အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးတဲ့ အာဇာနည်နေ့အခမ်းအနားကို ကျမတို့ မိတ္ထီလာမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဘယ်လိုဟန့်တားနှောက်ယှက်မှုတွေ ရှိနေပါစေ ၀တ်မပျက် ကျင်းပခဲ့ကြတာဖြစ်ပါတယ်။
အာဇာနည်ခေါင်းဆောင်ကြီးများဟာ အမိနိုင်ငံတော်ရဲ့ ကျေးဇူးရှင်ကြီးများ ဖြစ်ကြပါတယ်။ ကျမတို့ နိုင်ငံသူနိုင်ငံသား ပြည်သူလူထုကြီးက ကျေးဇူးရှင် အာဇာနည်ခေါင်းဆောင်ကြီးများကို ဘယ်တော့မှ မမေ့မလျော့ ဂုဏ်ပြု ကျေးဇူးဆပ်ရမယ်ဆိုတဲ့ အသိခံယူချက်နဲ့ ဒီလိုဝတ်မပျက် ကျင်းပခဲ့တာဖြစ်ပါတယ်။
နောက်တစ်ကြောင်းက ကျမတို့ရဲ့ လူငယ်တွေဟာ အာဇာနည်ခေါင်းဆောင်ကြီးများရဲ့ကောင်းမြတ်တဲ့ တိုင်းပြည်အကျိုးပြုမှုနဲ့ အလေ့အထများကို အတုယူရေးနဲ့ အမိနိုင်ငံတော်မှာ အာဇာနည်ခေါင်းဆောင်ကြီးများကဲ့သို့ နိုင်ငံ့ခေါင်းဆောင်ကြီးများ ပေါ်ထွန်းရေးတို့အတွက် ရည်ရွယ်ကျင်းပခြင်း ဖြစ်ပါတယ်။ ၂၀၁၀ ခုနှစ် ဇူလိုင်-၁၉ရက် (၆၃) ကြိမ်မြောက် အာဇာနည်နေ့အခမ်းအနားမှာ ကျမတို့ အမျိုးသားခေါင်းဆောင်ကြီး ဖခင်ဗိုလ်ချုပ်အောင်ဆန်းအကြောင်းကို တင်ပြလိုပါတယ်။
ကျမတို့တတွေ ဗိုလ်ချုပ်အကြောင်း သိရှိ ကြည်ညို လေးစားနေကြတာဟာ ကိုယ်ကျိုးမရှာ အလွန်ရိုးသားတဲ့ ကြည်ညိုဘွယ် ခေါင်းဆောင်ကြီးအဖြစ် တင်စားနေတာသာများပါတယ်။ မှန်ပါတယ်။ ဗိုလ်ချုပ်ဟာ ရိုးသားဖြောင့်မတ်သူ ကိုယ်ကျိုးမရှာ နိုင်ငံအကျိုးအတွက် ကိုယ်ကျိုးစွန့်လွှတ်တဲ့ ကြည်ညိုဘွယ် ခေါင်းဆောင်ကြီးပါ။ နိုင်ငံရေးဆိုတာက နိုင်ငံအတွင်းရှိ လူအပေါင်းတို့ရဲ့အရေးပါ။
ကိုယ်ကျိုးမလုပ်ဘဲ နိုင်ငံအတွင်းရှိ လူအပေါင်းတို့ရဲ့အရေး နိုင်ငံ့အရေးလုပ်တဲ့ ပုဂ္ဂိုလ်ကို နိုင်ငံရေးသမားလို့ ခေါ်ကြတာပါ။ ဗိုလ်ချုပ်ဟာ နိုင်ငံရေးသမားစစ်စစ်ဖြစ်ပါတယ်။ နိုင်ငံရေးသမားတိုင်း စံနမူနာ ယူကြရမှာဖြစ်ပါတယ်။ ဒါပေမဲ့ ဗိုလ်ချုပ်ကို အဲဒါလောက်ကလေး တင်စားကြည်ညိုနေတာနဲ့ မလုံလောက်ပါဘူး။
ဗိုလ်ချုပ်ဟာ ကျမတို့ မြန်မာနိုင်ငံတစ်မျိုးသားလုံးရဲ့ အမျိုးသားခေါင်းဆောင်ကြီးဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဘယ်တုံးကမှမပေါ်ပေါက်ဘူးသေးတဲ့ အလွန်လိမ္မာပါးနပ်တဲ့ နိုင်ငံရေးသုခမိန်ကြီးဖြစ်တယ်ဆိုတာ ကျမတို့ နားလည်ကြည်ညိုကြရမှာဖြစ်ပါတယ်။ ဒါမှ ပြည့်စုံလုံလောက်မယ်ထင်ပါတယ်။ အဲဒီလို လိမ္မာပါးနပ်တဲ့ နိုင်ငံရေးခေါင်းဆောင်ကြီးဖြစ်လို့ ဗိုလ်ချုပ်ဟာ နှစ်ပေါင်းရာကျော် ဆုံးရှုံးကျွန်ဖြစ်နေခဲ့ရတဲ့ နိုင်ငံတော်ကို လွတ်မြောက်အောင် လွတ်လပ်ရေး ရယူပေးနိုင်ခဲ့တဲ့ လွတ်လပ်ရေး ဗိသုကာကြီးဖြစ်ပါတယ်။
ကျွန်ဘ၀အတွင်းမှာ ၆-လက္မကျော် ဓါးလက်နက်ကိုင်ခွင့်မရတဲ့ အထဲက ဒီနေ့လိုခေတ်မှီဗမာ့တပ်မတော်ကြီး တည်ဆောက်ထူထောင်ပေးနိုင်ခဲ့တဲ့ တပ်မတော်ရဲ့ ဖခင်ကြီးလည်းဖြစ်ပါတယ်။
အမိနိုင်ငံအတွင်း မှီတင်းနေထိုင်ကြတဲ့ လူမျိုးပေါင်းစုံပြည်သူတွေဟာ ပဒေသရာဇ်စနစ်နဲ့ နယ်ချဲ့ရဲ့သွေးခွဲမှုကြောင့် ညီညွတ်ရေးပြိုကွဲနေတာကို တမျိုးသားလုံးသွေးစည်းညီညွတ်ရေးအတွက် စည်းရုံးပေးနိုင်ခဲ့တဲ့ မဟာအမျိုးသားစည်းရုံးရေးမှူးကြီး အမျိုးသားခေါင်းဆောင်ကြီးလည်းဖြစ်ပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်နဲ့ ပြည်ထောင်စုသမတမြန်မာနိုင်ငံတော်ရယ်လို့ - ဒီမို
ကရေစီနိုင်ငံတော် တည်ဆောက်နိုင်ခဲ့တဲ့ ဒီမိုကရေစီခေါင်းဆောင်ကြီးလည်းဖြစ်ပါတယ်။
ဒီလို အမိနိုင်ငံတော်ရဲ့ ကြီးလေးတဲ့တာဝန်တွေကို ပြီးမြောက်အောင် ထမ်းဆောင်နိုင်ခဲ့
တာဟာ အလွန်လိမ္မာ ပါးနပ် ကျွမ်းကျင် အမြော်အမြင် ကြီးတဲ့ နိုင်ငံရေးသုခမိန်ကြီး ဖြစ်လို့သာ ထမ်းဆောင်နိုင်တာ ဖြစ်ပါတယ်လို့ ကျမပြောလိုတာပါ။
ကျွမ်းကျင်လိမ္မာပါးနပ်တယ်လို့ ကျမသုံးနှုန်းတာက လှည့်ဖြားတတ်တဲ့ ပရိယာယ်ကြွယ်ဝ
တယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ ဗိုလ်ချုပ် ဒီတာဝန်တွေ ထမ်းဆောင်နိုင်ခဲ့တာဟာ အသက်
၃၂-နှစ် အတွင်းမှာဖြစ်ပါတယ်။ ကမ္ဘာမှာ အသက်အငယ်ဆုံး (Head of state ) နိုင်ငံခေါင်း
ဆောင် ဖြစ်တယ်လို့ သတ်မှတ်ကြတာပါ။
အာရှမှာ နေထွက်ဘုရင် အကြီးကျယ်ဆုံး ဂျပန်နိုင်ငံ ခေါင်းဆောင်ကြီးများနဲ့ နေမ၀င်အင်ပါယာပိုင်ရှင် ကမ္ဘာ့နိုင်ငံရေး ခေါင်းဆောင်ကြီးများ ဖြစ်ကြတဲ့ အင်္ဂလိပ်ဗြိတိသျှ ခေါင်းဆောင်ကြီးများနဲ့ တန်းတူရည်တူမဟုတ်။ ကျွန်နိုင်ငံငယ်ကလေးက ခေါင်းဆောင်ငယ်လေးတစ်ဦးအနေနဲ့ ဒီတာဝန်တွေကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်ခဲ့တဲ့ ဗိုလ်ချုပ်ရဲ့ အရည်အချင်းကို ဆိုလိုခြင်းဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံရေးခေါင်းဆောင်ကြီး ဂျဝါဟာလာပဏ္ဍစ်နေရူးက - “အောင်ဆန်းကျဆုံး
ရတာဟာ မြန်မာနိုင်ငံရဲ့ ဆုံးရှုံးမှုသာမက အာရှတိုက်ကြီးရဲ့ ဆုံးရှုံးမှုပါ” လို့ ဆိုပါတယ်။
ခေါင်းဆောင်ကြီးနေရူးက အာရှမှာ အားကိုးစရာဟာ ဗီယက်နမ် ခေါင်းဆောင်ကြီး ဟိုချီမင်း ၊
အင်ဒိုနီးရှားခေါင်းဆောင်ကြီး ဆူကာနိုနဲ့ ဗမာပြည်က အောင်ဆန်း (၃) ဦးရှိတဲ့အနက် သမ္မတ
ဟိုချီမင်း နဲ့ သမ္မတဆူကာနိုတို့က အသက်ကြီးရင့်နေပြီဖြစ်လို့ အောင်ဆန်းသာ အာရှရဲ့ အားကိုးရမဲ့ ခေါင်းဆောင်လို့ဆိုကြောင်း လေ့လာသိရှိရပါတယ်။
ကျမတို့နိုင်ငံ လွတ်လပ်ရေးရပြီးနောက် နိုင်ငံကို ခေါင်းဆောင်ခဲ့တဲ့ သူတွေဟာ သူတို့
အာဏာမြဲရေးအတွက် သူတို့လုပ်နေတာဟာ ဗိုလ်ချုပ်လမ်းစဉ်ပါလို့ လိမ်ညာခဲ့တဲ့ခေါင်းဆောင်
တွေလည်းရှိခဲ့ပါတယ်။ ဒီကနေ့မှာတော့ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့
သမိုင်းကို ဖျောက်ပစ်ဖို့ ရှေးရှေးတုန်းက သမိုင်းပြတိုက်ထဲမှာထားရမဲ့ ခေတ်မမှီ အရာမ၀င်
တော့တဲ့ ပဒေသရာဇ်ခေါင်းဆောင်တွေ၊ ခေါင်းဆောင်ဟောင်းများကို ပွဲထုတ် အစားထိုးရန်
လုပ်နေကြတာကိုလည်း တွေ့နိုင်ပါတယ်။
ဒီကနေ့ (၆၃) ကြိမ်မြောက် အာဇာနည်နေ့မှာ လူငယ်တွေကို ကျမတိုက်တွန်းလိုတာက
ကျမတို့ဖခင်ဗိုလ်ချုပ်ရဲ့ အထုပ္ပတ္တိများနဲ့ ဗိုလ်ချုပ်ရဲ့ မှန်ကန်တဲ့ အတွေး၊ မှန်ကန်တဲ့ အမြင်၊
မှန်ကန်တဲ့ မိန့်မှာစကား - ရေးသားမှုများ၊ မှန်ကန်တဲ့ အပြုအမူနဲ့ မှန်ကန်တဲ့ လုပ်ရပ်များကို
ရှာဖွေလေ့လာကြပါ၊ အတုယူကြပါ၊ ဗိုလ်ချုပ်လိုခေါင်းဆောင်မျိုး နိုင်ငံရေးသမားမျိုး ဖြစ်အောင်
ကြိုးစားကြပါလို့ ဆိုချင်ပါတယ်။
ဒီထက် တစ်ဆင့်တက်ပြီး တင်ပြလိုတာက ဗိုလ်ချုပ်အောင်ဆန်းအထုပ္ပတ္တိကို -
ပြည်တွင်းမှာရော၊ ပြည်ပမှာပါ ခေါင်းဆောင်တွေ၊ စာရေးဆရာတွေ၊ သမိုင်းဆရာတွေ၊
တစ်ဦးချင်း မြန်မာဘာသာ၊ အင်္ဂလိပ်ဘာသာတွေနဲ့ ရေးသားထားကြတာတွေ ရှိပါတယ်။
ဗိုလ်ချုပ်ကိုယ်တိုင် ရေးတာလည်းရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ရေးသားပြုစုထားတာ
လည်းရှိပါတယ်။
ဒါပေမဲ့ နိုင်ငံတော်က တစ်မျိုးသားလုံး လက်ခံရမဲ့ အထုပ္ပတ္တိရယ်လို့ မရှိသေး
ပါဘူး။ အဲဒါကြောင့် ဗိုလ်ချုပ်အောင်ဆန်း အထုပ္ပတ္တိ ပြုစုရေးကော်မရှင်တစ်ရပ် ဖွဲ့ပြီး အားလုံးစု
ပေါင်း တည်းဖြတ်ပြုစုသင့်ပါတယ်။ နောက်တစ်ခုက ဗိုလ်ချုပ်ရေးသားတဲ့ ဗိုလ်ချုပ်ပြောကြား
တဲ့ စာပေနဲ့မိန့်ခွန်းများကို ရှာဖွေစုဆောင်း တည်းဖြတ်ပြီး “အောင်ဆန်းလက်ရွေးစဉ်ကျမ်းများ”
ပြုစုရေးကော်မရှင် ဖွဲ့ပြီး ပြုစုထားသင့်ပါတယ်။
ဗိုလ်ချုပ်အောင်ဆန်း အထုပ္ပတ္တိ ပြုစုရေးနဲ့ “အောင်ဆန်းလက်ရွေးစဉ်ကျမ်းများ”
ပြုစုရေး တာဝန်ကို ကျမတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကြီးက တာဝန်ယူ ခေါင်းဆောင်
ဆော်သြ၍ ဖြစ်မြောက်အောင် ဆောင်ရွက်ကြပါလို့ ဒီကနေ့ (၆၃) ကြိမ်မြောက်
အာဇာနည်နေ့မှာ အဆိုပြု တင်ပြလိုက်ပါတယ်။
ဒေါ်မြင့်မြင့်အေး
အတွင်းရေးမှူး
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
မိတ္ထီလာ။
နောက်ဆုံးရ မြန်မာသတင်းများ
4 years ago
No comments:
Post a Comment