လွန်ခဲ့တဲ့ ဧပြီလက နေပြည်တော်မှာ နေထိုင်တဲ့ ပို့ဆောင်ရေးဝန်ကြီး ဗိုလ်ချုပ် သိန်းဆွေ၊ ဘဏ္ဍာရေးနဲ့အခွန်ဝန်ကြီး ဗိုလ်ချုပ်လှထွန်း၊ စီးပွားရေးနဲ့ကုန်သွယ် ရေးဝန်ကြီး ဗိုလ်ချုပ်စောထွန်းတို့ အိမ်တွေကို အလုပ်သမားတွေကုဆေးသုတ်ပေးခဲ့တဲ့ လုပ်အားခလစာတွေကို ဧဒင် ပြည်သူ့ဆောက် လုပ်ရေးကုမ္ပဏီ ကန်ထရိုက်တာက မပေးဘဲထားတာကြောင့် အလုပ်သမားအရေးဆောင်ရွက်နေတဲ့ ရှေ့နေဦးဖိုးဖြူထံကို အလုပ်သမားတွေက တိုင်ကြားခဲ့ပါတယ်။
ဒီကိစ္စအတွက် ဧဒင်ကုမ္ပဏီက ကန်ထရိုက်တာ ဦးထွန်းဝေဆီကို အလုပ်သမား၁၅ဦးရဲ့လုပ်အားခ တဦးလျှင် ၆သောင်း ၃ထောင် ခန့်ရရှိဖို့ သြဂုတ်လ ၄ ရက်နေ့က သွားရောက်ညှိနိုင်းရာမှာ ကိုဖိုးဖြူကို ဦးထွန်းဝေရဲ့ တပည့်တဦးက ထိုးကြိတ်ခဲ့တဲ့အတွက် ကိုဖိုးဖြူမျက်နှာမှာ ဖူးယောင်သွားပါတယ်။
အဲဒီလိုထိုးကြိတ်ခံရပြီးတဲ့နောက်မှာတော့် ၀ါဏိဇ္စပဋိပက္ခရုံးနဲ့ အလုပ်သမားဖြေရှင်းရေး ကြီးကြပ်ရေးကော်မတီက ညှိနိုင်းပေးတဲ့အတွက် အလုပ်သမားတွေရဲ့ လစာတွေအပြည့်အ၀ရရှိခဲ့တဲ့အကြောင်း ရှေ့နေကိုဖိုးဖြူကပြောပါတယ်။
" ကျနော်အထိုးခံရတာကိုတော့ သက်ဆိုင်ရာက အမှုဖွင့်မပေးဘူး နေပြည်တော်တာဝန်ရှိသူတွေက အလုပ်သမားတွေကိစ္စကို ညတွင်းခြင်းပဲ ခေါ်ယူစစ်ဆေးပြီး နောက်နေ့မှာ ၀ါဏိဇ္စပဋိပက္ခရုံးကနေ အလုပ်သမားတွေရဲ့ လခတွေကိုတော့ ဖြေရှင်းပေးလိုက်တယ်"
အခုဆက်ပြီးတော့လည်း သူတို့အဖွဲ့အနေနဲ့ အလုပ်သမားအရေးတွေကို ကူညီဖြေရှင်းပေးတဲ့အနေနဲ့ အလုပ်ရှင်ရဲ့ခေါင်းပုံဖြတ်ခံနေရတဲ့ရွှေပြည်သာစက်ရုံတရုံက အလုပ်သမားတွေအရေးကို ဆက်လက်ကူညီနေတယ်လို့ ပြောပါတယ်။ သူတို့အဖွဲ့အနေနဲ့ ရှေ့ဆက်ပြီးတော့လည်း အလုပ်သမားအရေး၊ လယ်သမားအရေးနဲ့ ကလေးစစ်သားအရေးတွေကို အိုင်အယ်လ်အိုနဲ့ပူးပေါင်းဖြေရှင်းသွားမဲ့အကြောင်းကို ရှေ့နေကိုဖိုးဖြူ ဆက်ပြောတာကတော့
"အလုပ်သမားအရေးဖြစ်ဖြစ် လူ့အခွင့်အရေးဖြစ်ဖြစ် တိုင်ချင်တယ်ဆိုရင် ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် ၅၆ ရပ်ကွက် အမှတ် ၂ ရွေစင်လမ်းမှာရှိတဲ့ အလုပ်သမားရေးဆောင်ရွက်သူ ဦးအေး နေအိမ်မှာ တိုင်ချင်တဲ့သူတွေအနေနဲ့ ဆက်သွယ်နိုင်ပါတယ်။ ကျနော်ကိုဖိုးဖြူကိုယ်တိုင် ဥပဒေအကြံပေးအဖြစ် ဆောင်ရွက်ကူညီနေပါတယ်" ဟု ပြောသွားသည်။
သူတို့ရဲ့ အလုပ်သမားလယ်သမားကူညီရေးအဖွဲ့ကို ဥပဒေအကြံပေးအဖြစ် ရှေ့နေကိုဖိုးဖြူ၊ တာဝန်ခံဦမျိုးချစ်၊ ဦးအေးကြည်၊ ဦးတွမ်၊ ဦးအေးနဲ့ ဦးညွန့်တို့က အစဉ်တစိုက် ကူညီဆောင်ရွက်သွားမှာဖြစ်တဲ့အကြောင်း သိရပါတယ်။

အညာနွေတမာမြေ
No comments:
Post a Comment