-->

Thursday, September 30, 2010

တပ်ပေါင်းစုလူငယ်များ၏ CD Campaign

မြန်မာနိုင်ငံအတွင်းတွင် လွန်ခဲ့သည့်လက အောင်မြင်စွာဖွဲ့ စည်းပြီးခဲ့သော "ဗမာနိုင်ငံ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူများ တပ်ပေါင်းစု" အဖွဲ့ သည် တပ်ပေါင်းစု၏ ပထမဆုံးလှုပ်ရှားမှုအဖြစ် ဗမာနိုင်ငံ အမျိုးသမီးသမဂ္ဂအဖွဲ့ချုပ်မှ ထုတ်ဝေသော "ချိုးလင်းပြာမဂ္ဂဇင်း"များနှင့် တပ်မတော်သား မိသားစုများ၏ စားဝတ်နေရေးခက်ခဲပုံ၊ ခေါင်းပုံဖြတ်ခံရမှုများအကြောင်း ရိုက်ကူးထားသော အသံလွှင့်ဇာတ်လမ်းခွေများကို ပဲခူးတိုင်းနှင့် ရန်ကုန်တိုင်းအတွင်းရှိ မင်္ဂလာဒုံမြို့နယ်၊ မရမ်းကုန်းမြို့နယ်၊ ဒလ၊ ကော့မှူး၊ တွံ့တေး၊ ကွမ်းခြံကုန်းနှင့် အခြား မြို့နယ်များတွင် (၂၁.၉.၂၀၁၀) ရက်နေမှစ၍ ဖြန့်ချီခဲ့သည်။

"ကျွန်တော်တို့ ဖြန့် တာက CD ခွေတွေ စာအုပ်တွေဆိုတော့ ရပ်ကွက်တွေထဲကခြံဝင်းတွေထဲကို ပစ်ထည့်ဖို့ လွယ်တယ်လေ။ CD ခွေတွေကိုတော့ ဒီအတိုင်းပစ်ထည့်တယ်၊ စာအုပ်တွေကိုတော့ အကယ်၍ မိုးရွာရင် မိုးမစိုအောင် ပလတ်စတစ်အိတ်နဲ့ သေသေချာချာထုပ်ပြီး ပစ်ထည့်တယ်။ ဒီလှုပ်ရှားမှုမှာ ထူးခြားတာလေးတခုကြုံတွေ့ ခဲ့ရတယ်။ CD ခွေတွေပေါ်မှာက တပ်မတော်ဂုဏ်ပြု အသံလွှင့်ဇာတ်လမ်းလို့ ရေးထားတယ်။ ကျွန်တော်တို့ ဖြန့် ဝေခဲ့တဲ့ ရပ်ကွက်တွေက အိမ်အချို့ မှာ သူတို့ခြံဝင်းထဲမှာ ဒီအခွေကိုတွေ့တော့ ဒီလိုအခွေမျိုးများ ဘယ်သူက ခြံထဲလာပစ်နေသေးလဲမသိဘူးဆိုပြီး ရိုက်ချိုးပစ်လိုက်တယ်။ အမှန်က အခွေပေါ်မှာရေးထားတဲ့ တပ်မတော် ဂုဏ်ပြုဇာတ်လမ်းဆိုတာ သရော်တဲ့အနေနဲ့ ရေးထားတာပါ။ အထဲမှာပါတာက တပ်မတော်သား မိသားစုတွေ ဒုက္ခမျိုးစုံကြုံတွေ့ ရတာတွေကို ရိုက်ကူးထားတာပါ။ ဒါကိုမသိပဲ အပေါ်ကစာသားကို ကြည့်ပဲကြည့်ပြီး ရိုက်ချိုးလိုက်တဲ့ အိမ်အချို့ ရှိတယ်လို့ သိရတော့ ပြည်သူလူထုက တပ်မတော်လို့ ကြားတာနဲ့တင် တော်တော်ကို မုန်းပြီး အော့နှလုံးနာနေပြီဆိုတာ ကောက်ချက်ချလို့ရတယ်" ဟု တပ်ပေါင်းစု လူငယ်တစ်ဦးက ပြောပါတယ်။

တပ်ပေါင်းစုရဲ့ CD Campaign ပြုလုပ်ရခြင်း ရည်ရွယ်ချက်ကတော့ တပ်မတော်ထဲမှာရှိနေကြတဲ့ မျိုးချစ်တပ်မတော်သားများ အနေနဲ့ ဒီမိုကရေစီတိုက်ပွဲမှာ ပြည်သူဘက်က ပါဝင်လာဖို့ အတွက် ရည်ရွယ်တယ်လို့ ဆိုပါတယ်။

တပ်ပေါင်းစုရဲ့ CD Campaign ဟာ ပထမဆုံးဖြစ်ပေမယ့် တပ်ပေါင်းစုအတွင်းမှာ ပါဝင်တဲ့အဖွဲ့တွေအနေနဲ့ကတော့ လွန်ခဲ့တဲ့လတွေကတည်းက ၂၀၁၀ ရွေးကောက်ပွဲ ဆန့်ကျင်ရေး လှုပ်ရှားမှုတွေဖြစ်တဲ့ Letter Campaign နဲ့ ရွေးကောက်ပွဲ ဆန့်ကျင်ရေး စာရွက်ဖြန့်ဝေခြင်း လှုပ်ရှားမှုတွေကို အသီးသီးလုပ်ဆောင်ခဲ့ကြတယ်လို့ တပ်ပေါင်းစုပြောရေးဆိုခွင့်ရှိသူ ၂၀၀၇မျိုးဆက် တက္ကသိုလ်ကျောင်းသားတစ်ဦးဖြစ်သူ ကိုအောင်တံခွန်မှ ပြောကြားသွားပါတယ်။

ဗမာနိုင်ငံ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူများ တပ်ပေါင်းစုကို စတင်ဖွဲ့စည်းစဉ်က ၂၀၀၇ မျိုးဆက် ကျောင်းသားသမဂ္ဂ၊ ရွှေဝါရောင်မျိုးဆက်အဖွဲ့ ၊ NEW GENERATION၊ မြေလတ်ကျောင်းသားများအဖွဲ့ နှင့် ရန်ကုန်တိုင်းအတွင်း ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားနေသော ကျောင်းသားလူငယ် အင်အားစုများစသည့် အဖွဲ့ (၅) ဖွဲ့ ဖြင့် စတင်ဖွဲ့စည်းခဲ့သည်။

ရွှေဝါရောင်တော်လှန်ရေး သုံးနှစ်ပြည့်နှစ်ပတ်လည်နေ့ ဖြစ်သည့် (၂၆.၉.၂၀၁၀) ရက်နေ့ တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုပါ ပူးပေါင်းပါဝင်လာခဲ့သဖြင့် ယခုအခါတွင် ဗမာနိုင်ငံ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူများ တပ်ပေါင်းစုသည် အဖွဲ့ ပေါင်း (၆) ဖွဲ့ ဖြင့် လှုပ်ရှားနေကြောင်း သိရှိရသည်။

တပ်ပေါင်းစု လူငယ်များမှ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးနှင့် ၂၀၁၀ရွေးကောက်ပွဲ ဆန့်ကျင်ရေး လုပ်ငန်းများကို အခြား ဒီမိုကရေစီအင်အားစုများနှင့် ချိတ်ဆက်၍ ပိုမိုထိရောက်အောင် လုပ်ဆောင်သွားကြမည်ဟု ဆိုသည်။

No comments: