၂၀၁၀ ရွေးကောက်ပွဲနီးကပ်လာသည်နှင့်အမျှ ၂၀၁၀ ရွေးကောက်ပွဲဆန့်ကျင်ရေးလှုပ်ရှားမှုများ မြန်မာနိုင်ငံအနှံအပြားတွင်ပေါ်ပေါက်လာသည်။
၁၈.၁၀.၂၀၁၀ ရက်တနင်္လာနေ့တွင် ၂၀၁၀ ရွေးကောက်ပွဲတွင် မဲမပေးရေးလှုပ်ရှားမှုတစ်ရပ်ကို ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်(၁၉)မြို့နယ်တို့တွင် အခြေပြုလှုပ်ရှားခဲ့ကြောင်းသတင်းရရှိသည်။ ဗဒတ တပ်ပေါင်းစုသည် ဒေါ်အောင်ဆန်းစုကြည်ရုပ်ပုံနှင့်အတူ “ပြည်သူတွေအနေနဲ့ ရွေးကောက်ပွဲမှာမဲပေးနိုင်တဲ့အခွင့်အရေးရှိသလို မဲမပေးပဲနေနိုင်တဲ့အခွင့်ရေးလဲရှိတယ်” စာသားပါသည့် ပို့စကဒ်များကို အဆိုပါ(၁၉)မြို့ နယ်တွင် ဝေငှခဲ့ခြင်းဖြစ်သည်။
ဗဒတ တပ်ပေါင်းစုအနေဖြင့် ၂၀၁၀ ရွေးကောက်ပွဲသပိတ်မှောက်ရေး လှုပ်ရှားမှုတစ်ရပ်အနေဖြင့် အဆိုပါ ပို့စကဒ်ပေါင်းတစ်သောင်းခြောက်ထောင်အားလည်း နေအိမ်တိုက်ခန်းများ၊ လူစည်ကားရာလမ်းမများ၊ ရုပ်ရှင်ရုံများ၊ လက်ဖက်ရည်ဆိုင်များ၊ ဓါတ်တိုင်များနှင့် တိုက်နံရံများတွင် လိုက်လံ၍ကပ်ခြင်း၊ ဖြန့်ကျဲခြင်းများပြုလုပ်လျက်ရှိသည်။
ဗဒတမှ အဆိုပါ ၂၀၁၀ ရွေးကောက်ပွဲဆန့်ကျင်သပိတ်မှောက်ရေးလှုပ်ရှားမှုကို ဒေါပုံ၊ သာကေတ၊ လသာ၊ ဒဂုံ၊ ပုဇွန်တောင်၊ ကျောက်တံတား၊ တာမွေ၊ တောင်ဥက္ကလာ၊ သန်လျင်၊ကျောက်တန်းနှင့် သုံးခွ စသည့် မြို့နယ်ပေါင်း(၁၉) မြို့နယ်တွင်လှုပ်ရှားခဲ့ခြင်းဖြစ်သည်။
အဆိုပါလှုပ်ရှားမှုနှင့်ပတ်သတ်၍ ဗဒတ၏ အတွင်းရေးမှူးဖြစ်သည့် လူငယ်ကိုရန်နိုင်က “ကျနော်တို့တပ်ပေါင်းစုအဖွဲ့ဝင်အသီးသီးအခြေပြုရာ နယ်မြေဒေသတွေမှာ ၂၀၁၀ ရွေးကောက်ပွဲဆန့်ကျင်ရေးလှုပ်ရှားမှုများကို ဦးတည်ချက်ရှိရှိ တပြိုင်တည်းပြုလုပ်ခဲ့ကြတာပါ” ဟု ပြောဆိုသည်။
ပြည်သူများအနေဖြင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ တိုင်းပြည်အပေါ်ထားသော စေတနာစကားများကို နားလည်သဘောပေါက်၍ ဒီမိုကရေစီရရှိရေးကြိုးပန်းမှုများတွင် တက်ကြွစွာ ပါဝင်ကြပါရန်လည်း တိုက်တွန်းနှိုးဆော်ထားသည်။

ယခုလှုပ်ရှားမှုသည် ဗဒတ တပ်ပေါင်းစု၏ စတုတ္ထအကြိမ်မြောက်လှုပ်ရှားမှုဖြစ်ပြီး ယခုလှုပ်ရှားမှုမတိုင်ခင်ကလည်း CD Campaign ၊ သံဃာ့ တပ်ပေါင်းစု၏ ပြည်သူလူထုသို့ပန်ကြားချက်များကို ဖြန့်ဝေပေးခြင်း နှင့် EUအပါအ၀င်နိုင်ငံခြားသံရုံးများသို့ ၂၀၁၀ ရွေးကောက်ပွဲအသိအမှတ်မပြုရေး အိတ်ဖွင့်ပေးစာ စသည့်လှုပ်ရှားမှုများကိုပြုလုပ်ခဲ့သည်။
ဗဒတ တပ်ပေါင်းစုကြီးတွင် သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီး၊ ၂၀၀၇ မျိုးဆက်ကျောင်းသားများသမဂ္ဂ၊ ရွှေဝါရောင်မျိုးဆက်အဖွဲ့၊ New Generation၊ မြေလတ်ကျောင်းသားများအဖွဲ့ နှင့် ရန်ကုန်တိုင်းအတွင်းရှိ ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားနေကြသည့် ကျောင်းသားလူငယ်ပေါင်း ၂၀၀ ကျော်ပါဝင်ပြီး (၈ ရက် ၈လ ၂၀၁၀ ) ရက်က စတင်ဖွဲ့စည်းလှုပ်ရှားခဲ့ကြောင်းသိရှိရသည်။
အညာနွေတမာမြေ

No comments:
Post a Comment