ဘာရည်ရွယ်ချက် ရှိသလဲတော့ မပြောတတ်ပါဘူး။ တပ်တွင်းက နေရာချထားရေး သတင်းတွေကို (နအဖ) စစ်အစိုးရက တိတိကျကျ ရှင်းရှင်းလင်းလင်း ထုတ်ပြန်တာ မရှိပါဘူး။
အပြောင်းအလဲရှိတယ်ဆိုရင် ပထမဦးစွာ ကောလဟလလိုလိုနဲ့ သတင်းတွေထွက်လာတာကနေ စတာပဲ။ နောက်တော့မှ သတင်း စာထဲမှာ အဲဒီအပြောင်းအလဲတွေကို လက်တွေ့သိကြရတယ်။ (နအဖ) စစ်အုပ်စုရဲ့ လုပ်နည်းလုပ်ဟန်တစ်ခုလို့ပဲ မှတ်သားထားရမှာပါ။
သြဂုတ်လနှောင်းပိုင်းမှာစပြီး တပ်ထဲက အပြောင်းအလဲသတင်းတွေ ကြားလာရပါတယ်။ ဒါတွေကို ဘယ်သူကမှ သီးခြားအတည် ပြုပေးနိုင်ခြင်းမရှိပါဘူး။
ဒါပေမယ့် ပထမဦးစွာ သတိထားမိတာက သြဂုတ်လ ၂၇ ရက်နေ့သတင်းစာမှာ (ရမခ)/ (နပခ)/(လပခ) တိုင်းမှူးတွေ ရဲ့ သတင်း တွေဖေါ်ပြပါရှိခဲ့ပေမယ့်။ သြဂုတ်လ (၂၈/၂၉) ရက်နေ့သတင်းစာတွေမှာတော့ တိုင်းမှူးတွေ သတင်းဖေါ်ပြခြင်းမရှိပါဘူး။ အဲဒီရက်ပိုင်းတွေမှာ တပ်တွင်း အပြောင်းအလဲသတင်းတွေကို မီဒီယာတွေအားလုံးလောက်က ဖေါ်ထုတ်နေပါပြီ။
တဖန် သြဂုတ်လ (၃၀)ရက်နေ့ သတင်းစာမှာတော့ (နပခ)တိုင်းမှူး ရခိုင်ပြည်နယ်၊ သယု(ပဲပဒိုင်) ကြိုးတံတားဖွင့်ပွဲ တက်ရောက်တဲ့သတင်း ဖေါ်ပြထားပြန်ပါတယ်။
သြဂုတ်လ (၃၁) ရက်သတင်းစာမှာတော့ ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်မှူးချုပ်ထွန်းသန်း သတင်းစတင်ဖေါ်ပြပါရှိလာပါ တယ်။ ဒီသတင်းဟာ ပြင်ပမီဒီယာတွေကနေ ကြားသိနေရတဲ့ တပ်တွင်း အပြောင်းအလဲသတင်းတွေကို စတင် အတည်ပြုလိုက်ပေးလိုက်တာလို့ ပြောနိုင်မယ်ထင်ပါတယ်။ ရန်ကုန်တိုင်းစစ်ဌာနချုပ် ယခင်တိုင်းမှူးဟာ ဗိုလ်ချုပ်ဝင်းမြင့် ဖြစ်ပါတယ်။
တိုင်းမှူးအသစ်အဖြစ် စတင်တာဝန်ယူစဉ်မှာတော့ “ဗိုလ်မှူးချုပ်” အဆင့်နဲ့ပါပဲ။ သိပ်မကြာမြင့်လှတဲ့ ကာလတစ်ခုရောက်တဲ့အခါ “ဗိုလ်ချုပ်” အဆင့်သို့တိုးသွားလေ့ရှိပါတယ်။
စစ်တိုင်းဌာနချုပ် (၁၃) ခုရှိတဲ့အနက် နေ့စဉ်ထုတ် သတင်းစာမှာဖေါ်ပြထားတဲ့ သတင်းတွေအရ (စက်တင်ဘာလ ၁၅) ရက်နေ့ အထိ (ရမခ)၊(ကမ်းရိုးတန်းဒေသတိုင်း) စစ်တိုင်းဌာနချုပ်(၂)ခုကလွဲပြီး ကျန် စစ်တိုင်းဌာနချုပ် (၁၁)ခု က တိုင်းမှူး အသစ်တွေကို အတည်ပြု နိုင်ပြီဖြစ်ပါတယ်။ သိရှိနိုင်ပြီဖြစ်ပါတယ်။
ဒါ့အပြင် ယခင် (လပခ)တိုင်းမှူး ဗိုလ်ချုပ် တင်ငွေ နဲ့ ယခင်(နမခ) တိုင်းမှူး ဗိုလ်ချုပ်မြင့်စိုးတို့ ဟာ “ကာကွယ်ဝန်ကြီးဌာနမှ” ဆိုတဲ့ ဝိသေသနှင့်အတူ သတင်းစာတွေထဲ ဖေါ်ပြလာပါတယ်။ ဗိုလ်ချုပ်တင်ငွေက ရန်ကုန်တိုင်းအတွင်းက လုပ်ငန်းတွေ စစ်ဆေးကြည့်ရှုတဲ့သတင်း နဲ့ဗိုလ်ချုပ်မြင့်စိုးကလည်း မန္တလေးတိုင်းအတွင်းက လုပ်ငန်းတွေ စစ်ဆေးကြည့်ရှုတဲ့ သတင်းတွေ သတင်းစာမှာဖေါ်ပြထားပါတယ်။ ဒါကြောင့် ယခင်တိုင်းမှူးတွေထဲကအချို့ဟာ (ကစထမှူး) တွေဖြစ်လာတယ်လို့ ယူဆနိုင်ပြီဖြစ်ပါတယ်။
ယခင် ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်ချုပ်ခင်ဇော်ဦး ကို “စစ်ရေးချုပ်” အဖြစ် စက်တင်ဘာလ ၁၁ ရက်နေ့ သတင်းစာမှာ ဖေါ်ပြထားပါတယ်။
ဒါဆို ဆက်လက်အတည်မပြုနိုင်တာ/သီးခြား အတည်မပြုနိုင်သေးတာ ဘယ်သူတွေကျန်သေးသလဲ။
(တမခမှူး) / (စကခမှူး) တွေနဲ့ အဲဒီနေရာတွေမှာ ယခင်တာဝန်ယူခဲ့သူတွေ ဘာဖြစ်သွားသလဲ ဆိုတာပါပဲ။
ကာကွယ်ရေးဝန်ကြီးဌာနမှ ဆိုတဲ့ ဒုတိယဗိုလ်ချုပ်ကြီးတွေ ဘာဖြစ်သွားပြီလဲ။ ဥပမာ ဗိုလ်မြင့်ဆွေ/ဗိုလ်ရဲမြင့်(စရဖ) တို့ဘယ်လိုလဲ။ ဗိုလ်သန်းရွှေ တရုတ်ပြည်ခရီးစဉ်ပေါ်က တွေ့ရတာတွေကိုပြောရရင် ဗိုလ်သန်းရွှေတို့ ဗိုလ်မောင်အေးတို့ကို (နအဖ)ဥက္ကဋ္ဌ နဲ့ ဒုတိယ ဥက္ကဋ္ဌအဖြစ်သာ ဖေါ်ပြထားသည်။
ယခင်ကလို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)စတဲ့ အဆင့်တာဝန်များနဲ့ ယှဉ်တွဲဖေါ်ပြခြင်းမရှိပါ။
ယင်းသို့ဖေါ်ပြချက်ကို ဗိုလ်သန်းရွှေထံမှ မလေးရှားဘုရင်ထံသို့ ပေးပို့သည့် မလေးရှားနိုင်ငံ၏ (၅၃) နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာတွင် စတင်သတိပြုမိပါတယ်။ သို့သော်လည်း သူတို့ ၂ ဦး သည် အခြားသူများကဲ့သို့ “ဗိုလ်” မှ “ဦး”သို့ ယခုအချိန်ထိ ပြောင်း လဲခြင်းတော့မရှိသေးချေ။
တရုတ်ပြည်ခရီးစဉ် သတင်းပေါ်ကနေ သိရတာကတော့“ဗိုလ်” မှ “ဦး”ပြောင်းသွားသူများမှာ သူရဦးရွှေမန်း၊ သီဟသူရဦးတင်အောင် မြင့်ဦးနှင့် ဦးတင်အေးတို့ဖြစ်ပါတယ်။ သူတို့ဟာ (နအဖ)ကောင်စီဝင်တွေဖြစ်ပါတယ်။ (နအဖ) ဥက္ကဋ္ဌ နဲ့ ဒုတိယဥက္ကဋ္ဌ ဆိုသူတွေကတော့ “ဗိုလ်ချုပ်မှူးကြီးနဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီး” တွေဖြစ်မြဲဖြစ်နေပေမယ့်၊ (နအဖ) အတွင်းရေးမှူး (၁) နဲ့ အခြားသော ကောင်စီဝင်အချို့ ကတော့ “ဦး”တွေ ဖြစ်သွားတယ်ဆိုတဲ့ အချက်ပါပဲ။ ဒါနဲ့ တဆက်တည်း သိနိုင်တာကတော့ “နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ” (နအဖ) ကိုယခင်ကလို “စစ်ဗိုလ်”တွေနဲ့ချည်း ဖွဲ့စည်းထားတာ မဟုတ်တော့ဘူးဆိုတာပါပဲ။
ဒါကြောင့်အပြောင်းအလဲဆိုတာမှာ စစ်တပ် ထဲကနေရာချထားရေး အပြောင်းအလဲတင်မကဘဲ၊(နအဖ) ထဲမှာပါ အပြောင်းအလဲ ရှိ နေတာကို ထင်ဟပ်ဖေါ်ပြနေပါတယ်။ (နအဖ)ဆိုတာ အာဏာကိုချုပ်ကိုင်ထားနိုင်သူ “စစ်ဗိုလ်ချုပ်”လက်တစ်ဆုပ်စာနဲ့သာ ဖွဲ့စည်းထားတဲ့ စစ်အုပ်စုဖြစ်ပါတယ်။ ဗိုလ်သန်းရွှေ ရဲ့ “ဘုရင့်ကောင်စီ”သာဖြစ်ပါတယ်။
ဒါကြောင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဘယ်သူလဲ။
ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဘယ်သူလဲ။
ကာကွယ်ရေးဦးစီးချုပ်(ကြည်း)ဘယ်သူဖြစ်မလဲဆိုတဲ့ မေးခွန်းတွေက အလိုလိုပေါ်လာတာပါ။
ဗိုလ်သန်းရွှေရဲ့ တရုတ်ခရီးစဉ် အသွားအပြန်သတင်းမှာ ကာကွယ်ရေးဦးစီချုပ် (ရေ) နဲ့ (လေ)ကိုသာအမည်နဲ့တကွ ဖေါ်ပြထားပေ မယ့် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဘယ်သူလဲ ဆိုတာဖေါ်ပြထားခြင်းမရှိပါဘူး။
ကာကွယ်ရေးဦးစီးချုပ် (ကြည်း) တာဝန်ကို ဗိုလ်မောင်အေး ယူထားတာဖြစ်ပါတယ်။
ဒီတာဝန်နဲ့အဆင့်နေရာတွေကို ဗိုလ်သန်းရွှေနဲ့ ဗိုလ်မောင်အေးတို့ကပဲ ဆက်လက်ရယူထားသေးသလား။
ဒါဆိုရင် ဘာဖြစ်လို့ အဆိုပါတာဝန်တွေကို ယခင်ကလိုထည့်သွင်းမကြေညာရတာလဲ။
နံပတ်ဝမ်းဘယ်သူလဲ။
လောလောဆယ်တော့ နံပတ်ဝမ်းဟာ ဗိုလ်သန်းရွှေပဲဖြစ်မြဲဖြစ်နေပါတယ်။
ဘာလို့လဲဆိုတော့ လက်ရှိအပြောင်းအလဲကို ဗိုလ်သန်းရွှေကပဲ စီစဉ်ညွန်ကြားနေလို့ဖြစ်ပြီး တပ်ရဲ့ အမြင့်ဆုံးရာထူးဖြစ်တဲ့ “ဗိုလ်ချုပ် မှူးကြီး” ဆိုတဲ့ အဆင့်နေရာကို သူကပဲရယူထားသေးလို့ဖြစ်ပါတယ်။
နံပတ်တူး ကတော့ ဗိုလ်မောင်အေး ပဲဖြစ်ပါတယ်။ သူကလည်း တပ်ရဲ့ ဒုတိယအမြင့်ဆုံးရာထူးဖြစ်တဲ့ “ဒုတိယဗိုလ်ချုပ်မှူးကြီး” ဆိုတဲ့အဆင့်နေရာကို သူကပဲယူထားလို့ဖြစ်ပါတယ်။
ဒါ့အပြင် (နအဖ) ဥက္ကဋ္ဌ နဲ့ ဒုတိယဥက္ကဋ္ဌ ဆိုတဲ့ ထိပ်ဆုံးနေရာတွေကိုလည်း ဗိုလ်သန်းရွှေ နဲ့ဗိုလ်မောင်အေးတို့ကပဲ ဆက်လက် ရယူထားဆဲဖြစ်ပါတယ်။
ဒီလိုဆိုရင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် (နံပတ်ဝမ်း) ဘယ်သူလဲ။
ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဘယ်သူလဲ။
ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဘယ်သူလဲ။
နံပတ်ဝမ်း ကို မကြေညာသေးတာလား။ နံပတ်ဝမ်းအလောင်းအလျာဟာ ဘယ်သူဖြစ်မလဲ။
ဒိတ်ကုန်သွားတဲ့ နံပတ်ဝမ်းက နံပတ်ဝမ်းအသစ်ကို မီးသေပေမယ့် ဂျိုတူဒေါက်တူတွေနဲ့ အောက်ခြေ တပ်မှူးတပ်သားတွေက နံပတ်ဝမ်း အသစ်ကို မီးသေပါ့မလား။ လေးစားခန့်ငြားပါ့မလား။ ဗိုလ်တောင်းစိန်ခေါ်မှုတွေ ဖြစ်မလာနိုင်ဘူးလား။
နံပတ်ဝမ်းအသစ်လို့ ပြောနေတဲ့သူ/တစ်ပြေးနေတဲ့သူကို ပြည်ပရောက် ထောက်လှမ်းရေး ဗိုလ်ဟောင်းတစ်ဦးက “ဒူကြီး” လို့ ခေါ်နေပါပကော။
(တူမောင်ညို)
(၂၀၁၀ ပြည့်နှစ် စက်တင်ဘာ ၁၅ ရက်)

No comments:
Post a Comment