စစ်ကိုင်းတိုင်း ခန္တီးအကျဉ်းထောင်တွင် ထောင်ဒဏ် ၉ နှစ်ခွဲ ကျခံနေရသော လှိုင်သာယာ အန်အယ်လ်ဒီ လူမှုအထောက်အကူပြု အဖွဲ့ဝင် ဦးတင်ယုကို ဆေးကုသရန်ဆိုကာ ကလေးထောင်သို့ ရွှေ့ပြောင်းလိုက်ကြောင်း မိသားစုဝင်များကဆိုသည်။
သူသည် ခန္ဓာကိုယ် တခြမ်း လေဖြန်းခြင်းနှင့် အစာအိမ်ရောဂါ၊ မျက်စိဝေဒနာနှင့် လည်ပင်း ကျီးပေါင်းတက် ဝေဒနာများခံစားနေရသောကြောင့် ဇွန်လ ၂၄ ရက်တွင် ခန္တီးထောင်မှ ကလေးအကျဉ်းထောင်ဆေးရုံသို့ ပို့လိုက်ခြင်းဖြစ်ကြောင်း ယမန်နေ့က ထောင်ဝင်စာတွေ့ခဲ့သည့် ဇနီးသည်က ဆိုသည်။
“အသိတယောက်ကပြောတော့မှ ကလေးရောက်နေတယ်ကြားလို့ သွားတွေ့တာ။ ဆရာဝန်ကတော့ ကုပေးနေတာတော့ တွေ့တယ်။ ဘာမှတော့ အထွေအထူးမပြောဘူး။ ကျမလည်း အခုမှ ပြန်ရောက်တော့ အခြေအနေ စောင့်ကြည့်အုံးမယ်။ သေချာ ကုသပေးဖို့တို့ ထောင်ပြောင်းပေးဖို့တို့ကတော့ ပြောဖို့တွေ လုပ်ရအုံးမယ်” ဟု ဇနီးဖြစ်သူ ဒေါ်ခင်ဝင်းက ပြောသည်။
ဦးတင်ယုအတွက် ဆေးကုသခွင့်ကို လွန်ခဲ့သည့် မေလအတွင်းကတည်းက တင်ပြထားခဲ့သော်လည်း ယခုမှ ကလေးထောင်သို့ ပို့ဆောင်ကုသစေခြင်းနှင့် ခန္တီးနှင့် ကလေးဒေသများတွင် ငှက်ဖျားရောဂါ အန္တရာယ်လည်း ရှိနေသောကြောင့် ကျန်းမာရေးအတွက် စိုးရိမ်ကြောင်း သူကဆိုသည်။
ထောင်အာဏာပိုင်များက ဆေးကုသရန် ထောင်ပြောင်းသည်ဟုသာဆိုပြီး ဆေးကုသခွင့်ရက်ကုန်ဆုံးပါက ခန္တီးထောင်သို့ ပြန်ပြောင်းရန် တစုံတရာကိုမူ ပြောဆိုခြင်းမရှိဟု ဆိုသည်။
ကလေးထောင်သို့ ပြောင်းလာစဉ်က ဗကသ ကျောင်းသားခေါင်းဆောင် ကိုဒီငြိမ်းလင်းနှင့်အတူ လာခဲ့ခြင်းဖြစ်ပြီး ဟုမ္မလင်းတွင် လမ်းခွဲကာ ဒီငြိမ်းလင်းကို မျက်စိကုသရန် မုံရွာထောင်သို့ ပို့လိုက်ကြောင်းလည်း သိရသည်။
“အလာတုန်းက ထောင်က အထွက်မှာ သူက မျက်စိကလည်း ကောင်းကောင်းမမြင်၊ ခြေထောက်တဖက်ကလည်း ဆွဲနေလို့ လမ်းသိပ်မလျှောက်နိုင်ဘူး ဖြစ်နေတာကို ကားနဲ့အဝေးကြီးကို လမ်းလျှောက်ခိုင်းတယ်တဲ့။ ခန္တီးထောင်ပိုင်ကြီးက တယောက်ကို ငွေ၅ထောင်နဲ့ ကြက်ဥ ၁၀ လုံးဆိုပြီးပေးလိုက်တာလည်း သူတို့ မရဘူးပြောတယ်” ဟု ဇနီးဖြစ်သူကဆိုသည်။
ခန္တီးထောင်တွင်း နေထိုင်စဉ် ထောင်အာဏာပိုင်များနှင့် အထူးရဲတပ်ဖွဲ့က ထောင်မှ ပြန်လွတ်လျှင် နိုင်ငံရေး ဆက်လက်လုပ်မည်လားဟု မေးမြန်းမှုများလည်း ရှိကြောင်း သူကဆိုသည်။
သူကဆက်၍ “သူကတော့ မင်းတို့က လွှတ်မယ်ဆိုလည်း လက်မှတ်ထိုးခိုင်းမှာ။ လက်မှတ်မထိုးနိုင်ဘူး၊ မလွှတ်ချင်နေလို့ သူက ပြန်ပြောလိုက်တယ်လို့ ပြောပြတယ်” ဟု ပြောသည်။
ဦးတင်ယုသည် ၂၀၀၈ ခုနှစ် သြဂုတ်လအတွင်းက နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး ၀တ်ပြုဆုတောင်းပွဲ ပြုလုပ်၍ ဖမ်းဆီးခံခဲ့ရပြီး အင်းစိန်ထောင်တွင် ထောင်ဒဏ် ၉ နှစ်ခွဲ ချမှတ်ခံရရာမှ စစ်ကိုင်းတိုင်း ခန္တီးထောင်သို့ ရွှေ့ပြောင်းခဲ့ရခြင်းဖြစ်သည်။
သူ၏ သားဖြစ်သူ ကိုသန်းဇော်မြင့်သည်လည်း ၂၀၀၇ ခုနှစ် သြဂုတ် ၂၈ ရက်နေ့ ကုန်ဈေးနှုန်းကျဆင်းရေး လမ်းလျှောက်ဆန္ဒပြမှုတွင် ပါဝင်ခဲ့၍ ထောင်ဒဏ် ၉ နှစ်ခွဲဖြင့် သထုံထောင်တွင် အကျဉ်းကျခံနေရပြီး သွေးပေါင်ကျ ဝေဒနာနှင့် စစ်ကြောရေးကာလက ရိုက်နှက်မှုများကြောင့် ခါးနာဝေဒနာ ခံစားနေရကြောင်း မိခင်ဖြစ်သူက ပြောဆိုသည်။
ခန္တီးထောင်တွင် လူ့အခွင့်အရေးလှုပ်ရှားသူ မစုစုနွေး၊ ကုန်ဈေးနှုန်းကျဆင်းရေး လှုပ်ရှားသူ ကိုထင်ကျော်၊ ရှမ်းတိုင်းရင်းသားခေါင်းဆောင် တဦးဖြစ်သည့် ဗိုလ်ချုပ်စိုင်းဇေထင်၊ ကိုထင်ထူးအောင်စသည့် နိုင်ငံရေးအကျဉ်းသား ၁၀ ဦးကျော်ရှိနေသည်။
ကလေးအကျဉ်းထောင်တွင်လည်း ရွှေဝါရောင် သံဃလှုပ်ရှားမှု ဦးဆောင် ဆရာတော်တပါးဖြစ်သည့် အရှင်ဂမ္ဘီရ၊ ရှမ်းတိုင်းရင်းသားခေါင်းဆောင် စိုင်းညွန့်လွင်၊ ကိုအေးအောင်၊ ပျော်ဘွယ် ဦးအေးချို၊ တောင်ကုတ် ကိုမင်းအောင် စသည့် နိုင်ငံရေးအကျဉ်းသား ၂၀ နီးပါး ရှိနေသည်။
အညာနွေတမာမြေ
နောက်ဆုံးရ မြန်မာသတင်းများ
4 years ago
No comments:
Post a Comment