မကွေးတိုင်း စလင်းမြို့နယ် မြောင်းကောက်ကျေးရွာ ဥက္ကဌ က အာဏာအလွဲသုံးစားလုပ်ပြီး ကျေးရွာလူထုကို နိုင်ထက်စီးနင်းတွေလုပ်နေတာကို မြို့နယ်ကို တိုင်ကြားတဲ့အခါမှာ အရေးမယူပေးတဲ့အပြင် ရွာလူထုကို ဖိအားပေး ခြိမ်းခြောက်မှုတွေ လုပ်နေတယ်လို့ ရွာခံတွေက ပြောပြပါတယ်။
ကျေးရွာပိုင် ပစ္စည်းတွေကို သူ့ပိုင်အဖြစ်သိမ်းတာတွေ၊ ကျေးရွာပိုင်လယ်မြေတွေကို သီးစားခအဖြစ်ငှားရမ်းထားခရငွေ ၆သိန်းနဲ့ စာသင်ကျောင်းအတွင်းက နှစ်စဉ်သရက်သီး ရောင်းရငွေ ၃ နှစ်စာ ၉သိန်းကို စာရင်းရှင်းမပေးပဲ ကိုယ်ကျိုးသုံးစွဲထားတယ်ဆိုပြီး ရွာခံများက မကျေမနပ်ဖြစ်နေကြပါတယ်။
`မြေထုရေထုကို သူပိုင်တယ်၊ သူလုပ်ချင်ရာလုပ်မယ်ဆိုပြီးပြောတယ်။ မယကကို သွားတိုင်တာလည်း သုံးလေးခါရှိပြီ။ ဇူလိုင် ၁၇ ရက်နေ့က မယက ဥက္ကဌ ဦးလှထွဋ် နဲ့မြို့နယ်မှုး ဦးသိန်းအောင် တို့ဆီမှာ နောက်ဆုံးသွားတိုင်တော့ ဘာမှ မလုပ်ပေးတဲ့အပြင် နောက်လာမတိုင်နဲ့ဆိုပြီး ခြိမ်းခြောက်လွှတ်တယ်´ လို့ ရွာခံတဦးက ပြောပြပါတယ်။
ကျေးရွာပိုင် ဓမ္မာရုံ ပြင်ဆင်ဆောက်လုပ်ဖို့ အလှူငွေတွေ ကောက်တဲ့အခါ အလှူငွေ သိန်း ၅၀ ကျော်ရတာကို စာရင်းမရှင်းပေးတဲ့အပြင် ဓမ္မာရုံ ဆောက်ပြီးတဲ့အခါမှာလည်း အလှူရှင်တွေနာမည်ကို ကဗ္ဗည်းထိုးမပေးတာကြောင့် ရွာခံတွေက မကျေမနပ်ဖြစ်နေကြပါတယ်။ အရင်က ရှိခဲ့တဲ့ ကာလသားအဖွဲ့ကိုလည်း ဖျက်သိမ်းပြီး ကျေးရွာပိုင် ပစ္စည်းတွေကို အတင်းသိမ်းယူတဲ့အတွက် မကျေနပ်ဖြစ်ပုံကိုလည်း အဆိုပါ ရွာသားက
"ဟိုးအရင်ကတည်းက ရှိခဲ့တဲ့ ကျေးရွာ ကာလသားအဖွဲ့ကိုဗျာ ဖျက်ပြစ်ပြီး သူ့စိတ်တိုင်းကျဖွဲ့တယ်
ကာလသားပိုင် ရွာဘုံပိုင်ပစ္စည်းတွေကို သိမ်းတယ်။ စာသင်ကျောင်းဝိုင်းထဲက သရက်ပင်တွေက် တနှစ် သုံးသိန်းရတယ်ဗျာ သုံးနှစ်စာကို ဘာမှကျောင်းအတွက်မလုပ်ပဲ စာရင်းလည်းရှင်းမပေးဘူး '
လို့ပြောပြပါတယ်။
အဆိုပါ ကိစ္စတွေကို မယက ဥက္ကဌက ဖြေရှင်းမပေးတဲ့အတွက် မြောင်းကောက်ရွာသူရွာသားတွေဟာ ဘယ်ကိုဆက်လက်တိုင်ကြားရမှန်းမသိဖြစ်နေပါတယ်။ ဒေသခံ ရွာသားတွေကတော့ အာဏာအလွဲသုံးစားလုပ်နေတဲ့ ဥက္ကဌကို အလိုမရှိတဲ့အပြင် တရားမျှတမှုဖြစ်စေချင်တယ်လို့ပြောနေကြပါတယ်။
နောက်ဆုံးရ မြန်မာသတင်းများ
4 years ago
No comments:
Post a Comment