-->

Tuesday, July 13, 2010

ကလေးမြို့က တပ်ရင်းမှူးကတော်ရဲ့ ငွေတိုးချေးငှားမှု

စစ်ကိုင်းတိုင်း ကလေးမြို့ နယ်မြေခံတပ်ရင်း ခမရ ၃၆၃ က တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးမြင့်လွင်ရဲ့ ဇနီး ဒေါ်သီတာအောင်ဟာ ကလေးမြို့က စီးပွားရေးလုပ်ငန်းရှင် ၁၅ ယောက်လောက်ကို လွန်ခဲ့တဲ့ ၅ နှစ်လောက်က စပြီး သူတို့ပိုင်ငွေ သိန်း ၇၀၀ ကျော်ကို ငွေတိုးတွေ ချေးပေးခဲ့ပါတယ်။

ဒီလိုငွေချေးငှားတဲ့နေရာမှာ စာချုပ်အလွတ်တွေပေါ်မှာ ငွေချေးယူသူတွေက လက်မှတ်ထိုးပေးခဲ့ရတယ်လို့ ကာယကံရှင်တွေက ပြောပြပါတယ်။ သူတို့လုပ်ကိုင်ကြတဲ့ ငွေတိုးကတော့ ၆ ကျပ်တိုး၊ တဆယ်တိုးနဲ့ ၁၅ ကျပ်တိုးအထိတောင် ပါပါတယ်။ ငွေချေးယူသူတွေဟာ ငွေတိုးကို ဒီနေ့အထိ လစဉ်ပုံမှန် ပေးဆပ်နေခဲ့ပါတယ်။

ဒါပေမယ့် အခုမှ ရုတ်တရက် ဒေါ်သီတာအောင်က ငွေရင်းကို ပြန်တောင်းတဲ့အခါမှာ ချက်ခြင်း ပြန်မဆပ်နိုင်တာကြောင့် ငွေချေးယူထားတဲ့သူတွေထဲက တချို့ကို ပုဒ်မ ၄၂၀ လိမ်လည်မှု၊ ပုဒ်မ ၄၀၆ ယုံကြည်အပ်နှံထားမှုကို အလွဲသုံးစားလုပ်မှု တွေနဲ့ အရေးယူမယ်ဆိုပြီး လက်အောက်ငယ်သားရဲဘော်တွေနဲ့ လာရောက်ခြိမ်းခြောက်တာတွေ လုပ်နေတယ်လို့ ကာယကံရှင်တွေက ပြောပြပါတယ်။

လွန်ခဲ့တဲ့ ၅ နှစ်က ၆ ကျပ်တိုးနဲ့ သိန်း ၅၀ ချေးထားတဲ့ လုပ်ငန်းရှင် တယောက်ဆိုရင် ဒီနေ့အထိ ငွေတိုးပေးရတာ စုစုပေါင်းဟာ သိန်း ၁၈၀ ကျော်သွားပြီလို့ ပြောပြပါတယ်။

ငွေချေးယူထားတဲ့ စီးပွားရေး လုပ်ငန်းရှင်တွေဟာ စီးပွားရေး မပြေလည်တာကြောင့် ငွေရင်းကို ခွဲပြီး ဆပ်ပါ့မယ်လို့ ကတိပေးပေမယ်လည်း ခင်ပွန်းဖြစ်သူရဲ့ အာဏာကိုသုံးပြီး နယ်မြေခံရဲတွေကို အသုံးချ၊ အဓမ္မပြန်တောင်းယူနေတယ်လို့ ကာယကံရှင်တွေက ပြောပါတယ်။

ဒီလိုလုပ်တဲ့နေရာမှာ အမျိုးသမီးတယောက်ကိုဆိုရင် ရဲစခန်းကို ဆွဲခေါ်သွားပြီး နှစ်ပတ်တိတိ အချုပ်ခန်းထဲ ထည့်ထားတာမျိုးတွေ လုပ်တယ်လို့ သိရပါတယ်။

နှစ်ဦးနှစ်ဖက် သဘောတူလို့ ငွေတိုးချေးယူခဲ့ကြတာဖြစ်ပေမယ့် အခုလို ငွေရင်းကို ပြန်တောင်းတဲ့အခါမှာ ပြေပြေလည်လည် မရှိတဲ့အပြင် ခင်ပွန်းဖြစ်သူရဲ့အာဏာကို အလွဲသုံးစားလုပ်နေတာကြောင့် ကာယကံရှင်တွေက မကျေနပ်ကြဘူးလို့ ပြောပါတယ်။

ကာယကံရှင်တွေကတော့ လစဉ် ငွေတိုးဆပ်ထားတဲ့ အထောက်အထား စာရွက်စာတမ်းတွေ သူတို့လက်ဝယ်မှာရှိနေသလို ငွေရင်းကို ချက်ခြင်းပြန်မဆပ်နိုင်သေးတာကြောင့် အရစ်ကျ ဆပ်ပါ့မယ်လို့ ကမ်းလှမ်းခဲ့တာကို ဒေါ်သီတာအောင်ဖက်က တရားစွဲလာခဲ့ရင်တော့ တရားမျှတတဲ့ တရားဥပဒေရဲ့ ဆုံးဖြတ်ချက်အတိုင်း လိုက်နာသွားမယ်လို့ ပြောကြပါတယ်။

စစ်အစိုးရရဲ့ တပ်မတော်အတွင်းက အခြားသော အရံ၊ အကြပ်၊ စစ်သည်၊ ရဲဘော်တွေဟာ ဆင်းရဲမွဲတေစွာနဲ့ ရုန်းကန်နေရချိန်မှာ ဒီလို တပ်ရင်းမှူးတယောက်အနေနဲ့ သူပိုင်ငွေ သိန်း ၇၀၀ ရှိနေတာဟာ မတော်လောဘကြောင့်ရထားတဲ့ငွေတွေဖြစ်ပြီး သူဟာ ကလေးနယ်မြေခံ အာဏာပိုင်တွေနဲ့ပေါင်းပြီး ဒေသထွက် သစ်တွေကို သူ့မိန်းမရဲ့ဇာတိ မြင်းမူမြို့ကို မှောင်ခို ခိုးထုတ်ရောင်းချနေကြောင့်ပဲဖြစ်တယ်လို့ ဒေသခံတွေက ပြောပြကြပါတယ်။

ဒီငွေ သိန်း ၇၀၀ ဆိုတာ အခုလို ငွေတိုးအရှုပ်အရှင်းတွေဖြစ်လာမှ လူသိရှင်ကြားဖြစ်လာတဲ့ ငွေအရေအတွက်ပဲ ရှိပါသေးတယ်။ တခြား လူမသိတဲ့ ငွေကြေးတွေလည်း ရှိနေအုံးမှာပါပဲ။ ဒီလို တပ်ရင်းမှူးတယောက်တောင် ဒီလောက် ငွေကြေးချမ်းသာနေရင် အခြားသော ရာထူးအထက်အဆင့်ဆင့်ဖြစ်တဲ့ တိုင်းမှူးတို့ ၀န်ကြီးတို့ဆိုရင် ဘယ်လောက် ချမ်းသာမလဲဆိုတာ ဒီအဖြစ်အပျက်ကနေ ခန့်မှန်းကြည့်လို့ရပါတယ်။

ဒါကြောင့် ဒီငွေကြေးအဆိပ်တွေနဲ့ အာဏာကို ရူးမယ်ဆိုလည်း ရူးလောက်ပါပေတယ်။Rest of your postအညာနွေတမာမြေ

No comments: