-->

Thursday, September 30, 2010

ခန္တီးထောင်က နိုင်ငံရေး အကျဉ်းသားတွေအခြေအနေ



စစ်ကိုင်းတိုင်း ခန္တီးထောင်မှာ ထောင်ဒဏ် ၁၅ နှစ်ကျခံနေရတဲ့ ဘိုကလေးမြို့က နိုင်ငံရေးလှုပ်ရှားသူ ကိုနေ၀င်းစိုးဟာ နားကိုက်တဲ့ ဝေဒနာခံစားနေရတာကို ထောင်အာဏာပိုင်တွေကို တင်ပြခဲ့ပေမဲ့ ကုသမပေးပဲ ကလေးမြို့အကျဉ်းထောင်ကို ပြောင်းရွေ့လိုက်ပါတယ်။

စက်တင်ဘာ ၁၈ ရက်နေ့က ထောင်ဝင်စာတွေ့ဖို့ မိခင်ဖြစ်သူနဲ့ အဒေါ်ဖြစ်သူ ဒေါ်မွှေးတို့ဟာ ခန္တီးထောင်ကို သွားတဲ့အခါမှာ တွေ့ခွင့်ရခဲ့ပြီး ဘယ်ဘက် နားတဖက်က အင်းစိန်ထောင်တွင်း စစ်ကြောရေးစခန်းက ရိုက်နက်ထားတဲ့ဒဏ်ရာတွေကြောင့် နားထဲမှာ အူနေပြီး ခြေတွေလက်တွေ ထုံကျင်ကိုက်ခဲကာ တခါလေ မခံမရပ်နိုင်ဖြစ်တဲ့အကြောင်း ပြောပြတယ်လို့ ဒေါ်မွှေးက ဆိုပါတယ်။

" ကျမ အရင်ခန္တီးထောင်ကို ထောင်ဝင်စာ ၄ခေါက်လိုက်ဘူးပါတယ်။ နေ၀င်းစိုးအမေ ကျမအမကိုယ်တိုင်က နားမကောင်းတော့ သူ့သားကို တွေ့ခဲ့ရတာကလွဲလို့ တခြားဘာမှပြန်မပြောတတ်ဘူး ဒါ့ကြောင့် ကျမလိုက်တာကို တွေ့ခွင့်မပေးဘူး ခုတခေါက်မှာမှ တွေ့ခွင့်ရခဲ့တာ။ နေ၀င်းစိုးကပြောတယ် ၂၀၀၇ စက်တင်ဘာလက အင်းစိန်ထောင်ထဲက သူ့အခန်းကို စစ်ကြောရေးဝင်တော့ ငွေတသောင်းတွေ့တယ်ဆိုပြီး စစ်ခွေးတိုက်မှာ တိုက်ပိတ်ပြီး ရိုက်နှက်စစ်ဆေးတယ်တဲ့ ။ အဲဒီကနေ ၂လလောက်နေတော့ အိုးဘိုထောင်ကတဆင့် ခန္တီးထောင်ကို ပြောင်းလိုက်တယ်ပြောတယ်။ ထောင်ရောက်တော့ နားတွေကကိုက်နေလို့ ထောင်ဆရာဝန်ကိုပြတော့ ထောင်ဆရာဝန်က အာရုံကြောထိတာလို့ပြောပြီး အာရုံကြော အထူးကုနဲ့ပြဖို့လိုတယ်လို့ ထောင်အာဏာပိုင်တွေတင်ပြပေးတယ်ပြောတယ် ဒါပေမဲ့ ခုချိန်ထိကုမပေးဘူး"

အခုလို ကိုနေ၀င်းစိုးရဲ့နားကိုက်ဝေဒနာခံစားနေရတာကို ကုမပေးတဲ့အပြင် စစ်ကိုင်းတိုင်း ကလေးထောင်ကို စက်တင်ဘာ ၂၃ ရက်နေ့က ထပ်မံပြောင်းရွေ့လိုက်ရာမှာ ကလေးမြို့ကိုသွားတဲ့ စက်လှေပေါ်မှာ မိခင်နဲ့ အဒေါ်တို့က ထပ်မံတွေ့ခဲ့ရတယ်လို့ ပြောပါတယ်။

" ကျမတို့က သူကိုတွေ့ပြီး မပြန်သေးပဲနေတယ် ၂၃ ရက်နေ့ပြန်တော့ကြမှ နေ၀င်းစိုးကို စက်လှေပေါ်တွေ့တော့ ဘယ်သွားမှာလဲမေးကြည့်တယ်။ သူ့ကို ကလေးထောင်ပြောင်းတာတဲ့ ထောင်ပြောင်းစာရွှက်မှာ ဆေးကုပေးဖို့လို့မပါဘူး ကျမတို့ အရမ်းစိတ်ပူတယ် ဒီလိုကုမပေးပဲ ထားရင် နားကပျက်စီးသွားနိုင်တယ် "

အသက် ၂၇နှစ် သာရှိသေးတဲ့ ကိုနေ၀င်းစိုးဟာ ၂၀၀၅ နိုဝင်ဘာ ၆ ရက်နေ့က မြ၀တီမြို့မှာ ဖမ်းခံရတာဖြစ်ပြီး
၂၀၀၆ ဖေဖေါ်ဝါရီ ၁၄ရက်နေ့မှာ အရေးပေါ်စီမံချက် အက်ဥပဒေ ၅(ည)၊ လူဝင်မှုကြီးကြပ်ရေးဥပဒေ နယ်စပ်ဖြတ်ကျော်မှုပုဒ်မ ၁၃(၁) ၊ မတရာအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇(၁) တို့နဲ ထောင်ဒဏ် ၁၅နှစ် ချမှတ်ခံထားရတာဖြစ်ပါတယ်။

၂၀၀၇ စက်တင်ဘာလ ကုန်ဈေးနုန်းကျဆင်းရေး လှုပ်ရှားမှု ဘိုကလေးမြို့မှာ ဖြစ်တဲ့အချိန်မှာတော့ ကိုနေ၀င်းစိုးရဲ့ ညီအကို တ၀မ်းကွဲ တော်စပ်သူတွေဖြစ်ကြတဲ့ ကိုပြည့်ဖြိုးလှိုင်နဲ့ ကိုသီဟသက်ဇင် အပါအ၀င် ၁၉ ဦးအဖွဲ့ကို ထပ်မံဖမ်းစီးခဲ့ပါတယ်။ အဲဒီနောက် ကိုပြည့်ဖြိုးလှိုင်တို့ ကိုသီဟသက်ဇင်တို့နိုင်ငံရေးလှုပ်ရှားမှုတွေ လုပ်ခဲ့တယ်ဆိုတာ ကိုနေ၀င်းစိုးရဲ့ စစ်ချက်တွေမှာ ထုတ်ဖေါ်ဝန်ခံချင်းမရှိတဲ့အတွက် ထောင်အာဏာပိုင်တွေက ထပ်မံ နှိပ်စက်ပြီး ထောင်ပြောင်းလိုက်တာဖြစ်တဲ့အကြောင်း မိသားစုဝင်များက ပြောပြသည်။

ကိုပြည့်ဖြိုးလှိုင်ကတော့ စစ်တွေထောင်မှာရှိနေပြီး ကိုသီဟသက်ဇင်ကတော့ မြစ်ကြီးနားထောင်မှာ ထောင်ဒဏ် နှစ်ရှည်တွေချမှတ်ခံထားရတယ်လို့ သိရပါတယ်။

အလားတူ ခန္တီးထောင်မှာ ထောင်ဒဏ် ၁၂ နှစ်ခွဲ ကျခံနေရတဲ့ လူ့အခွင့်အရေးလှုပ်ရှားသူ မစုစုနွေးကို အမဖြစ်သူ မဌေးဌေးကြည်က ထောင်ဝင်စာတွေ့ခဲ့ရမှာ မစုစုနွေးဟာနေကောင်းပေမဲ့ မိသားစုမသွားနိုင်တဲ့ကာလတွေမှာ လူကြုံကတဆင့် ထောင်အာဏာပိုင်ကို အပ်နှံထားခဲ့တဲ့ ငွေတွေ မစုစုနွေး လက်ဝယ်မရရှိကြောင်း သိရပါသည်။

အညာနွေတမာမြေ

No comments: