ကိုယ်တွင်း ကိုယ်ပ၊ စိတ်တွင်း စိတ်ပ ကုသိုလ်ဒါန
Shun Cai (စွင့်ချိုင်) ဆံပင်နှင့် အလှပြုပြင်ရေးမှ ၁၇.၇.၂၀၁၀ (စနေ) နေ့တွင် ပဉ္စအကြိမ်မြောက် အဖြစ်သို့ ရောက်ရှိလာခဲ့ပါပြီ ကိုဂျွန်ဆင် ဦးစီးပြီး ဆံသပညာရှင် (၃၀) ဦးတို့မှ နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ လုပ်အားပေး အသင်းသူ/သားများ၊ စေတနာရှင် အလှူရှင်များ၊ ပန်းချီသင်တန်း တတ်ရောက်နေကြသော မျိုးဆက်သစ် ကလေးငယ်များတို့အပြင် သုခကုသိုလ် ဖြစ်ဆေးခန်းသို့ လာရောက်ဆေးဝါး ကုသကြသော လူနာများ၊ လူနာရှင်များတို့အား ဆံပင်ညှပ်ခြင်း၊ ဆံပင်ဆေးဆိုးပေးခြင်း စသည်တို့ကို မိမိတို့ တတ်ကျွမ်းသော ပညာရပ်ဖြင့် တကိုယ်ရေ သန့်ရှင်းရေးအတွက် ကုသိုလ်ဒါန ပြုခဲ့ကြပါသည်။
အလုပ်မအားလပ်သည့် ဥက္ကဌ ဦးကျော်သူအားလည်း ကိုဂျွန်ဆင်နှင့် ဆံသပညာရှင်တို့မှ ရှုပ်ထွေးနေသော ဆံပင်တို့အား သပ်ရပ်မှုရှိစေရန် မေတ္တာထား၍ အချိန်လုကာ ပြုပြင်ဖန်တီး ပေးခဲ့ပါသည်။
လူမှုရေးသမားတို့မည်သည် ကိုယ်တွင်း ကိုယ်ပ၊ စိတ်တွင်း စိတ်ပ သန့်ရှင်းနေရန် လိုအပ်ပါသည် မဟုတ်ပါလော . . . . ။
ပြပွဲ ပြိုင်ပွဲအတွက် ပြင်ဆင်မှု
နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ မျိုးဆက်သစ် ကလေးငယ်များ၏ ပန်းချီသင်တန်း ဖွင့်လှစ် သင်ကြားခဲ့ရာ ယနေ့ ၁၇.၇.၂၀၁၀ (စနေ) နေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်) ရုံးချုပ်မှ မြောက်ဒဂုံမြို့နယ်တွင်းရှိ တိုင်တစ်ရာဘုန်းကြီးကျောင်းဝင်းအတွင်း ရှေးဟောင်းဆုတောင်းပြည့် ငါးမာရ်အောင် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအတွင်းနှင့် အနီးပါတ်ဝန်းကျင်ရှိ ကြာဖြူကန်တို့တွင် ပန်းချီဆရာကြီး ဦးဝင်းကြည်မှ ဦးဆောင်၍ Outdoor ရေဆေးရေးချက်များကို သွားရောက်ရေးဆွဲ သင်ကြားခဲ့ကြသည်။ နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူနှင့် အတွင်းရေးမှူး ဒေါ်သန်းမြင့်အောင်၊ ဘဏ္ဍာရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ရွှေဇီးကွက်တို့ သွားရောက်အားပေး ကြည့်ရှုကြသည်။
မျိုးဆက်သစ်ကလေးများသည် ပန်းချီပညာရပ်တွင် စိတ်ဝင်စားမှု၊ ကြိုးစားမှုတို့ကြောင့် တိုးတက်မှု ရှိလာသည်နှင့်အညီ မကြာမီ ပထမအကြိမ် ပန်းချီသင်တန်းဆင်းပွဲ ကျင်းပတော့မည်ဖြစ်ရာ နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူမှ ပန်းချီ ပြပွဲ ပြိုင်ပွဲတို့ကို သင်တန်းဆင်းပွဲတွင် ပူးတွဲ၍ ကျင်းပသွားမည် ဖြစ်ပါကြောင်း ပြောကြားပါသည်။
ပုံများကို ဦးကျော်သူမှပေးပို့ပေးသည်။ ကူးယူဖေါ်ပြပါက ရရှိသောနေရာ ဖေါ်ပြခြင်းအားဖြင့် အားပေးကူညီပါ
အညာနွေတမာမြေ
နောက်ဆုံးရ မြန်မာသတင်းများ
4 years ago
No comments:
Post a Comment