-->

Saturday, March 20, 2010

၂၀၁၀ နှင့် ကျွန်တော့ အတွေးများ။

နအဖသည် ရွေးကောက်ပွဲ ဥပဒေများကို တပြုံကြီး ထုတ်ပေးလိုက်သော်လည်း ရွေးကောက်ပွဲနေ့ရက်ကိုမူ မကြေငြာသေးဘဲနေသည်။ ဤအချက်သည် နအဖသည် ရွေး ကောက်ပွဲ နိုင်မနိုင် ၎င်းတို့ ဆင်ကွက်ထဲသို့ ၀င်မ၀င်ကို သွေးထိုးစမ်းကစားနေသည့် အခြေ အနေတွင် ရှိသည်၊ ၎င်းတို့ ဆင်ထားသည့် အကွက်ထဲသို့ NLD ပါတီ ၀င်မ၀င်စောင့်ပြီး၊ ၀င်လာသည့် အခါတွင်မှ ရွေးကောက်ပွဲရက်ကို ကြေငြာမည့် သဘောဖြစ်သည်။ အချုပ်အား ဖြင့် ရွေးကောက်ပွဲ အနိုင်ရရန် ယ္ခုအထိ နအဖ အနေနှင့် မကြိမ်းသေသေး၍ ရက်အတိအကျ မကြေငြာဘဲထားခြင်း ဖြစ်သည်ဟု ယူဆသည်။

မေး။ ။ အဘယ်ကြောင့် နိုင်ငံတကာမှ တရားမျှတသည့် ရွေးကောက်ပွဲပြုလုပ်ရန်နှင့် ဒေါ်စုအပါအ၀င် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရန်တိုက်တွန်း တောင်းဆိုနေ သည့် ကြားမှ ယ္ခုကဲ့သို့ တင်းကြပ်သည့် ရွေးကောက်ပွဲဥပဒေကို ထုတ်ခဲ့သနည်း။

ဖြေ။ ။ ရွေးကောက်ပွဲ ဥပဒေအရ NLD ပါတီအနေနှင့် ရွေးကောက်ပွဲ ၀င်မ၀င်ခြင်း ထက် ပထမအဆင့်အနေနှင့် ပါတီ တရားဝင်ရပ်တည်နိုင်ရန်အတွက် ရွေးကောက်ပွဲ ကော်မီရှင်ထံ မှတ်ပုံတင်ရပေလိမ့်မည်၊ ထိုသို့တင်သည့်အခါ မှတ်ပုံတင်ခွင့် ဥပဒေတွင် ပြဋ္ဌာန်းထားသည့်အတိုင်း ထောင်ဒဏ်ကျခံနေရသူများတွင် ဒေါ်စုလည်း အပါအ၀င် ဖြစ်သဖြင့် ဒေါ်စုနှင့် NLD ပါတီဝင် ထောင်တွင်းရှိ နိုင်ငံရေးအကျဉ်းသားများကို ထုတ်ပေးရမည်ဖြစ်သည်။ သို့မှသာ ပါတီသည် ဥပဒေနှင့်အညီ တရားဝင်ပါတီအဖြစ် ရပ်တည်ခွင့်ရမည်ဖြစ်သည်။

NLD ပါတီမှ ထိုအချက်ကို ရပ်တည်နိုင်ရေးအဖြစ်လက်ခံ၍ ဒေါ်စုနှင့် အမာခံပါတီ ၀င်နိုင်ငံရေးအကျဉ်းသားများကို ပါတီမှ ၁၉၉၃ ခုနှစ်ကကဲ့သို့ ယာယီပယ်ထုတ်ပစ်လိုက်ပါက NLD ပါတီသည် လူထု၏ ထောက်ခံမှုကို ရရှိသင့်သလောက် မရရှိနိုင်တော့ချေ။ လူထုက NLD ပါတီကို ထောက်ခံနေသည်မှာ ဒေါ်စုရှိ၍ဖြစ်သည်။ ဒေါ်စုနုတ်ထွက်၍ အခြားပါတီတခု ထောင်လိုက်လျှင် NLD တွင် အခွံသာကျန်မည့် သဘောဖြစ်သည်။




ထို့ကြောင့် NLD က ဤလမ်းစဉ်အတိုင်း ၁၉၉၃ ခုနှစ်တုံးကကဲ့သို့ ဒေါ်စုကို ပယ်ထုတ် လိုက်လျှင် နအဖအကြိုက် ၎င်းတို့ဆင်ထားသော " ဂွင် " ထဲသို့ ၀င်လိုက်ခြင်းပင်ဖြစ် ပါလိမ့်မည်။ နအဖ အနေနှင့် ဤသို့ဖြစ်လာရန် တမင်ဖန်တီးထားခြင်းဖြစ်သည်။ ၁၉၉၃ ခုနှစ်ကလည်း ဒေါ်စုကို နေအိမ်ကျယ်ချုပ်ချထားစဉ် NLD ပါတီ ဦးတင်ဦးသည်လည်း ထောင်ကျနေသည့် အခြေအနေတွင်ရှိသည်၊ ထိုအခါ ဦးအောင်ရွှေက ဦးတင်ဦးနေရာကို ၀င်ယူလိုက်သည်။ ဒေါ်စုနှင့် ဦးတင်ဦးကို NLDမှ မထုတ်လျှင် NLD ပါတီကို ဖျက်သိမ်းပစ် မည်ဟုဆိုသဖြင့် နအဖ၏ ဖိအားကိုမခံနိုင်ဘဲ NLD ပါတီမှ ဒေါ်စုတို့ကို ထုတ်ပယ်ပစ်ခဲ့သည်၊ ဒေါ်စုလွတ်သောအခါ နေရာပြန်ပေးခဲ့သော်လည်း ဦးတင်ဦးကိုမူ၊ မူလဥက္ကဋ္ဌနေရာ မပေးဘဲ ဦးအောင်ရွှေက ယူမြဲယူထားခဲ့သည်။ သို့ရာတွင် ယနေ့အချိန်သည် ၁၉၉၃ ခုနှစ်နှင့် မတူပေ၊ ၁၉၉၃ခုနှစ်သည် ၁၉၉၀ ရွေးကောက်ပွဲ လွန်ကာလအခြေအနေဖြစ်သည်။ ယခုအချိန်သည် ရွေးကောက်ပွဲ အကြိုကာလဖြစ်သည်။ ထို့ကြောင့် ၂၀၁၀ ရွေးကောက်ပွဲမတိုင်မှီ နအဖသည် ကျိန်းသေနိုင်မည့် နည်းလမ်းကို စံနစ်တကျ ကျင့်သုံးနေခြင်းသာဖြစ်သည်။ ထို့ကြောင့် ရွေးကောက်ပွဲမတိုင်မှီ ဒေါ်အောင်ဆန်းစုကြည်နှင့် စည်းရုံးရေးအားကောင်းသော ထောင်တွင်း ကျခံနေရသည့် NLD ပါတီဝင် အမတ်များ နိုင်ငံရေးမှူးများကို NLD ပါတီအတွင်းမှ ရွေးကောက်ပွဲဥပဒေကို အသုံးပြု၍ ဖိအားပေးလိုက်သည့်အခါ NLD ပါတီအနေဖြင့် ယခင် ၁၉၉၃ ခုနှစ်ကကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်ကို ထုပ်ပယ်သည့်နည်းအတိုင်း NLDပါတီက မိမိတို့ ပါတီခေါင်းဆောင်အား ပါတီဆုံးဖြတ်ချက်နှင့် ထုပ်ပယ်လိုက်ခြင်း ဖြစ်စေရန် ဖန်တီးထားသည့် ဆင်ကွက်ပင်ဖြစ်သည်။ ဤလုပ်ရပ်သည် နအဖနှင့်မဆိုင် NLD ပါတီ၏ ပါတီတွင်း ဆုံးဖြတ်ချက်နှင့်သာ ပြုလုပ်သော လုပ်ရပ်ဖြစ်သည်ဟု ပြည်သူလူထုနှင့် ကမ္ဘာက မြင်စေရန် ကွက်ဆင်ထားခြင်းသာဖြစ်သည်။

၁၉၉၃ ခုနှစ်ကလို ပါတီရပ်တည်ရေးသက်သက်ကိုသာ ကြည့်၍ ဒေါ်စုနှင့် အမာခံ NLD ပါတီဝင် နိုင်ငံရေးအကျဉ်းသားများကို ထုတ်ပယ်လိုက်လျှင် နအဖသည် ခဲတလုံးဖြင့် ငှက်နှစ် ကောင်ကို ပစ်လိုက်ခြင်းဖြစ်သည်ဟု မှတ်ယူနိုင်သည်။

(၁) ဒေါ်စုမရှိတော့၍ လူထုထောက်ခံမှု မရနိုင်တော့ခြင်း။
(၂) ရွေးကောက်ပွဲ ဥပဒေထုတ်လိုက်ခြင်းတခုတည်းဖြင့် အဓိကပြိုင်ဘက်ခေါင်းဆောင်ကို ၎င်းပါတီမှ သူ့သဘောနှင့်သူ ထုတ်ပယ်လိုက်ခြင်းကြောင့် နအဖ အောင်ပွဲရသွားခြင်း။
(၃) ရွေးကောက်ပွဲတွင် နအဖအနေဖြင့် ပင်ပင်ပန်းပန်း ညစ်ပတ်စရာမလိုဘဲ မဲဆွယ်ပေး ကမ်းခြင်း၊ လာဘ်ထိုးခြင်း၊ ခြိမ်းခြောက်ခြင်း အနည်းငယ်မျှဖြင့် ၎င်းတို့ဖြစ်လိုသည့် ရွေးကောက်ပွဲ ရလာဘ် ကို ဖန်တီးရယူနိုင်ခွင့်ကို ရရှိသွားနိုင်သည်။
(၄) ၁၉၉၀ ရွေးကောက်ပွဲကာလတွင် NLD ပါတီ၏ ပြိုင်ဘက် တစညပါတီမှာ ပြည်သူ၏ အဓိက ဆန့်ကျင်ခံထားရသော ပါတီဖြစ်ခြင်း၊ ထို့အပြင် ၈၈ ကာလအတွင်း မဆလပါတီဝင် သိန်းနှင့်ချီ၍ ပါတီဝင်မှတ်ပုံတင် ကတ်ပြားများကို မီးရှို့ဖျက်ဆီးခြင်း၊ နုတ်ထွက်သွားခြင်းတို့ကြောင့် တစည ပါတီသည် အင်အားချိနဲ့နေပြီး NLD ပါတီအား မည်သို့မျှ မယှဉ်ပြိုင်နိုင်ဘဲ အရှုံးကြီးရှုံး ခဲ့ရခြင်းဖြစ်သည်။ ယခုအခြေအနေသည် ဗိုလ်သန်းရွှေမှ ၎င်း၏ ကြံ့ဖွတ်ပါတီကို မြို့နယ်၊ ကျေးရွာ အဆင့်ဆင့်အထိ တည်ဆောက်ထားပြီးဖြစ်သည်။ ထို့ကြောင့် နှစ်ပေါင်းများစွာ ပိတ်ပင်ခြင်းခံထားရသော NLD ပါတီအနေဖြင့် ၂၀၁၀ ရွေးကောက်ပွဲကို အကြိတ်အနယ် ယှဉ်ပြိုင်ရမည့် သဘောရှိသည့်အတွက် အနိုင်ရရန်မလွယ်တော့ခြင်း။

သို့ရာတွင် NLD မှ သမရိုးကျနည်းကို မစဉ်းစားဘဲ ဖေါက်ထွက်စဉ်းစားမည်ဆိုပါက-----
ဒေါ်စုသည် NLD ပါတီ၏ ခေါင်းဆောင်ဖြစ်သည်၊ NLD ပါတီသည် ၁၉၉၀ ရွေးကောက်ပွဲတွင် အနိုင်ရပါတီဖြစ်သည်၊ ၎င်းရွေးကောက်ပွဲ အဓိပ္ပါယ်ကို နအဖအား ရှင်းလင်းတင်ပြ၍ တောင်း ဆိုရမည်၊ ထို့နောက် NLD ပါတီကို လူသိရှင်ကြား အရှိအတိုင်း ခေါင်းဆောင်များဖြင့် မှတ်ပုံတင်လျှောက်လွှာကို တင်သွင်းရမည်။ ဤကဲ့သို့ ပြုလုပ်ပါက NLD ပါတီကို နအဖမှ
(၁) ဖျက်သိမ်းနိုင်သည်။
(၁) ဖျက်သိမ်းနိုင်သည် ဆိုရာတွင် ထုတ်ပြန်လိုက်သော ရွေးကောက်ပွဲ ဥပဒေအရ NLD သည် လိုအပ်ချက်နှင့် မပြည့်မှီသောကြောင့်ဟူ၍ အကြောင်းပြချက်ဖြင့် ပါတီကို ဖျက်သိမ်းကြောင်း ကြေငြာခြင်း ဖြစ်သည်။ ဤကဲ့သို့ ဖျက်သိမ်းလိုက်ခြင်းကြောင့် မည့်သည့် ကောင်းကျိုးဆိုကျိုး ရရှိလာ နိုင်သည်သနည်းဟု ကြည့်လျှင်---- နအဖ အဘယ့်ကြောင့် ရွေးကောက်ပွဲ ပြုလုပ်ပေးရ သနည်း ဆိုသည့် မေးခွန်းက ထွက်လာသည်။

နအဖ၏ ရွေးကောက်ပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ပထမ နားလည်သဘော ပေါက်ဖို့လိုသည်။ နအဖ ရွေးကောက်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ----
(၁) ပြည်တွင်းမှ ၎င်း၏ပါတီကို ထောက်ခံမဲပေးခဲ့သည်ဟု သက်သေပြနိုင်ရန်ဖြစ်သည်။ တနည်း ၎င်းတို့ ထောက်ခံအားပေးထားသော ပါတီက တိုင်းပြည်အုပ်ချုပ်ရန် ပြည်သူတို့က မဲပေးခဲ့သည်ဟု သက်သေပြရန်ဖြစ်သည်။ (Internal Legitimacy)
(၂) ပြည်ပနိုင်ငံများက ရွေးကောက်ပွဲကို အသိအမှတ်ပြုပြီး ရွေးကောက်ပွဲမှ ထွက်ပေါ် လာသော အစိုးရသစ်ကို ထောက်ခံအားပေးကြစေရန်ဖြစ်သည်။(External Legitimacy)
ဤနှစ်ချက်တွင် နအဖတွင် ပြည်တွင်းထောက်ခံမှု မရှိဆိုသည်ကို ၁၉၉၀ ရွေးကောက်ပွဲက သက်သေပြပြီးဖြစ်သည်။ ၎င်းအပြင် နအဖအနေနှင့် ပြည်တွင်းထောက်ခံမှုမရှိကြောင်းကို ၎င်းတို့ ကိုယ်တိုင်သိပြီးဖြစ်သည်။ ပြည်တွင်းထောက်ခံသည်ဖြစ်စေ၊ မထောက်ခံသည်ဖြစ်စေ နအဖအတွက် အရေးမကြီး၊ နအဖအနေနှင့် ပြည်တွင်းကို သေနတ်နှင့်ထောက်၍ ထောက်ခံ မှုကို ရယူနိုင်သည်၊ နာဂစ်တွင်လည်း ရပြီးပြီဖြစ်သည်။

ထို့ကြောင့် နအဖ၏ အဓိကရည်ရွယ်ချက်မှာ ပြည်ပထောက်ခံမှုဆိုသည့် External Legitimacy (International Recognition) နိုင်ငံတကာ အသိအမှတ်ပြုမှုကို ရရှိနိုင် ရေးသည် ၎င်းတို့ ရွေးကောက်ပွဲ ကျင်းပရခြင်း၏ အဓိကရည်ရွယ်ချက်ပင်ဖြစ်သည်။ နိုင်ငံတကာ အသိအမှတ်ပြုမှုသည် ရွေးကောက်ပွဲ မျှတမှု ရှိမရှိပေါ်တွင် မူတည်သည်။ နိုင်ငံတကာ အထူးသဖြင့် ဥရောပနှင့် အမေရိကန်နိုင်ငံတို့မှ အားလုံးပါဝင်သည့် တရားမျှ တသော ရွေးကောက်ပွဲဖြစ်ရန်နှင့် ဒေါ်စုကို ရွေးကောက်ပွဲတွင် ၀င်ရောက် ရွေးချယ်ခွင့်ပြုရန်၊ နိုင်ငံရေး အကျဉ်းသားများ အားလုံးလွှတ်ပေးရန် ရွေးကောက်ပွဲဝင်ခွင့်ပြုရေးတို့ကို အစဉ်တ စိုက် တောင်းဆိုလာခဲ့ကြသည်။

အကယ်၍ ရွေးကောက်ပွဲ ဥပဒေနှင့် ညိသည်ကို အကြောင်းပြပြီး NLD ပါတီ မှတ်ပုံတင် သည်ကို ပယ်ချပြီး ပါတီအဖြစ် တရားဝင်ရပ်တည်မှုကို ဖျက်သိမ်းလိုက်လျှင် ၎င်းတို့၏ ညစ်ပတ်မှုကို ကမ္ဘာသိလာ၍ ထင်ရှားစေလိမ့်မည်ဖြစ်သည်။ ထို့ကြောင့် NLD က တင်းခံပြီး ၎င်းတို့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ခေါင်းဆောင်အဖြစ် ဆက်လက်ထား၍ မှတ်ပုံတင်ပါက နအဖအနေနှင့် ၎င်းတို့က NLD ပါတီကို သူ့ခေါင်းဆောင်ကို မထုတ်သဖြင့် ၎င်းတို့က NLD ပါတီကို ထုတ်ရပါသည်၊ ရွေးကောက်ပွဲကို ၀င်ခွင်မပြုနိုင်ပါ ဆိုသည့် ပြဿနာကို ထိပ်တိုက် ကမ္ဘာ့နိုင်ငံများနှင့် ရင်ဆိုင်ရပေတော့မည်၊ ၎င်းတို့ လိုလားသည့် International Recognition သည်လည်း နိုင်ငံတကာမှ ရရှိရန် အလှမ်းးဝေးသွား ပေတော့မည်ဖြစ်သည်။

ထို့ကြောင့် NLD ပါတီသည် တောက်လျှောက် ပြည်သူ့ဘက်မှ မရပ်တည်ဘဲ ပါတီရပ်တည် ရေးသက်သက်သာကြည့်ပြီး နအဖကို အလျော့ပေးလာခဲ့သည့်လမ်းစဉ်မှ ဖေါက်ထွက်၍ ပြည်သူအားကို ယုံကြည်စွာဖြင့် ပြည်သူ့ခေါင်းဆောင်ကို တင်၍ မှတ်ပုံတင်ရမည့် အချိန်ရောက် ပြီဟု ဆိုချင်ပါသည်။

နိဂုံးချုပ်အားဖြင့်။ ။ နအဖသည် ပြည်တွင်းထောက်ခံမှုကို သေနတ်နှင့် မိုး၍ ရယူထားမည်၊ NLD မှ ဒေါ်စုနှင့် ပါတီဝင် နိုင်ငံရေးအကျဉ်းသားများကို မိမိသဘောနှင့် မိမိ ထုတ်ပယ်ပစ်လိုက်လျှင် နအဖတို့ ကွက်ချထားသည့်အတိုင်း ဖြစ်သွားပြီး ရွေးကောက်ပွဲတွင် နအဖမှ ကျိန်းသေနိုင်မည်။ နိုင်လျှင် ပြည်ပအစိုးရများမှ NLD ပါဝင် ယှဉ်ပြိုင်သဖြင့် နောက်တက် လာသော နအဖ၏ အသွင်ပြောင်းအစိုးရကို ကြိုက်ကြိုက်မကြိုက်ကြိုက် ထောက်ခံကြရတော့မည်။ ထို့ကြောင့် ရွေးကောက်ပွဲတွင် NLD ပါဝင်ရေးသည် နအဖအတွက် အလွန်အရေးကြီးသည်။ ပါဝင်လျှင်လည်း နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေအရ ကြုံးဝင်ရန်အတွက် ဒေါ်စုတို့ကို ပါတီမှ ထုတ်ပယ်ထားပြီးဖြင့်သဖြစ် နအဖအနေဖြင့် NLD ပါတီကို အနိုင်ရမည်ဖြစ်သည်။ နိုင်ငံတကာမှလည်း NLD ပါတီ ပါဝင်ယှဉ်ပြိုင်သည်နှင့် ရွေးကောက်ပွဲရလာဘ်ကို အသိအမှတ်ပြုရတော့မည်ဖြစ်သည်။ အသိအမှတ်ပြုလိုက်သည်နှင့် နအဖအသွင်ပြောင်းအစိုးရသည် အာဏာကို ဆက်လက်၍ လက်ဆင့်ကမ်းယူသွားပြီး စစ်အုပ် စိုးမှုစံနစ်ကို မြန်မာပြည်တွင်းတွင် နက်ရှိုင်းစွာ မြစ်တွယ်နိုင်ရန် မျိုးစေ့ချပေတော့မည်။ ဤအခြေအနေကို ဖျက်ရန်အတွက် NLD ပါတီသည် ဒေါ်စုကို မထုတ်ဘဲ တင်းခံထားပြီး တဖက်မှလည်း အရှိအတိုင်း မှတ်ပုံတင်ရမည်။ မှတ်ပုံတင်ခြင်းသည် နိုင်ငံရေးပါတီတခု၏ လုပ်ရိုးလုပ်စဉ်အတိုင်း နိုင်ငံရေးပါတီအဖြစ် တရားဝင်ရပ်တည်ရေးအတွက် မှတ်ပုံတင်ခြင်းသာ ဖြစ်သည်။ ရွေးကောက်ပွဲ ၀င်မ၀င်ဆိုခြင်းအတွက် မှတ်ပုံတင်ခြင်းမဟုတ်။ ရွေးကောက်ပွဲ ၀င်မ၀င် ဆုံးဖြတ်ချက်ကို ယခုထိ မဆုံးဖြတ်နိုင်သေးကြောင်း တဆက်တည်း ကြေငြာချက် ထုတ်ရမည်။ ၎င်းတို့ တရားဝင်မှတ်ပုံတင်ခြင်းကို လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ ၎င်းဆုံးဖြတ် ချက်သည် နအဖ၏ တာဝန်သာဖြစ်သည်ဟူ၍ တပြည်လုံးသို့ ကြေငြာရမည်။ ထိုအခါ နအဖမှ NLD ပါတီအား ပါတီမှတ်ပုံတင်ခြင်း ဥပဒေနှင့် မညီညွတ်သဖြင့် နိုင်ငံရေးပါတီ အဖြစ်မှ မှတ်ပုံတင်ခြင်းကို လက်မခံဘဲ ပယ်ချလိုက်လျှင်သော်လည်းကောင်း၊ နိုင်ငံရေးပါတီ အဖြစ်မှ ဖျက်သိမ်း လိုက်လျှင်သော်လည်းကောင်း ပြုလုပ်ရတော့မည်။ ထိုအခါတွင် နအဖ၏ ပြည်ပအသိအမှတ်ပြုမှုကို ရရှိနိုင်ရန် ကြိုးစားမှုမှာ ပျက်ပြယ်သွားတော့မည်ဖြစ်သည်။ အကြောင်းမှာ နိုင်ငံတကာမှ အဓိကတောင်းဆိုနေသော ချက်သုံးချက်ဖြစ်သည့် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေး၊ ဒေါ်အောင်ဆန်းစုကြည်အား ရွေးကောက်ပွဲတွင် ပါဝင်ယှဉ် ပြိုင်ခွင့်ရှိရေး၊ လွှတ်လပ်တရားမျှတသည့် ရွေးကောက်ပွဲ ကျင်းပပြုလုပ်ပေးရေးတို့ဖြစ်သည်။ ထိုအချက် သုံးချက်စလုံးကို နအဖမှ ချိုးဖောက်လိုက်ပြီးဖြစ်သည်။ အကြောင်းမှာ ဒေါ်အောင်စုကြည် ပါဝင်ယှဉ်ရေးမဆိုထားနှင့် ဒေါ်အောင်ဆန်းစုကြည် ပါဝင်နေသည့်အတွက် ၎င်းပါဝင်သည့် နိုင်ငံရေးပါတီကို နအဖမှ ရွေးကောက်ပွဲ ဥပဒေဖြင့် ဖျက်သိမ်းလိုက်ခြင်းသည် မြန်မာနိုင်ငံတွင် လွတ်လပ်တရားမျှတသော ရွေးကောက်ပွဲ မဖြစ်နိုင်တော့ကြောင်း ထင်ရှား စေလိမ့်မည်ဖြစ်သည်။ NLD ပါတီအနေဖြင့် မှတ်ပုံတင်ခွင့် မရသော်လည်း နအဖ၏ ညစ်ပတ် မှုကို ကမ္ဘာသိ သက်သေပြနိုင်မည်ဖြစ်သည်။ နအဖက NLDအား အသိအမှတ်မပြုသော်လည်း ပြည်သူများက အသိအမှတ်ပြုနေမည်သာဖြစ်သည်။

နောက်တနည်းမှာ ၁၉၉၀ ရွေးကောက် ပွဲရလာဘ်ကို အခြေခံ၍ NLD ပါတီသည် အစိုးရတရပ်ကို ဖွဲ့စည်းနိုင်ရန် နောက်ဆုံး အကြိမ်ဖြင့် ကြိုးစားသင့်သည် ဟုမြင်သည်။ ဦးနုသည် ၈၈ ကာလတွင် အစိုးတရပ်လည်း ကြေငြာခဲ့ဖူးသည်။ သို့ရာတွင် ဦးနုသည် နိုင်ငံရေးကွင်းဆက် ပြတ်နေခဲ့သည့်အတွက် မအောင်မမြင်ဖြစ်ခဲ့ရသည်။ NLD အနေနှင့် နှစ်ပေါင်း ၂၀ ကျော်ကြာ အခက်ခဲမျိုးစုံနှင့် ရင်ဆိုင်ခဲ့ရသည်၊ သို့ရာတွင် ပြည်သူတို့နှင့် ကွင်းဆက်ပြတ်ခြင်းမရှိဘဲ ရပ်တည်နေသည့် တခုတည်းသော ပြည်သူ့ပါတီ ဖြစ်သည်။ ပခုက္ကူမြို့တွင် NLD ရုံးဖွင့်သည့်အခါ ပြည်သူ လေးသောင်းကျော် လာရောက် အားပေးခဲ့သည်ကို ကြည့်လျှင် NLD သည် ဖိနှိပ်မှု မျိုးစုံကြားမှ ပြည်သူ့ထောက်ခံမှုကို ရရှိနေသေးသည်ဟု မြင်သည်။ ၁၉၉၀ ရွေးကောက်ပွဲပြီးနောက် ဂန္ဒီခန်းမတွင် NLD လွှတ် တော်အမတ်များ စုံညီစွာ တက်ရောက်ခဲ့စဉ် အစိုးရဖွဲ့နိုင်ရန် အခွင့်အရေး ရရှိခဲ့သော်လည်း လက်တွန့်ခဲ့သည့်အတွက် အခွင့်အရေး ဆုံးရှုံးခဲ့ရသည်ကို နမူနာယူသင့်သည်။ နအဖသည် အမြဲတမ်း လက်ဦးမှုကို ရယူ၍ အုပ်ချုပ်လာခဲ့သူဖြစ်သည်၊ ထိုအချက်ကို NLD အနေဖြင့် နမူနာယူ၍ လုပ်သင့်လုပ်ထိုက်သည်များကို လုပ်ရဲရမည်။ ဒေါ်စုနေအိမ်တွင် ချိတ်ဆွဲပြ ထားသည့် (အာဇာနည်တို့မည်သည် မိမိလုပ်ရမည့် အလုပ်ကို ဆုံးခန်းတိုင်အောင် လုပ်ရမည်) ဆိုသည့် အဓိပ္ပါယ်ကို စဉ်းစားဖို့ အချိန်ရောက်ပြီ။ ထို့ကြောင့် NLD အနေနှင့် ကြေငြာရဲရမည်၊ ကြေငြာပိုင်ခွင့်လည်းရှိသည်၊ ကြေငြာရမည့် အချိန်လည်း ရောက်ပြီ။

ထွန်းအောင်ကျော်
ဥက္ကဋ္ဌ
(လွတ်လပ်သော မြန်မာ့လူ့ဘောင်အဖွဲ့)
Civil Society for Burma
အညာနွေတမာမြေ

No comments: