟု မေးလျှင် လွန်အံ့မထင်။
ခိုင်အောင်ကျော် ( နယူးယောက် )
အညာနွေတမာမြေ
နောက်ဆုံးရ မြန်မာသတင်းများ
4 years ago
No comments:
Post a Comment