လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ
သုတေသနနှင့်လေ့လာရေးဌာန
ဝေဖန်သုံးသပ်ချက် အမှတ်စဉ် (၁၄/၂၀၁၀)
(၂၀၁၀ ပြည့်နှစ်၊ စက်တင်ဘာ ၃၀ ရက်)
စစ်အုပ်စုကမြန်မာပြည်နိုင်ငံရေးဇာတ်ခုံပေါ်ကို ၁၉၅၈ခုနှစ်မှာ ဗြောင်စတက်လာခဲ့ပြီး။ ၁၉၆၂ မှ ယနေ့ကာလအထိ အကြမ်းဖက်ဖိနှိပ်အုပ်စိုးနေခဲ့တာဖြစ်တယ်။(အိမ်စောင့်/တော်လှန်ရေးကောင်စီ/မဆလ/နဝတ/နအဖ/စည်းကမ်းပြည့်ဝသောဒီမိုကရေစီစသဖြင့်) ဘယ်လို နာမည်ပဲယူပါစေ စစ်အုပ်စုဟာ စစ်အာဏာရှင်နစ်နဲ့ အုပ်စိုးနေခဲ့တာပဲဖြစ်တယ်။
၇ နိုဝင်ဘာ မှာကျင်းပမယ်ဆိုတဲ့ “၂၀၁၀ ရွေးကောက်ပွဲ” ဟာ (တစည) နဲ့ ကြံ့ဖွံ့ပါတီ တို့ပဲ အဓိကပြိုင်ကြမှာဖြစ်တယ်။
ဘယ်ပါတီပဲ အနိုင်ရလိမ့်မယ်ဆိုတဲ့ အဖြေကလည်းထွက်ပြီးသားဖြစ်တယ်။ ကြံ့ဖွံ့ပါတီပဲအနိုင်ရမှာဖြစ်တယ်။ ဒီလိုအနိုင်ရ ဖို့ စစ်အုပ်စုက အဖက်ဖက်က လက်ဦးမှုယူပြီးပြင်ဆင်ထားတာဖြစ်တယ်။
ပြည်သူတွေအနေနဲ့ကြံ့ဖွံ့ပါတီကိုမဲထည့်လို့မဖြစ်သလို၊ (တစည)ကိုလည်းမဲပေးလို့မဖြစ်ဘူး။
ဘာဖြစ်လို့လဲ။
(တစည) ဆိုတာ (မဆလ) ပါတီကနေအမည်ပြောင်းထားတာဖြစ်တယ်။
(မဆလ) တစ်ပါတီအာဏာရှင်စနစ်နဲ့ ( ၁၉၇၄ ခုနှစ်ကနေ ၁၉၈၈ ခုနှစ်အထိ)အုပ်စိုးခဲ့လို့ တိုင်းပြည်နဲ့လူထုဟာ (LDC) ဆိုတဲ့ အဆင်းရဲဆုံး နိုင်ငံဘဝကိုကျရောက်ခဲ့ရတယ်။ ၁၉၈၈ ဒီမိုကရေစီလူထုအရေးတော်ပုံကြီးနဲ့ (မဆလ) ပါတီကိုရော အခြေခံ ဥပဒေ (၁၉၇၄) ကိုပါ တိုက်ဖျက်ခဲ့ရတာဖြစ်တယ်။ တဖန် ၁၉၉၀ရွေးကောက်ပွဲမှာ (မဆလ)ကနေ (တစည)လို့ အမည်ပြောင်း ပြီးရွေးကောက်ပွဲဝင်ခဲ့လို့ ပြည်သူလူထုက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မဲတွေပုံအောပေးပြီး (တစည) တဖြစ်လည်း (မဆလ)ကို ပညာပေးဒဏ်ခတ်ခဲ့တယ်။
ဒါကြောင့် ဒီလို (မဆလ) တစ်ပါတီအာဏာရှင်စနစ်နဲ့တိုင်းပြည်နဲ့လူထုကို (၁၉၇၄ မှ ၁၉၈၈ အထိ) အကြမ်းဖက် ဖိနှိပ် အုပ်စိုးခဲ့ပြီး (တစည) လို့အမည်ပြောင်းထားတဲ့ စစ်အုပ်စုဟောင်းတွေကို ၇ နိုဝင်ဘာ မှာကျင်းပမယ့် ရွေးကောက်ပွဲမှာ ပြည်သူ တွေ က မဲဆန္ဒပေးပြီးရွေးချယ်လို့လုံးဝမဖြစ်နိုင်ပါဘူး။ ပြည်သူတွေကိုယ်တိုင်လူထုအုံကြွမှုကြီးနဲ့ဖြိုချခဲ့တဲ့ အုပ်စိုးသူဟောင်း/ ဖိနှိပ်သူ ဟောင်းတွေကိုပြည်သူတွေက ပြန်လည်ရွေးချယ်တင်မြှောက်လို့မဖြစ်နိုင်ပါဘူး။
ထိုနည်းအတူပဲ။
ကြံ့ဖွံ့ပါတီ ကိုလည်း ပြည်သူတွေအနေနဲ့ မဲထည့်လို့မဖြစ်ဘူး။
ဘာကြောင့်လဲ။
ကြံ့ဖွံ့ပါတီဆိုတာ (နဝတ-နအဖ) စစ်အုပ်စုရဲ့အမွေခံအခြေပြုပါတီဖြစ်တယ်။ ကြံ့ဖွံ့ပါတီကိုစစ်အုပ်စုထိပ်သီးတွေနဲ့စုဖွဲ့ထား တာဖြစ်တယ်။
၁၉၈၈ ခုနှစ်က ယနေ့ကာလ အထိ (၂၂) နှစ်တာကာလပတ်လုံး ပြည်သူတွေကိုအကြမ်းဖက်ဖိနှိပ်အုပ်စိုးနေတဲ့ စစ်အုပ်စု ဖြစ်တယ်။ ဒီပဲယင်းအရေးအခင်း၊ ၂၀၀၇ သံဃာအရေးအခင်းတို့လို အကြမ်းဖက်မှုတွေကို ကျူးလွန်ခဲ့သူတွေဖြစ်တယ်။
ဒါ့အပြင် ၁၉၉၀ ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို အာဏာလွှဲပြောင်းမပေးတဲ့အပြင် အနိုင်ရပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ကို ဖျက်သိမ်းပစ်ခဲ့တယ်။
အမျိုးသားညီလာခံဆိုတာကိုစိတ်ကြိုက်ကျင်းပပြီးအခြေခံဥပဒေကိုစိတ်ကြိုက်ရေးဆွဲအတည်ပြုထားတယ်။
ဒီအခြေခံဥပဒေကိုအသက်သွင်းဖို့(နဝတ-နအဖ) စစ်အုပ်စုကခေါင်းခေါက်ရွေးချယ်ထားတဲ့ ကော်မရှင်ကနေရွေးကောက်ပွဲ ကျင်းပပေးမယ်။ ဒီရွေးကောက်ပွဲမှာ (နဝတ-နအဖ) စစ်အုပ်စုထိပ်သီးတွေပါဝင်တဲ့ ကြံ့ဖွံ့ပါတီက ဝင်ရောက်ယှဉ်ပြိုင်မယ်။
ဒါကြောင့် (ကြံ့ဖွံ့ပါတီ)ကိုလည်း “၇ နိုဝင်ဘာရွေးကောက်ပွဲ”မှာ ပြည်သူတွေအနေနဲ့ ဆန္ဒမဲပေးရွေးချယ်လို့မဖြစ်ဘူး။
(တစည) က ဖိနှိပ်သူဟောင်းဖြစ်တယ်။
(ကြံ့ဖွံ့ပါတီ) ဆိုတာက လက်ရှိအကြမ်းဖက်ဖိနှိပ်အုပ်စိုးနေသူတွေဖြစ်တယ်။
ဒါကြောင့် “၇ နိုဝင်ဘာရွေးကောက်ပွဲ” မှာ ပြည်သူတွေအနေနဲ့ ဘယ်သူ့ကိုမှ မဲပေးလို့မဖြစ်ဘူး။
(တစည) ကိုလည်း မဲမပေးနဲ့။
(ကြံ့ဖွံ့ပါတီ)ကိုလည်း မဲမထည့်နဲ့။
အခြားဘယ်ပါတီကိုမှလည်း မဲမပေးဖို့ ကျနော်တို့အလေးအနက် တိုက်တွန်း ပန်ကြားပါတယ်။
မဲမပေးပဲနေခြင်းဟာ ပြည်သူတွေအတွက် ကိုယ်ပိုင်ဆုံးဖြတ်နိုင်တဲ့အခွင့်အရေးလည်းဖြစ်တယ်။ တာဝန်တစ်ရပ်လည်း ဖြစ် တယ်။ စစ်အာဏာရှင်စနစ်ကို ရတဲ့နည်းနဲ့ အာခံတဲ့/ဆန့်ကျင်တဲ့လှုပ်ရှားမှုတစ်ခုလည်းဖြစ်တယ်။ ဥပဒေဘောင်ထဲက တိုက်ပွဲ တစ် ရပ်လည်းဖြစ်ပါတယ်။

No comments:
Post a Comment