နိုင်ငံရေးမှာပဲဖြစ်ဖြစ်၊ စီးပွားရေးလုပ်ငန်းဆောင်တာတွေမှာပဲဖြစ်ဖြစ်၊ ဘ၀အရေးမှာပဲ ဖြစ်ဖြစ် အပြောင်းအလဲ အခြေအနေတွေ ရှိတတ်ပါတယ်။ ဒီအခြေအနေတွေမှာ လူတွေရဲ့ စိတ်တွေေ၀၀ါးရှုပ်ထွေးမှုတွေ ဖြစ်လာတတ်ပါတယ်။ ပဋ္ဋိပက္ခတွေ ဖြစ်လာတတ်ပြီး ကွဲပြားတဲ့ အတွေးအမြင်တွေ၊ ပြိုင်ဆိုင်မှုတွေကနေ အကွဲအပြဲတွေလဲ ဖြစ်တတ်ပါတယ်။ ဒီလို အခြေအနေတွေကို စနစ်တကျ ကိုင်တွယ်စီမံနိုင်ဖို့ လိုအပ်ပါတယ်။ အဖွဲ့အစည်းရေးရာရှုထောင့်က ကြည့်မယ်ဆိုရင် အဖွဲ့တွင်း ပြောင်းလဲမှုတွေ၊ ကွဲပြဲမှုတွေကို ဦးတည်စေတဲ့ ပဋ္ဋိပက္ခအခြေအနေတခု ဖြစ်လာတတ်တာမျိုးတွေ ရှိပါတယ်။ ဒီလို dysfunctional conflict ထွက်ပေါ်လာတဲ့အခါမှာ ဆုံးဖြတ်ချက်ချမှတ်မှု ခက်ခဲခြင်း၊ ခံစားချက်နှင့် ပေါက်ကွဲခြင်း စတာတွေကနေ ပဋ္ဋိပက္ခဖြစ်သူတွေအချင်းချင်း အပြိုင်အဆိုင် စစ်ကစားခြင်း စတဲ့ လက္ခဏာတွေ ပေါ်လာတတ်ပါတယ်။
အဖွဲ့တွင်း ပဋ္ဋိပက္ခများ ဖြစ်ထွန်းစေတတ်သော အကြောင်းရင်းများ
အဖွဲ့အစည်းတွေရဲ့ နိုင်ငံရေးကို လေ့လာသူပညာရှင်တွေကတော့ အဖွဲ့အစည်းတခုအတွင်းမှာ ပဋ္ဋိပက္ခကို ဖြစ်ထွန်းစေတဲ့ conflict triggers တွေကို ရှစ်မျိုးခွဲခြားပြီး ဖော်ပြခဲ့ပါတယ်။ ပထမတမျိုးကတော့ အလုပ်တာဝန်သတ်မှတ်ချက် ရှုပ်ထွေးမှု ဖြစ်ပါတယ်။ နိုင်ငံရေးအဖွဲ့အစည်း တခုမှာဆိုရင် ယေဘုယျအားဖြင့် ဥက္ကဌတာဝန်၊ အတွင်းရေးမှူးတာဝန်၊ ဗဟိုအလုပ်မှုဆောင်ကော်မတီ၊ ဗဟိုကော်မတီတာဝန် ခွဲဝေမှုတွေ ရှိပါတယ်။ ဒီတာဝန်တွေနဲ့ တွဲပြီး တိကျတဲ့ အလုပ်သတ်မှတ်ချက်ရှိရပါမယ်။ ဒီလိုမရှိရင် အဖွဲ့တွင်းက အရင်းအမြစ်နှင့် အဖွဲ့ကို ချုပ်ကိုင်နိုင်တဲ့ ပါဝါအပေါ်မှာ ပြိုင်ဆိုင်မှုတွေ ဖြစ်လာတတ်ပါတယ်။
ဒုတိယ တမျိုးကတော့ အရင်းအမြစ်နဲ့ ပတ်သက်တဲ့ ပြိုင်ဆိုင်မှုတွေပါ။ အရင်းအမြစ်ဆိုတာမှာ အဖွဲ့ကိုချုပ်ကိုင်နိုင်တဲ့ ပါဝါအပြင် ငွေအင်အား၊ လူအင်အားနဲ့ တန်ဖိုးကြီးတဲ့ သတင်းအချက်အလက် ဆိုတာလဲ ပါပါတယ်။ လူ့စိတ်ဆိုတာက မျောက်စိတ်လိုပဲ တော်တော်ကြောက်ဖို့ ကောင်းပါတယ်။ အဖွဲ့အစည်းတခုအတွင်းမှာ အဖွဲ့ရဲ့ ရည်မှန်းချက်တွေ အောင်မြင်ဖို့အတွက် အတူတကွ ပူးပေါင်းဆောင်ရွက်လိုစိတ်တွေရှိမှ ပန်းတိုင်ကို ရောက်တာ ဖြစ်ပါတယ်။ ဒီလိုမဟုတ်ပဲ အဖွဲ့ဝင်တွေအကြားမှာ ပါဝါအာဏာပြိုင်မှုတွေ ဖြစ်လာပြီဆိုရင် အဖွဲ့ပြိုကွဲဖို့ ဦးတည်နေပြီဆိုတာ သိဖို့ လိုအပ်ပါတယ်။
တတိယတမျိုးကတော့ ဆက်ဆံရေးပြိုလဲမှုပါ။ လူတော်တော်များများဟာ အလုပ်ကြီးအကိုင်ကြီးတွေကို လုပ်ကိုင်ပြီး ဟန်ရေးပြလိုတတ်ကြပေမယ့် ဒီအလုပ်နဲ့ တန်တဲ့ စိတ်ဓာတ်ရင့်ကျက်မှုကို ပြင်ဆင်ထားလေ့ မရှိကြပါဘူး။ စကားပြောရင် ငါ့စကားနွားရ ပြောတတ်သူတွေ၊ အစည်းအဝေးခန်းတွေထဲမှာ သူများတွေ လုပ်သမျှ အဖျက်သဘောနဲ့ လိုက်ပြောနေတတ်သူတွေ၊ အပြန်အလှန် ငြင်းခုန်ဆွေးနွေးမှုကနေ ပြဿနာကို အဖြေရှာတဲ့ အဆင့်မရောက်တော့ပဲ မိတ်ဆွေပျက်တဲ့အထိ ဖြစ်နေတတ်သူတွေ၊ မူအရ ပေါင်းစပ်လို့ မရတာကြောင့် ကွဲပြဲတာမျိုး မဟုတ်ပဲ တယောက်နဲ့ တယောက် ဝေဖန်ပုတ်ခတ်တာနဲ့တင် ထစ်ခနဲရှိ အဖွဲ့သစ်ထောင်နေသူတွေ၊ သူပြောတာမှ လက်မခံရင် ကိုယ်ပြောတာလဲ လက်မခံဆိုပြီး လုပ်တတ်သူတွေ၊ ကိုယ့်ကို ပေးအပ်ထားတဲ့ တာဝန်ကို ကျေပွန်အောင်ပင် ထမ်းဆောင်နိုင်ခြင်း မရှိသေးပဲ တခြားပိုကြီးတဲ့ လုပ်ငန်းတာဝန်တွေကို တစာစာ တောင်းနေတတ်သူတွေ၊ နေရာယူ ငုပ်တုတ်ထိုင်၊ ဘေးထိုင်ဘုပြော လုပ်တတ်သူတွေ၊ အဖွဲ့ထဲက လူတွေရဲ့ စကားတွေကို ဟိုစကားဒီပို့၊ ဒီစကားဟိုပို့နဲ့ စကားအရောင်းအ၀ယ် လုပ်နေတတ်သူတွေဟာ လူ့လောကကြီး ထဲမှာ ရှိကိုရှိနေတတ် ပါတယ်။ ဒီလို စိတ်ဓာတ်မရင့်ကျက်သူတွေ အဖွဲ့အစည်းတွေထဲမှာ များလာတဲ့အခါ အဖွဲ့ဝင်တွေ အချင်းချင်း ဆက်ဆံရေးကို ထိခိုက်ပါတယ်။ ကြာရင် ပြိုလဲတတ်ပါတယ်။
နောက်တမျိုးကတော့ အချိန်အတိုင်းအတာတခုရဲ့ ဖိအားပါ။ လူတွေမှာ ရေရှည်လုပ်ငန်းတာဝန်တွေမှာ ပိုမိုအားသာချက်ရှိပြီး ရေတိုအချိန်သတ်မှတ်တာနဲ့ စိတ်ဖိစီးမှုဖြစ်ပြီး ကသောင်းကနင်းလုပ်တတ်သူတွေ ရှိပါတယ်။ အချိန်သတ်မှတ်ချက် တခုအတွင်းမှာ လုပ်ငန်းဆောင်တာတခုကို ပြီးမြောက်ရတော့မယ်လို့ ပြင်ပပတ်ဝန်းကျင်အခြေအနေက ဖိအားပေးလာတဲ့အခါမှာ ဒါကို အေးအေးဆေးဆေး စီမံခန့်ခွဲနိုင်သူတွေ ရှိသလို၊ တောင်ပြေးမြောက်ပြေး ဖြစ်နေတတ်သူတွေလဲ ရှိတတ်ပါတယ်။ စာမေးပွဲတခုကို နက်ဖြန်စစ်တော့မယ်လို့ ရှောင်တခင် ကြေညာလိုက်တဲ့အခါ ရေရှည်ပြင်ဆင်ထားသူတွေနဲ့ ရေတိုပြင်ဆင်ထားသူတွေအကြားမှာ ကွဲပြားတဲ့ တုန့်ပြန်မှုတွေ ဖြစ်တတ်ပါတယ်။ ရေရှည်ပြင်ဆင် ထားပြီးမှ သွေးအေးအေးနဲ့ အရေးကြီးတဲ့ သင်ခန်းစာတွေကို ရွေးနှုတ်လေ့လာသူ၊ ရေရှည်ပြင်ဆင်ထားပေမယ့် ကြောက်စိတ်ဝင်လာပြီး ဟိုစာအုပ်ကိုင်ရမလို၊ ဒီစာအုပ်ကိုင်ရမလို ဖြစ်တတ်သူ၊ ပြင်ဆင်ထားတာ မဟုတ်ပေမယ့်လဲ သွေးအေးအေးနဲ့ အရေးကြီးမယ်ထင်တဲ့ စာကိုပဲ ကောက်ဖတ်နေသူနဲ့ ပြင်ဆင်ထားတာလဲမရှိ၊ သွေးအေးအေးနဲ့ ဘယ်လို ကိုင်တွယ်ရမှန်းလဲ မသိဖြစ်ပြီး တောင်ပြေး၊ မြောက်ပြေးဖြစ်နေတတ်သူတွေ ပေါ်ထွက်လာစမြဲပါပဲ။ ကြောက်စရာအကောင်းဆုံးက အဲဒီတောင်ပြေး၊ မြောက်ပြေး လုပ်တတ်သူတွေပါ။ ပထမငါးမိနစ်မှာ စာမေးပွဲဖြေမယ်ပြောလိုက်၊ ဒုတိယငါးမိနစ်ရောက်ရင် မဖြေတော့ဘူးပြောလိုက်၊ စာအုပ်ကောက်ကိုင်လိုက်၊ ပြန်ချလိုက်နဲ့ စိတ်ဂနာမငြိမ်မှုတွေဖြစ်ပြီး အနီးအနားမှာ ရှိနေသူတွေကို တော်တော်ဒုက္ခပေးတတ်သူတွေပါ။ သူ့ကိုသာ လိုက်ကြည့်နေရင် ဘေးက လူတွေလဲ အရူးမလင်လုပ်ရသလို ဖြစ်လာမှာ အသေအချာပါပဲ။
အဖွဲ့အစည်းတွင်း ပဋ္ဋိပက္ခတွေ ဖြစ်စေတတ်တဲ့ နောက်ထပ် အကြောင်းတခုကတော့ အခြေအနေနဲ့ သင့်လျော်မှန်ကန်မှု မရှိတဲ့ စည်းမျဉ်းတွေ၊ မူဝါဒတွေ၊ လုပ်ထုံးလုပ်နည်းတွေ ချမှတ်တာမျိုး ဖြစ်ပါတယ်။ အဖွဲ့ခေါင်းဆောင်ဆိုတာ ကိုယ့်အဖွဲ့ရဲ့ အခြေအနေကို သိရပါတယ်။ ငါ့စကားနွားရ၊ တသွေးတသံ တမိန့်တွေက နေရာတိုင်းမှာ ကျင့်သုံးလို့ မရပါ။ ဦးနှောက်နဲ့ ဆင်ခြင်တုံတရားကို အမိန့်ဆိုတာနဲ့ သင်းကွပ်ခံထားရတဲ့ စစ်တပ်လို အဖွဲ့အစည်းမျိုးတွေမှာတောင် တခါတရံမှာ တပ်တွင်းပုန်ကန်မှုဆိုတာ ဖြစ်လာတတ်သေးရင် တခြားအဖွဲ့အစည်းတွေမှာဆို ပိုဆိုးပါတယ်။
နောက်ထပ်တမျိုးကတော့ ကိုယ်ရည်ကိုယ်သွေး ကွဲပြားမှုပါ။ လူတဦးချင်းစီရဲ့ ကိုယ်ရည် ကိုယ်သွေးတွေက ကွဲပြားခြားနားပါတယ်။ လူသဏ္ဍာန်ကိုကြည့်ပြီး အကဲခတ်ဖို့ဆိုတာ အလွန်ခဲယဉ်း ပါတယ်။ တချို့က ပျော့ပျော့ပျောင်းပျောင်းလေးပေမယ့် စိတ်ဓာတ်ကျတော့ အရမ်းကြံ့ခိုင် ပါတယ်။ တချို့က ဗလတောင့်တောင့်ပေမယ့်လဲ တုတ်တချက်ဝင့်တာနဲ့ ကြောက်ဒူးတုန် တတ်ပါတယ်။ ငယ်စဉ်ကလေးဘ၀ အတွေ့အကြုံ၊ ဘ၀ဖြတ်သန်းမှု၊ မိသားစုအခြေအနေ၊ အတွေးအခေါ်၊ အယူဝါဒ၊ စိတ်နေစိတ်ထား စတာတွေက လူတဦးချင်းစီရဲ့ ကိုယ်ရည်ကိုယ်သွေးကို လွှမ်းမိုးမှုရှိပါတယ်။ အရေးပေါ် အခြေအနေတွေမှာမှ ထွက်လာတတ်တဲ့ ကိုယ်ရည်ကိုယ်သွေး အရည်အချင်းတွေကလဲ ရှိပါသေးတယ်။ တချို့က မိုက်ရူးရဲလုပ်တတ်သလို တချို့ကကျတော့လဲ ကြောက်ပြိး အညံ့ခံတတ်ပါတယ်။ ကမ္ဘာ့နာမည်ကြီး ထောက်လှမ်းရေးအဖွဲ့ကြီးတွေမှာ စပိုင်တွေ ရွေးတဲ့အခါ နှိပ်စက်ညှဉ်းပမ်းပြီးလဲ ရွေးချယ်စစ်ဆေးလေ့ရှိတယ်လို့ ကြားဖူးပါတယ်။ ခံနိုင်ရည်ကို ဆန်းစစ်တာပါ။ ခံနိုင်ရည်ဆိုတာက အလွန်အရေးကြီးတာပါ။ လူတိုင်းမှာ အားနည်းချက်ရှိပေမယ့် ဒီလိုအားနည်းချက်ကို တဘက်ရန်သူက အသာစီးယူသွားနိုင်စေမယ့် တာဝန်မျိုးကို အစကတည်းက မပေးပဲ ရှောင်ကြဉ်ရမှာဖြစ်ပါတယ်။ သဘောသဘာဝအရ စစ်တိုက်ရမယ့် အဖွဲ့အစည်းရဲ့ တပ်မှူးကို သေနတ်သံကြားတာနဲ့ ၀ပ်ကျင်းထဲ သွားပုန်းနေတတ်သူကို ပေးလို့ မရပါဘူး။ သက်သတ်လွတ်စားနေသူကို မုဆိုးတာဝန်သွားပေးလို့ မရပါဘူး။ သွေးဆာနေသူကို အကျဉ်းသားထိန်းသိမ်းရေး တာဝန်သွားပေးလို့ မရပါဘူး။ အကုန်လုံး သေကုန်ပါလိမ့်မယ်။ ပြတ်ပြတ်သားသား ပြောဆိုလုပ်ကိုင်ရမယ့် တာဝန်ကို မဆွတ်ခင်က ညွတ်ပြီး အပေးအယူပဲ လုပ်ချင်နေတဲ့ လူမျိုးကို သွားပေးလို့ မရပါဘူး။ မဟာမိတ်ဆက်ဆံရေး တာဝန်မျိုးကို ထစ်ခနဲရှိ ရန်ဖြစ်ချင်သူကို သွားပေးလို့ မရပါဘူး။ အလုပ်တာဝန်နဲ့ လူရဲ့ ကိုယ်ရည်ကိုယ်သွေး ကိုက်ညီဖို့ လိုအပ်ပါတယ်။ အဖွဲ့အစည်းတွေထဲမှာ အဲဒီလို မကိုက်ညီမှုတွေ ဖြစ်လာရင် တစတစ ပျက်သုဉ်းတော့တာပါပဲ။
နောက်ထပ်တမျိုးကတော့ အဖွဲ့ဝင်တွေရဲ့ ရာထူးအဆင့်သတ်မှတ်ချက်ပါ။ အဖွဲ့ဆိုတာရှိရင် hierarchy ဆိုတာရှိပါတယ်။ တာဝန်ယူမှုဆိုတာရှိရပါတယ်။ သူငယ်ချင်းပဲဖြစ်ဖြစ်၊ သားအဖပဲဖြစ်ဖြစ် အဖွဲ့ရဲ့ ရာထူးသတ်မှတ်ချက်အရ အဆင့်ဆင့်ပေးအပ်လာတဲ့ တာဝန်ကို ထမ်းဆောင်ကြရမှာဖြစ်ပါတယ်။ တာဝန်ပေးအပ်သူကလဲ မှန်ကန်ဖြောင့်မတ်တဲ့ တာဝန်တွေကို ပေးဖို့ လိုအပ်ပါတယ်။ ဒီလို တာဝန်ပေးအပ်သူတွေကိုလဲ တာဝန်ခံမှုနဲ့ ဖြောင့်မတ်မှုအတွက် ထိန်းချုပ်မှုယန္တရား လဲ ရှိရမှာဖြစ်ပါတယ်။ ငါခေါင်းဆောင်ဆိုပြီး ပြောချင်ရာပြော၊ လုပ်ချင်ရာလုပ်တတ်သူတွေလဲ လောကမှာ ရှိတတ်စမြဲပါပဲ။ အဖွဲ့ခေါင်းဆောင်ဆိုတာ အဖွဲ့တာဝန်ကို ထမ်းဆောင်ဖို့ ခေါင်းဆောင်သာ ဖြစ်ပါတယ်။ အဖွဲ့ခေါင်းဆောင်ဆိုပြီး ဟန်ရေးတပြပြလုပ်နေဖို့၊ အဖွဲ့ဝင်တွေကို အဖွဲ့နဲ့ မဆိုင်တဲ့ လုပ်ငန်းတာဝန်တွေ သွားပေးပြီး ခိုင်းစေဖို့၊ ငါပြောရင် မှန်တယ်၊ ငါလုပ်ရင် မှန်တယ်ဆိုပြီး လုပ်ဖို့ မဟုတ်ပါဘူး။
နိုင်ငံရေးအဖွဲ့အစည်းတခုသာ ဖြစ်မယ်ဆိုရင် အဖွဲ့တခုရဲ့ လုပ်ထုံးလုပ်နည်းအတိုင်း လုပ်ဆောင်ပြီးစီး တာတွေကိုလဲ ကော်မတီတွေအလိုက် အစီရင်ခံရပါမယ်။ ဗဟိုနဲ့ အောက်ခြေ တသားတည်း ရှိနေရပါမယ်။ သာမန်အဖွဲ့ဝင်တယောက်ပင်ဖြစ်စေကာမူ အတွေးအခေါ်တွေ၊ ခံစားချက်တွေကို တလေးတစား နားထောင်ပေးရပါမယ်။ အဖွဲ့ဝင်တယောက်ချင်းစီကို တန်ဖိုးထားတတ်ရပါမယ်။
အဲဒီလို မဟုတ်ပဲ အဖွဲ့ဝင်တွေကို ဟိုခိုင်း၊ ဒီခိုင်း၊ ဟိုညွှန်၊ ဒီညွန်လုပ်ဖို့ လောက်ပဲ သတိရပြီး ဆက်ဆံရေး အဆက်ပြတ်မှု (ဆက်ဆံရေးဆိုတာမှာ လူချင်းတွေ့ပြီး ထမင်းအတူစားနေတာကို ဆိုလိုခြင်း မဟုတ်ပါ) ရှိနေမယ်ဆိုရင်၊ အပြန်အလှန်လေးစားတန်ဖိုးထားမှု လျော့နည်းလာမယ်ဆိုရင် တဖြည်းဖြည်းနဲ့ နောက်ပါအင်အားတွေ လျော့လာမှာ ဖြစ်ပါတယ်။ မဖြစ်သာလို့ လက်တွဲနေရရင်တောင် ဒီလိုခေါင်းဆောင်မှုအောက်မှာ ရေရှည်နေလိုစိတ် ရှိကြမည် မဟုတ်ပါ။
နောက်ထပ် အဖွဲ့အစည်းတွေ ပြိုကွဲတတ်တဲ့ အချက်တခုကတော့ ကြိုတင်မျှော်မှန်းချက်တွေနဲ့ ပတ်သက်ပါတယ်။ လူတွေဆိုတာက လူအမျိုးမျိုး၊ စိတ်အထွေထွေပါ။ နိုင်ငံရေးအဖွဲ့အစည်းတခုကို အဖွဲ့ဝင်အဖြစ် ၀င်လာသူတွေမှာ ကြိုတင်မျှော်မှန်းချက်တွေ ရှိတတ်ကြပါတယ်။ တချို့က နေရာယူလိုလို့ပါ။ တချို့က ဘယ်လို အခွင့်အရေးများရမလဲဆိုတဲ့ မျှော်မှန်းချက်နဲ့ပါ။ တချို့က ကိုယ့်ယုံကြည်ချက်နဲ့ အဖွဲ့ရဲ့ ဦးတည်ချက်တွေ ကိုက်ညီတယ်လို့ ယူဆမှုကြောင့်ပါ။ တချို့ကကျတော့ အခြေအနေအရ ပူးပေါင်းပါဝင်ဝန်းရံပေးဖို့ သက်ဆိုင်ရာ မိခင်အဖွဲ့အစည်းတွေရဲ့ ညွှန်ကြားချက် ကြောင့်ပါ။ တချို့ကျတော့ အများစု ပါတာမို့ လိုက်ပါတာပါ။
နိုင်ငံရေး ပညာရှင်တွေကတော့ နိုင်ငံရေးအဖွဲ့အစည်းတခုကို အဖွဲ့ဝင်လာတဲ့ အဖွဲ့ဝင်တွေရဲ့ ရှစ်ဆယ်ရာခိုင်နှုန်းဟာ ဥစ္စာ၊ ရာထူးအဆင့်အတန်း၊ ယုံကြည်ချက်တူညီမှု၊ အစုအဖွဲ့နဲ့ ရပ်တည်လိုမှုစတဲ့ ကြိုတင်မျှော်မှန်းချက်နဲ့ ၀င်လာသူတွေသာ ဖြစ်တယ်လို့ ခန့်မှန်းကြပါတယ်။ ဒီလိုကြိုတင်မျှော်မှန်းချက်တွေနဲ့ ၀င်လာပြီးမှ ထင်သလို မဖြစ်တဲ့အခါ အဖွဲ့အပေါ်မှာ ယုံကြည်ကိုးစားမှုတွေ ပျက်လာတတ်ပါတယ်။ အဲဒီအခါမှာ အဖွဲ့ပြိုကွဲတတ်ပါတယ်။
အဖွဲ့အစည်းတခုအတွင်းမှာ အဖွဲ့ပြိုကွဲရေးအထိ ဦးတည်တဲ့ ဒီလိုပဋ္ဋိပက္ခတွေ ထွက်ပေါ်လာတဲ့အခါ စနစ်တကျ ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ အလွန်အရေးကြီးပါတယ်။ အဖွဲ့အစည်းများဆိုင်ရာ နိုင်ငံရေးကို လေ့လာတဲ့ ပညာရှင်တွေကတော့ ဒီလိုကိုင်တွယ်ဖြေရှင်းပုံ နည်းလမ်းတွေကို ဖော်ထုတ်ပေးထား ကြပါတယ်။ တချို့က ပြောတတ်ကြပါတယ်။ ပညာရှင်တွေဆိုတာက စာအုပ်ထဲက စာတွေ ပြောကြ၊ သီအိုရီတွေ ဖော်ထုတ်ကြ၊ ကိုယ့်နိုင်ငံ ကိုယ့်သမိုင်းနဲ့ မကိုက်ညီနိုင်မယ့် နည်းစနစ်တွေကို ပြောကြနဲ့မို့ သူတို့ ပြောစကားတွေကို ဂရုစိုက်ဖို့ မလိုဘူးလို့ ဆိုလေ့ရှိကြပါတယ်။
တကယ်တော့ ငါ့စကားနွားရ ပြောတတ်တဲ့ စိတ်ဖောက်ပြန်နေတဲ့ ပညာရှင် မဟုတ်ရင် ဘယ်ပညာရှင်ကမှ သူပြောတာတွေကို လိုက်လုပ်ကြဖို့၊ ဂရုစိုက်ကြဖို့ မရည်ရွယ်ကြပါဘူး။ လိုအပ်မယ်ထင်တာကို သူပညာကို အသုံးပြုပြီး ထုတ်ဖော်ပြောကြားတာ၊ အကြံပေးတာတွေပဲ လုပ်ကြပါတယ်။ ကိုက်ညီတာလဲ ရှိနိုင်ပါတယ်၊ မကိုက်ညီတာလဲ ရှိနိုင်ပါတယ်။ ဘာသာတရား ကိုးကွယ် ယုံကြည်မှုမှာတောင်မှ ဘုရားဟောဆိုတိုင်း အားလုံးက လက်ခံကြတာ မဟုတ်လို့ ဘာသာတရားတွေ အများအပြား ရှိနေကြတာပဲ ဖြစ်ပါတယ်။ ကိုယ်ယုံကြည်ရာ ကိုယ်ကိုးကွယ်ကြတာပဲ ဖြစ်ပါတယ်။
ပညာရှင်တွေဆိုတာကလဲ တန်ခိုးရှင်တွေမဟုတ်။ သူတို့တတ်သိထားတဲ့ အသိပညာ၊ အတတ်ပညာ လေးတွေကို အသုံးချပြီး လူ့လောကကြီးအတွက် အကျိုးကျေးဇူးရှိမယ်ထင်တဲ့ စာတမ်းလေးတွေကို ရေးကြ၊ သုတေသနလေးတွေကို လုပ်ကြရင်း ပျော်မွေ့နေသူတွေသာ ဖြစ်ပါတယ်။ လိုတာကိုယူပြီး၊ မလိုတာကို ပယ်ရုံပဲ ရှိပါတယ်။ အဖွဲ့အစည်းတွင်း ပဋ္ဋိပက္ခနဲ့ ပတ်သက်ပြီးတော့လဲ ဖြေရှင်းနိုင်မယ့် နည်းလမ်းငါးသွယ်ကို ပညာရှင်တွေက ဖော်ထုတ်ရေးသားခဲ့ကြပါတယ်။
အဖွဲ့တွင်း ပဋ္ဋိပက္ခဖြေရှင်းရေး နည်းလမ်းငါးသွယ်
အဖွဲ့အစည်းတခုအတွင်းမှာ ပဋ္ဋိပက္ခတွေ ပေါ်ထွက်လာတဲ့အခါ ခေါင်းဆောင်တွေအနေနဲ့ နည်းလမ်းငါးသွယ် သုံးပြီး ဖြေရှင်းနိုင်ကြောင်း ပညာရှင်တွေက ထောက်ပြပြောဆိုခဲ့ကြပါတယ်။ ပထမနည်းလမ်းကတော့ ပြဿနာဖြေရှင်းခြင်း (Problem solving) နည်းလမ်းပဲ ဖြစ်ပါတယ်။ ခေါင်းဆောင်တွေဟာ ပြဿနာကို စတင်ဖြစ်ပွားစေတဲ့ အကြောင်းအချက်တွေ၊ မီးပွားကို မီးတောက်ဖြစ်အောင် တွန်းတင်နေတဲ့ လူတွေနဲ့ သတင်းအချက်အလက်တွေ၊ ပြင်ပ တွန်းအားနဲ့ ဖိအားတွေကို အရင်လေ့လာပြီးတော့မှ ဒါတွေကို ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲဆိုတာကို စဉ်းစားဖို့ဖြစ်ပါတယ်။ ဒီနည်းလမ်းဟာ ကောင်းမွန်ပေမယ့် အချိန်အလွန်ကြာတာကြောင့် အရေးပေါ် အခြေအနေတွေမှာ ဒီနည်းလမ်းကို စနစ်တကျ အသုံးပြုနိုင်ဖို့ အချိန် နည်းပါးတတ်ပါတယ်။
နောက်ထပ်နည်းလမ်းတခုကတော့ Superordinate Goals များ ချမှတ်မှုပဲ ဖြစ်ပါတယ်။ အရမ်းတန်ဖိုးရှိပြီး လူတဦးတယောက်တည်း၊ တစုတည်းက မဖော်ဆောင်နိုင်ပဲ အများက ပူးပေါင်းဆောင်ရွက်ရမယ့် ရည်မှန်းချက်တွေ ချမှတ်ဖို့ ဖြစ်ပါတယ်။ ဒီရည်မှန်းချက်တွေ ချမှတ်ပြီးတဲ့ အခါကျမှ “တို့အားလုံးဟာ ဒီရည်မှန်းချက်တွေကို အတူတူ အကောင်အထည်ဖော်ရမယ့် သူတွေဖြစ်တယ်။ ဒါကြောင့် ကွဲပြားခြားနားမှုတွေကို မေ့လိုက်ပြီး ဒီရည်မှန်းချက်တွေကို ဦးတည်ဆောင်ရွက်ကြဖို့ တိုက်တွန်းတာ ဖြစ်ပါတယ်။ ဒီနည်းလမ်းက ကောင်းမွန်ပေမယ့် ပြဿနာအရင်းခံကို ဖြေရှင်းထားတာ မဟုတ်တဲ့အတွက် ပဋ္ဋိပက္ခတွေက အချိန်မရွေး ပြန်ပြီး ပေါ်လာနိုင်ပါတယ်။ ဒါပေမယ့်လဲ ရေတိုပြဿနာ ဖြေရှင်းနည်း အတွက်တော့ အလွန်ပဲ အသုံးဝင်ပါတယ်။
နောက်ထပ်နည်းလမ်းတခုကတော့ အပေးအယူပြုလုပ်ခြင်း (compromise) လုပ်တဲ့ နည်းလမ်းပါ။ ဒီနည်းလမ်းမျိုးက ပဋ္ဋိပက္ခဖြစ်တဲ့ နှစ်ဘက်စလုံးက နိုင်သလို၊ နှစ်ဘက်စလုံးလဲ ရှုံးပါတယ်။ ညှိနှိုင်းမှုနဲ့ အပေးအယူပြုမှုပေါ်မှာ အခြေခံထားတာ ဖြစ်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ ဒါပေမယ့်လဲ တကယ် မှန်ကန်လျော်ညီတဲ့ အပေးအယူ ဖြစ်ဖို့ လိုအပ်ပါတယ်။ အပေးအယူဆိုတာမှာကလဲ လုပ်လို့ရတာ ရှိပါတယ်။ လုပ်လို့ မရတာလဲ ရှိပါတယ်။ အပေးအယူဆိုတဲ့ စကားလုံးကို သုံးပြီး တဘက်စောင်းနင်း အနိုင်ယူတာ မခံရအောင်ကလဲ သတိရှိဖို့ လိုအပ်ပါသေးတယ်။ ဒီနည်းလမ်းဟာ ရေရှည်မှာ အပြန်အလှန် ယုံကြည်မှု တည်ဆောက်ရေးအတွက် အသုံးဝင်တာမှန်ပေမယ့် ရေတိုအရေးပေါ် ဆုံးဖြတ်ချက်တွေ ချမှတ်ရတဲ့အခါမှာတော့ မလျော်ကန်လှပါဘူး။
နောက်ထပ်နည်းလမ်းတခုကတော့ ပြေလည်ချောမွေ့စေခြင်း (smoothing) နည်းလမ်းပဲ ဖြစ်ပါတယ်။ ခေါင်းဆောင်တွေအနေနဲ့ “အားလုံး စိတ်ခံစားမှုတွေကို လျှော့ချကြဖို့၊ မုန်တိုင်းထန်နေတုန်းမှာ လှေကို မလှုပ်ခါကြဖို့” ပြောကြားပြီး ထိန်းထိန်းသိမ်းသိမ်း လုပ်တဲ့ နည်းလမ်းပါ။ ဒီနည်းလမ်းက ပဋ္ဋိပက္ခအပြင်းထန်ဆုံး ဖြစ်နေတဲ့ အခြေအနေမှာ ယာယီ ထိန်းသိမ်းနိုင်ပေမယ့် အချိန်အကန့်အသတ်နဲ့ ဆုံးဖြတ်ချက် ချမှတ်ရမှုတွေ၊ ရေရှည်စီမံချက်ချမှတ်ရမှုတွေမှာတော့ အသုံးသိပ်မ၀င်ပါဘူး။
နောက်ထပ်နည်းလမ်းတခုကတော့ အင်အားသုံးဖြေရှင်းခြင်း (Forcing) နည်းလမ်းပဲ ဖြစ်ပါတယ်။ အချိန်အကန့်အသတ်အပေါ်မှာ မူတည်ပြီး ဖြစ်လာတဲ့ ပဋ္ဋိပက္ခတွေ ဖြစ်လာတဲ့အခါ အခြားလူတွေက အကြံပေးနည်း၊ ဆန္ဒဖော်ထုတ်နည်း၊ တွန်းအားပေးနည်းတွေကို အသုံးပြုပြီး ပဋ္ဋိပက္ခဖြစ်နေတဲ့ နှစ်ဘက်စလုံးကို မှန်ကန်တဲ့ လမ်းကြောင်းနဲ့ အတွေးအခေါ်တွေဆီကို တွန်းတင်ပေးမှုပါ။ ဒါကို လုပ်တဲ့အခါ ကြားဝင်ပေးသူတွေရဲ့ ကိုယ်ကျင့်တရား၊ ဂုဏ်သိက္ခာ၊ အင်အားတောင့်တင်းမှု၊ ရပ်တည်ချက်ဆိုတာတွေက အရေးပါပါတယ်။ သူများ ပြဿနာဖြစ်တာမှာ ကြားဝင်တိုင်းလဲ ကောင်းတာ မဟုတ်ပါ။ ရပ်ကွက်အဆင့်မှာ ရန်ဖြစ်တာကို ကြားဝင်မိပြီး ဓားထိုးခံရလို့ အသက်ဆုံးရှုံးသူတွေ ဒုနဲ့ ဒေးပါပဲ။ နိုင်ငံတကာ အဆင့်မှာလဲ သူများတွေ ဖြစ်သမျှ ၀င်ပြောနေလို့ ငပွကြီး ဖြစ်နေတဲ့ နိုင်ငံတွေလဲ ရှိတာပါပဲ။ မလိုအပ်ပဲ ဒီနည်းလမ်းကို သုံးလွန်းတာများရင် အဖွဲ့အစည်းတွေ အကြားမှာလဲ ငပွကြီးအမည်တွင်ကျန်တာလောက်ပဲ ဖြစ်မှာပဲ။ ပြဿနာနဲ့ ပတ်သက်ပြီး အကျိုးရှိစေနိုင်မယ့် အဆင့်ရှိမှ သူများကိစ္စမှာ ကြားဝင်ပါပြီး တွန်းအားပေးတဲ့ နည်းလမ်းတွေ သုံးလို့ရမှာ ဖြစ်ပါတယ်။
ဒီလို နည်းလမ်းငါးသွယ်ထဲက ဘယ်လို နည်းလမ်းတွေကို အသုံးပြုရင်ပဲဖြစ်ဖြစ် organization iceberg ဆိုတာကိုလဲ ထည့်သွင်းစဉ်းစားဖို့ လိုအပ်ပါတယ်။ အဖွဲ့အစည်းတွေမှာ မြင်သာထင်ရှားတဲ့ သွင်ပြင်လက္ခဏာ (Visible Features) တွေဖြစ်တဲ့ ရည်မှန်းချက်ပန်းတိုင်၊ မူဝါဒ၊ စီမံချက်၊ နည်းလမ်း၊ အလုပ်တာဝန်ခွဲဝေမှု၊ နည်းပညာ၊ အဖွဲ့တွင်းအာဏာနဲ့ ဆုံးဖြတ်လုပ်ပိုင်ခွင့်၊ ဆက်ဆံရေး လမ်းကြောင်း၊ လုပ်ဆောင်မှု စတာတွေ ရှိသလို၊ အတွင်းမှာပဲ ပုန်းကွယ်နေတဲ့ သွင်ပြင်လက္ခဏာ (Hidden Features) တွေဖြစ်တဲ့ အဖွဲ့ဝင်တွေရဲ့ အတွေးအခေါ်၊ အယူအဆ၊ ခံစားချက်၊ တန်ဖိုးထားမှု၊ အဖွဲ့တွင်းနိုင်ငံရေး၊ အုပ်စုဖွဲ့မှု၊ အုပ်စုချင်း ပဋ္ဋိပက္ခ၊ ခေါင်းဆောင်ချင်း ပဋ္ဋိပက္ခ၊ ဆက်ဆံရေး ပွင့်လင်းမှု မရှိခြင်း၊ အချင်းချင်း ပြိုင်ဆိုင်ဆွဲချခြင်း၊ ပြုမူဆောင်ရွက်မှုဆိုင်ရာ ပြဿနာများ၊ စာရိတ္တရေချိန် နိမ့်ပါးမှု၊ ကိုယ်ကျင့်တရားပျက်ယွင်းမှု စတာတွေ လဲ ရှိပါတယ်။ ဒါတွေကို ထည့်သွင်းစဉ်းစားဖို့ အလွန်ပဲ အရေးကြီးပါတယ်။ ဒါတွေကို မသိပဲ ဘယ်လိုအဖွဲ့အစည်းမျိုးရဲ့ ပဋ္ဋိပက္ခကိုမှ ပြေလည်အောင် ဖြေရှင်းနိုင်မည် မဟုတ်ပါ။
အဖွဲ့တွင်း ပဋ္ဋိပက္ခတွေကို ဒီနည်းလမ်းတွေနဲ့ ဖြေရှင်းပြီး အဖွဲ့အစည်းတရပ် မပြိုကွဲရေးကို ကြိုးပမ်းဖော်ဆောင်ကြတာတွေ ရှိပါတယ်။ ဒါပေမယ့်လဲ တခါတရံမှာ အဖွဲ့အစည်းတရပ်ဟာ ဘယ်လိုမှ ထိန်းကျောင်းလို့ မရတော့ပဲ ပြိုကို ပြိုကွဲတတ်တာတွေလဲ ရှိပါတယ်။
အဖွဲ့ပြိုကွဲမှုအား ထိန်းကျောင်းခြင်း
လောကမှာ အရာအားလုံးဟာ အချိန်အတိုင်းအတာ တခုအထိပဲ တည်မြဲခိုင်ခံ့ပါတယ်။ ဖြစ်ခြင်း၊ ပျက်ခြင်းဆိုတဲ့ သဘောတရားဟာ အရာအားလုံးအတွက် မှန်ကန်ပါတယ်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အဖွဲ့အစည်းဆိုတာကလဲ သတ္တ၀ါတွေ စုစည်းထားတာပဲ ဖြစ်တဲ့အတွက် တချိန်မှာ ပျက်စီးမှာ ပါပဲ။ ဖြစ်လိုက်ပျက်လိုက်၊ အောင်မြင်လိုက်၊ ဆုံးရှုံးလိုက်နှင့် လောကနိယာမကို ဘယ်သူမှ မတားဆီးနိုင်ပါ။ ရှိနေတုန်းသာ အတတ်နိုင်ဆုံးကောင်းအောင် ကြိုးပမ်းလုပ်ကြရမှာပါ။ ဘယ်လိုမှ မတားဆီးနိုင်တော့တဲ့ အဖွဲ့ပြိုကွဲမှုတွေကလဲ ဖြစ်လာတတ်ပါတယ်။
အဖွဲ့အစည်းတိုင်းမှာ ရပ်တည်ချက်၊ လမ်းစဉ် ရည်မှန်းချက် ပန်းတိုင်ဆိုတာတွေ ရှိပါတယ်။ ဒါတွေနဲ့ ပတ်သက်ပြီး အဖွဲ့တွင်းမှာ ကွဲလွဲမှု ဖြစ်လာပြီဆိုရင်တော့ အများသဘောဆန္ဒနဲ့အညီ မျှမျှတတ ဆုံးဖြတ်ချက် ချရင်ချ၊ မချနိုင်ရင်တော့ ရပ်တည်ချက် မတူသူတွေ လမ်းခွဲဖို့ပဲ ရှိပါတယ်။ လောကမှာ အပေးအယူနဲ့ ညှိနှိုင်းမှုတွေ ရှိရတယ်ဆိုတာမှန်ပေမယ့် ဘယ်လိုမှ ညှိနှိုင်းလို့၊ လျှော့ပေးလို့ မဖြစ်နိုင်တဲ့ အရာတွေလဲ ရှိပါတယ်။ ဥပမာ- မူးယစ်ဆေးဝါး ကုန်ကူးမယ်ဆိုတဲ့ လင်ယောက်ျားနဲ့ မူးယစ်ဆေးဝါးအန္တရာယ်ကို သိမြင်တဲ့ ဇနီးမယားနှစ်ယောက် ဘ၀ခရီးကို အတူဆက်လျှောက်လို့ မရပါ။ ဇနီးသည်က လင်ယောက်ျားကို မူးယစ်ဆေးဝါး ကုန်မကူးအောင် တားနိုင်ရင်တား၊ လင်ယောက်ျားက ဇနီးသည်ကို မူးယစ်ဆေးဝါးကုန်ကူးမှုကြောင့် ရနိုင်မယ့် အကျိုးအမြတ်တွေနဲက မက်လုံးပေးပြီး ဆွယ်နိုင်ရင်ဆွယ်ပြီး ညှိနှိုင်းကြဖို့ကတော့ ပထမအဆင့်ပါ။ ဒါမှ မရရင်တော့ လင်ယောက်ျားဖြစ်သူကလဲ သူ့ကိုယ်ကျိုးအတွက် သူလုပ်ချင်တဲ့ လမ်းကြောင်းကို ဆက်လုပ်ဖို့နဲ့ ဇနီးသည်ကလဲ တမျိုးသားလုံး အရေးအတွက် သူရှောင်ရမယ့် အန္တရာယ်ကို ရှောင်ဖို့ လမ်းခွဲကြရုံပဲ ရှိပါတယ်။ တယောက်က ကိုယ်ကျိုးစီးပွား၊ တယောက်က အမျိုးသားရေး ကို စဉ်းစားတဲ့ လူနှစ်ယောက်မှာ ဘုံရည်မှန်းချက်ဆိုတာ မရှိလာတော့တဲ့အတွက် မိသားစု မပြိုကွဲအောင် ထိန်းသိမ်းရေးဆိုတာကလဲ လုပ်လို့ မရတော့ပါ။ ဒါပေမယ့် မိသားစု တခုလုံး အစိတ်စိတ်၊ အမြွာမြွာ မပြိုကွဲအောင်တော့ ထိန်းကျောင်းကြရပါမယ်။ အဖခြေရာကို ဆက်နင်းမယ့် သားသမီးနဲ့ အမိခြေရာကို ဆက်နင်းမယ့် သားသမီးတွေကို မိဘနဲ့ အတူရှိနေဖို့တော့ ကြိုးပမ်းမှုတွေ လုပ်ရမှာ ဖြစ်ပါတယ်။
ဒီလိုပါပဲ။ အဖွဲ့အစည်းတွေ ပြိုကွဲတဲ့အခါမှာလဲ အစိတ်စိတ်အမြွာမြွာနဲ့ သူတလူငါတမင်း မဖြစ်ရလေအောင် ပြိုကွဲမှုကို စနစ်တကျ ထိန်းကျောင်းပေးဖို့ လိုပါတယ်။ နိုင်ငံရေးရာမှာ အာရှ၊ အာဖရိကနဲ့ လက်တင်အမေရိကက နိုင်ငံရေးအဖွဲ့အစည်းတွေဟာ ဥရောပ အဖွဲ့အစည်းတွေ ထက်စာရင် ပိုပြီး fragile ဖြစ်ပါတယ်။ ကွဲအက်လွယ်ပါတယ်။ ကိုလိုနီကျွန်စနစ်နဲ့ အာဏာရှင် ကျွန်စနစ်အောက်မှာ နှစ်ပေါင်းများစွာ နေလာကြရတာဖြစ်တဲ့အတွက် ကျွန်စိတ်က မျိုးဆက်တွေအလိုက် အသွေးထဲ အသားထဲမှာ နစ်ဝင်ပုန်းလျှိုးနေတတ်ပါတယ်။ ဒီကျွန်စိတ်က တော်ရုံတန်ရုံ အချိန်တွေမှာဆို မထွက်လာပါဘူး။ ဒါပေမယ့် နိုင်ငံအရေးအခြေအနေ အပြောင်းအလဲကာလတွေ၊ စစ်မက်သင့်တဲ့ ကာလတွေမှာဆို ထွက်ပေါ်လာတတ်ပါတယ်။
ကျွန်မတို့ မြန်မာ့နိုင်ငံရေး သမိုင်းမှာလဲ ဒီလိုကျွန်စိတ်တွေ ပေါ်ထွက်လာတတ်တဲ့ အခြေအနေလေးတွေ ရှိခဲ့ဖူးပါတယ်။ မြန်မာလူမျိုးတွေဟာ ကိုလိုနီလက်အောက်ခံ ကျွန်သဘောက် ဘ၀ မရောက်ခင်တုန်းက သက်ဦးဆံပိုင်ဘုရင်တွေရဲ့ တသွေးတသံ တမိန့်အောက်မှာ နေခဲ့ရပါတယ်။ လူမှုရေးကျင့်ဝတ်တွေအရ မိသားစုတွင်းမှာလဲ အာဏာရှင်စနစ်က အမြစ်တွယ်နေပါတယ်။ အိမ်တအိမ်မှာ ဖခင်ရဲ့ သြဇာနဲ့ သားသမီးရဲ့ ကိုယ်ပိုင်အတွေးအခေါ် ထိပ်တိုက်ဖြစ်လာခဲ့ရင် ဖခင်ရဲ့ အာဏာကို မလွန်ဆန်ရဲတော့ပါဘူး။ ရွာတရွာမှာ သူကြီးရဲ့ သြဇာအာဏာကို မလွန်ဆန်ရဲကြပါဘူး။ မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ ငုံ့ခံကြပါတယ်။ မတရားလုပ်ခံရရင်တောင် ဘ၀ကံအကြောင်းတရားပါလာလို့ ဆိုပြီးတော့ပဲ ဖြေသိမ့်တွေးတတ်ကြပါတယ်။
မခံနိုင်လွန်းမှသာ ယမ်းပုံမီးကျ ဒေါသအိုး ပေါက်ကွဲတတ်ကြတာပါ။ ဒါကလဲ ကောက်ရိုးမီးလို တခဏပဲ တောက်ပါတယ်။ အဲဒီလို လူ့အဖွဲ့အစည်းအတွင်းမှာ အမျိုးထိရင် မချိအောင်နာတဲ့ စိတ်ရင်းခံလေး တခုကတော့လဲ ရှိနေခဲ့ပါတယ်။ နယ်ချဲ့တွေ ကျူးကျော်လာတော့ ဒီစိတ်ရင်းခံနဲ့ ရဲရဲဝံ့ဝံ့ ဆန့်ကျင်တော်လှန်ကြတာပါပဲ။ ဒါပေမယ့် သူတို့ရဲ့ တော်လှန်ရေးစိတ်မှာ သက်ဦးဆံပိုင်ဘုရင်စနစ်က သွတ်သွင်းပေးထားတဲ့ ကျွန်စိတ်ကလဲ တွဲပါနေပါတယ်။ မင်းနေပြည်တော်က အမိန့်ပေးမှ၊ စစ်သူကြီးတွေက ဦးဆောင်မှဆိုတဲ့ ခေါင်းဆောင်တွေအပေါ် မှီခိုအားကိုးမှုက ရှိနေပြန်ပါတယ်။ ဒီကျွန်စိတ်တွေက ဘယ်လောက်တောင် လွှမ်းမိုးသွားလဲဆိုရင် မန္တလေး နေပြည်တော်ကို သေနတ်တချက်တောင်မဖောက်ရပဲ ဘုရင်ကို ကြက်လေး၊ ငှက်လေးလို နယ်ချဲ့ကျူးကျော်သူတွေက ဖမ်းနိုင်သွားတဲ့ အဆင့်အထိပါပဲ။
နယ်ချဲ့ကို ထိပ်တိုက်ရင်ဆိုင်လိုက်ရင် မိမိတို့ရဲ့ ရပ်တည်ရှင်သန်ခွင့်တွေ၊ ရာထူးတွေ ဆုံးရှုံးမှာ ကြောက်ကြတဲ့ နေပြည်တော်က သက်ကြီးရွယ်အို အဖိုးအိုများရဲ့ စကားကို ကာယ၊ ဥာဏ ပြည့်စုံတဲ့ တပ်မှူးဗိုလ်ပါ အပေါင်းက ကျွန်စိတ်နဲ့ နာခံခဲ့ကြပါတယ်။ စုဖုရားလတ်က “ဘိုးဘိုးတို့ ကြောက်ရင် ထမီဝတ်ထားကြပါလား။ စုဖုရား ကိုယ်တိုင် နန်းတွင်းသူတွေနဲ့ ထွက်ပြီး ခုခံမယ်” လို့ ပြောခဲ့ရတဲ့ အထိ မြန်မာ့သမိုင်းဟာ အကျည်းတန်ခဲ့ပါတယ်။ ကျွန်စိတ်မရှိလို့ သခင်စိတ်နဲ့ နယ်ချဲ့ကို တွန်းလှန်ခဲ့ကြတဲ့ မြန်မာတပ်မှူးအပေါင်းမှာလဲ မြန်မာမင်းနေပြည်တော်က အလိုတော်ရိ လက်ပါးစေတွေနဲ့ ကုလားဖြူ စစ်တပ်တွေကြောင့် အသက်အိုးအိမ် စည်းစိမ်တွေ ဆုံးရှုံးခဲ့ကြရပါတယ်။ သခင်စိတ်တွေ အညွန့်ချိုးခံခဲ့ရပါတယ်။
ဒီလိုနဲ့ နယ်ချဲ့ကျွန်ဘ၀မှာ နှစ်ပေါင်းများစွာနေခဲ့ရပြီး၊ အမျိုးသားရေးစိတ်ဓာတ်တွေ ပြန်ပြီး နိုးကြားလာချိန်ကြတော့လဲ မြန်မာတမျိုးသားလုံးကို ကိုယ်စားပြုနေတဲ့ ဂျီစီဘီအေ အသင်းကြီးဟာ နယ်ချဲ့ရဲ့ ရာထူး၊ အာဏာ မျက်စပစ်မှုဒဏ်ကို မခံနိုင်ပဲ အစိတ်စိတ်အမြွာမြွာ ကွဲခဲ့ရပြန်ပါတယ်။ ခေါင်းဆောင်ကြီးတွေဆီမှာ ကျွန်စိတ်တွေ ပေါ်လာပြန်ပြီး၊ နယ်ချဲ့ လက်အောက်ခံ အစိုးရရဲ့ အမတ်မင်းများ ဖြစ်ဖို့အရေး ကြိုးပမ်းပြီး လူထုကို မျက်စိလည်လာစေပြန်ပါတယ်။ “လူကြီးတွေ လုပ်တာဆိုရင် မှန်တယ်။ လူကြီးတွေကို ပြန်အာမခံနဲ့” ဆိုတဲ့ ထုံးတမ်းစဉ်လာတွေအကြားမှာ ကိုယ်ပိုင်အတွေးအခေါ်၊ အယူအဆ၊ ဦးဆောင်နိုင်မှု အရည်အချင်းတွေကို သင်းကွပ်ခံထားရ သူတွေကလဲ “တောင်ကျရေ၊ နွားနှစ်ကောင်မ၀သလိုပ၊ မောင်ဘဘေ ငါးထောင်မရသော်ကြောင့်” ဆိုတဲ့ ဆရာကြီး သခင်ကိုယ်တော်မှိုင်း စာထဲကလို ကျွန်စိတ်နဲ့ အမတ်ရူးရူးနေကြတဲ့ ခေါင်းဆောင်ကြီးများကို ထောက်ခံကြပြန်ပါတော့တယ်။
အမျိုးသားရေးစိတ်၊ သခင်စိတ်ရှိတဲ့ သခင်ဘသောင်း၊ သခင်အောင်ဆန်း၊ သခင်သန်းထွန်းတို့လို လူငယ်တွေသာ အဲဒီအချိန်တုန်းက မပေါ်ထွက်ခဲ့လျှင် မြန်မာပြည်ကြီးလဲ အိန္ဒိယအုပ်ချုပ်ခံ ပြည်နယ်တခုအနေနဲ့ ဖြစ်ကျန်ခဲ့မည်လားပင် မသိပါ။ ဒီလိုနဲ့ မြန်မာ့နိုင်ငံရေး သမိုင်းဆိုတာကလဲ မင်းလောင်းတွေ မျှော်လိုက်၊ ခေါင်းဆောင်တွေကို အားကိုးလိုက်၊ ဖောက်ပြန်တဲ့ ခေါင်းဆောင်တွေက နိုင်ငံရေးလှိုင်းလုံးတွေကို ပြန်ပုတ်ချလိုက်၊ ပြိုလိုက်ပျက်လိုက်၊ ကွဲလိုက်ပြဲလိုက်၊ အချင်းချင်းချလိုက်၊ မရှိတဲ့ အာဏာကို စိတ်ကူးနဲ့ ရူးပြီး လုလိုက်၊ အာဏာရှင်တွေဆီကို ကျွန်သွားခံလိုက်ဖြင့် နှစ်ပေါင်းများစွာ ကျွန်စိတ်များ စိမ့်ဝင်ပျံ့နှံ့နေခဲ့သော ကျွန်နိုင်ငံရေး သမိုင်းကြီးအဖြစ်သာ အဖတ်တင် ကျန်ရစ်ခဲ့ပါတော့တယ်။ နောက်ဆုံးကျတော့ မြန်မာအချင်းချင်း ကျွန်ပြန်ပြုတဲ့ စစ်ကျွန်ဘ၀ကို ရောက်ရှိသွားပါတယ်။
မြန်မာတင်မဟုတ်ပါ။ စိတ်ဓာတ်နဲ့ အတွေးအခေါ်များကို မပြင်ဆင်နိုင်သေးတဲ့ အာဖရိကနဲ့ လက်တင်အမေရိက နိုင်ငံတချို့တွေမှာလဲ ဒီလို ကျွန်နိုင်ငံရေး ခရီးကြမ်းကြီး ဆက်လှမ်းနေကြရဆဲပါ။ ကျွန်သံသရာကနေ ဖောက်ထွက်ဖို့ ကြိုးစားခဲ့ကြတဲ့ နိုင်ငံတွေမှာတော့ နိုင်ငံရေးအဖွဲ့အစည်းတွေထဲက အဖွဲ့ဝင်တွေဟာ သခင်စိတ်ကို မွေးထားခဲ့ကြပါတယ်။ နိုင်ငံရေးအကူးအပြောင်းကာလတွေမှာ ကျွန်စိတ်ဝင်နေသူတွေရဲ့ ကြိုးကိုင်ခြယ်လှယ်မှုကို လက်ခံလေ့မရှိကြပါဘူး။ အဖွဲ့အစည်းက တရားဝင် မြေပေါ် အဖွဲ့ ဖြစ်နေတဲ့အခါ ကျွန်ခံမယ့် ခေါင်းဆောင်တွေနဲ့ ကျွန်ပြုမယ့်သူတွေက တသားတည်း ဖြစ်သွားတတ်ပါတယ်။ ကျွန်ခံမယ့် ခေါင်းဆောင်တွေရဲ့ အာဏာကို ဖီဆန်တဲ့ သခင်စိတ်ရှိတဲ့ အဖွဲ့ဝင်တွေကို ကျွန်ပြုမယ့်လူတွေက ၀င်ပြီး နှိပ်ကွပ်ဖမ်းဆီးလေ့ရှိကြပါတယ်။ အဲဒီလိုအခါမျိုးမှာ နိုင်ငံရေး အဖွဲ့အစည်းဟာ ကျွန်ခံမယ့် ခေါင်းဆောင်တွေလက်ထဲကို လုံးလုံးလျားလျား ကျသွားပြီး၊ နောက်ထပ် အဖွဲ့အစည်းတရပ် ထပ်မထွက်လာမချင်း နိုင်ငံရေး သေတတ်ပါတယ်။
ဒီလိုတွေဖြစ်လာရင် တော်လှန်ရေး ကြာရှည်တတ်ပါတယ်။ ဒါကြောင့် သခင်စိတ်နဲ့ ခေါင်းဆောင်တွေ၊ သခင်စိတ်ရှိတဲ့ အဖွဲ့ဝင်တွေဟာ အဖွဲ့တွင်း ပဋ္ဋိပက္ခပြေလည်ရေးကို ဘယ်လိုမှ လုပ်လို့ မဖြစ်တော့ တဲ့အခါ အဖွဲ့ပြိုကွဲမှုကို စနစ်တကျ ထိန်းကျောင်းနိုင်ရေးအတွက် ကြိုးပမ်းကြရမှာဖြစ်ပါတယ်။ မြေပေါ်အဖွဲ့ဖြစ်ရင် မြေအောက်ဆင်းရပါမယ်။ မြေအောက်ဆင်းတဲ့အခါ စီအိုစီ ဖွဲ့စည်းရပါမယ်။ ဒီစီအိုစီရဲ့ ပြောရေးဆိုခွင့်ရှိသူ ရွေးထားရပါမယ်။ လူထုထဲကို လှေကားချပြီး လျှို့ဝှက်စည်းရုံးမှုတွေ လုပ်ရပါမယ်။
ဒီ ပြောရေးဆိုခွင့် ရှိသူဟာ ကျွန်စိတ်ရှိသူတွေက အဖွဲ့အစည်းအမည်ကို အလွဲသုံးစားလုပ်ပြီး ကျွန်သက်တမ်းရှည်ဖို့ ကြိုးပမ်းမှုတွေ၊ ကျွန်ပြုမယ့်သူတွေက ဒါကို အသုံးချပြီး လူထုကြီးရဲ့ သခင်စိတ်ကို ချိုးနှိမ်ဖို့ ကြိုးစားမှုတွေကို ကန့်ကွက်ဆန့်ကျင်ရပါမယ်။ နေရာဒေသအသီးသီးမှာ လူထုစည်းရုံးရေး အစုအဖွဲ့များ ဖွဲ့ထားပြီး မိမိတို့ရဲ့ မြေအောက်အဖွဲ့အစည်းနဲ့ ပြည်သူလူထုအကြား ကွင်းဆက်မပြတ်အောင် ကြိုးပမ်းရပါမယ်။ အဖွဲ့ကို တိုက်ပွဲဝင်အဖွဲ့အစည်း တရပ်အနေနဲ့ စနစ်တကျ ပြန်လည်ပြင်ဆင် တည်ဆောက်ပြီး ကျွန်စနစ် ဆန့်ကျင်ရေးတိုက်ပွဲကို လူထုကြီးနဲ့အတူ ပူးပေါင်းဆင်နွှဲရပါမယ်။ ကျွန်ပြုသူတွေရဲ့ အုပ်ချုပ်ရေးယန္တရား ပြိုကျတာနဲ့ ချက်ချင်းအစားထိုးနိုင်မယ့် ယာယီအုပ်ချုပ်ရေး ယန္တရားကို ပြင်ဆင်ထားရမှာ ဖြစ်ပါတယ်။
နိဂုံး
တဦးတယောက်တဲ့ ပိုတဲ့အခါ အစုအဖွဲ့ဆိုတာရှိလာပါတယ်။ အစုအဖွဲ့ဆိုတာရှိလာရင် ပဋ္ဋိပက္ခဆိုတာ ရှိလာပြန်ပါတယ်။ ပဋ္ဋိပက္ခဆိုတာရှိလာရင် ပြေလည်အောင် ဖြေရှင်းဖို့ စနစ်တကျ ကြိုးစားရမှာ ဖြစ်ပါတယ်။ ကြိုးစားနေရင်း မတူညီနိုင်တဲ့ ရပ်တည်ချက်၊ ယုံကြည်ချက်တွေကြောင့် ရှိပြီးသား အစုအဖွဲ့တွေ ပြန်ပြီး ပြိုကွဲတယ်ဆိုတာလဲ ရှိပါတယ်။ အဲဒီအခါမှာလဲ အစိတ်စိတ်၊ အမြွာမြွာ မဖြစ်ရလေအောင်၊ ရည်မှန်းချက်ပန်းတိုင်ကို ပြန်ပြီး အာရုံစိုက်နိုင်အောင် စနစ်တကျ ထိန်းကျောင်းမှုဆိုတာ ရှိလာရမှာ ဖြစ်ပါတယ်။ တွေဝေမှုဟာ လူပေါင်းများစွာရဲ့ ဘ၀တွေကို ရှင်ရက်နဲ့ သေစေနိုင်ပါတယ်။ နယ်ချဲ့ကျွန်၊ ဖက်ဆစ်ကျွန်၊ စစ်ကျွန် စတဲ့ ဘယ်လိုကျွန်စနစ်ပဲ ဖြစ်ဖြစ် လူတွေရဲ့ ကိုယ့်ကြမ္မာ ကိုယ်စီမံ ဖန်တီးခွင့်တွေ ပျောက်ဆုံးနေမှာပါပဲ။ လူတွေရဲ့ အနာဂတ်တွေေ၀၀ါးနေစေမှာပါပဲ။ မိမိထက် ဂုဏ်ကြီးဝါကြိး၊ အတွေ့အကြုံ ပိုများသူတွေရဲ့ ဆုံးဖြတ်ချက်တိုင်း မှန်ပါတယ်လို့ ဘယ်သူမှ မဆိုနိုင်ပါ။ ရေမြင့်မှသာ ကြာတင့်ပါတယ်။ တမျိုးသားလုံး စစ်ကျွန်ဘ၀က လွတ်မြောက်မှသာ လွတ်မြောက်ရေးအတွက် ကြိုးပမ်းတဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေရဲ့ ဂုဏ်သိက္ခာတွေ တက်လာမှာ ဖြစ်ပါတယ်။ စစ်ကျွန်ဘ၀ သက်ဆိုးရှည်ရေးကို ဖော်ဆောင်ပေးတဲ့ အဖွဲ့အစည်းတွေကို မလွဲသာလို့ ပုလ္လင်ပေါ် တင်ပေးထားရရင်တောင် လူထုရဲ့ မျက်လုံးထဲမှာတော့ ပလ္လင်ပေါ်က မျောက်တွေအဖြစ်သာ မြင်ယောင်နေမှာ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်ရှင်။
ခင်မမမျိုး (၂၄၊ ၃၊ ၂၀၁၀)
အညာနွေတမာမြေ
Saturday, April 10, 2010
အဖွဲ့တွင်း ပဋ္ဋိပက္ခများအား စီမံခန့်ခွဲခြင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment