-->

Saturday, October 30, 2010

ဝန်ထမ်းသင်တန်းကျောင်းတွေမှာ ကြိုတင်မဲတွေကို ခြိမ်းခြောက်တဲ့ ပုံစံနဲ့ ရယူနေခြင်း

ရွေးကောက်ပွဲကာလမှာ အစိုးရကစီစဉ်တဲ့ ၀န်ထမ်းမွမ်းမံသင်တန်းတွေမှာ တက်ရောက်နေကြသော မြန်မာနိုင်ငံတ၀ှမ်းက ၀န်ထမ်းတွေကို ကြိုတင်မဲ အဖြစ်ကောက်ယူနေရာမှာ ခြိမ်းခြောက်ပြီး သူတို့ကြိုက်တဲ့ပါတီကို ထည့်ခိုင်းနေတဲ့အကြောင်း သတင်းရရှိပါတယ်။

ဇီးပင်ကြီး ဗဟိုဝန်ထမ်းတက္ကသိုလ်

အထက်မြန်မာပြည်က ၀န်ထမ်းတွေကို ဗဟိုဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်) မေမြို့ ဇီးပင်ကြီးသင်တန်းကျောင်းမှာ တက်စေပြီး အောက်မြန်မာပြည်က ၀န်ထမ်းတွေကိုတော့ ဗဟိုဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်) လှည်းကူးက ဖေါင်ကြီးသင်တန်းကျောင်းက မွမ်းမံသင်တန်းတွေမှာ သင်တန်းသား ထောင်ချီကာ သင်ကြားပို့ချနေခြင်းဖြစ်သည်။




လှည်းကူး ဖေါင်ကြီးဝန်ထမ်းတက္ကသိုလ်

ဒီသင်တန်းကျောင်းတွေမှာ အသုတ်ခွဲပြီး သင်တန်းတွေပို့ချနေရာ ရွေးကောက်ပွဲကာလမှာ သင်တန်းတက်နေရသူတွေအတွက် ကြိုတင်မဲပေးရမယ်ဆိုပြီး လျို့ဝှက်ဆန္ဒပြုခန်းမရှိပဲ ကြီးကြပ်သူတွေရှေ့မှာ ကြိုတင်မဲထည့်ခိုင်းနေပါတယ်။ ဒီလိုကြိုတင်ကောက်ယူရာမှာ အတင်းခြိမ်းခြောက်မဲထည့်ခိုင်းနေတဲ့အကြောင်း ဇီးပင်ကြီးသင်တန်းကျောင်းမှာ တက်ရောက်နေတဲ့ ၀န်ထမ်းတဦးက ပြောပြသည်။

"ကြိုတင်မဲကောက်တဲ့အခါ လျှို့ဝှက်ဆန္ဒပြုခန်းမရှိဘူးသူတို့ရှေ့မှာပဲ အထည့်ခိုင်းတယ်ဗျာ။ ၂။ ကြိုတင်မဲမပေးရင် (No Vote) ဆိုရင် သူတို့က အဲဒီသင်တန်းသားကို မှတ်ထားမယ်ဆိုပြီး ခြိမ်းခြောက်တယ် မထည့်မနေရသဘောပေါ့။ ၃။ သင်တန်းသားတစ်ယောက်က ကြိုတင်မဲထည့်ပြီးပြီဆိုရင် သူ့ရှေ့မှာပဲ သူ့အမည်၊ မှတ်ပုံတင်၊ နေရပ်နဲ့ အဲဒီမဲပါစာအိတ်နဲ့တွဲပြီး စတက်ပလာညှပ်ပြတယ် (သဘောက ကြံ့ခိုင်ရေးကိုပဲ ဇောင်းပေးထည့်ခိုင်းတဲ့သဘော)ပေါ့ဗျာ အဲတော့ ခုနောက်ပိုင်းမှာ သင်တန်းသားတွေအကုန်လုံး လန့်နေကြပြီ ပယ်မဲတောင်မဖြစ်ရဲအောင် လုပ်နေရသလိုပဲ"

အစကတော့ မဲထည့်တဲ့သူရှေ့မှာလုပ်မပြတဲ့အတွက် ၀န်ထမ်းတွေထည့်တဲ့မဲတွေဟာ ပယ်မဲတွေများတဲ့အတွက်
ခုလိုလုပ်ဆောင်တာဖြစ်ကြောင်းပြောပြသည်။ အခုတက်ရောက်နေတဲ့ ၀န်ထမ်းတွေကို သူရိန်၊ ဗလ၊ တေဇ၊ ဇေယျ၊ မဟာဇေယျ၊ မွမ်းမံအစရှိသဖြင့် သင်တန်းတွေကို ခွဲပြီးပို့ချနေတာဖြစ်သည်။ ဇီးပင်ကြီး သင်တန်းကျောင်းမှာ လောလောဆယ် သင်တန်းသား ၁၀၀၀ လောက်ရှိသည်ဟုသိရသည်။

ဗလ အဆင့်မှာ စာရေးဝန်ထမ်း၊ တေဇအဆင့်မှာ ရုံးအုပ်ဝန်ထမ်း၊ ဇေယျမှာ လစာ၁သိန်းအထက်ရတဲ့ အရာရှိဝန်ထမ်းတွေဖြစ်ပြီး မဟာဇေယျမှာတော့ ညွှန်ကြားရေးမှူး၊ အထူးကုဆရာဝန်ကြီးအဆင့်တွေ တက်ရောက်ရကြောင်း သင်တန်းသားများထံမှ သိရသည်။ အကြိုဇေယျအဆင့်မှာ ရဲချုပ်ခင်ရီရဲ့သမီး တက်ရောက်နေပြီး သာမန် ၀န်ထမ်းနဲ့ ၀န်ကြီးသားသမီးတွေခွဲခြားဆက်ဆံခံနေရသည်ဟုလည်း ပြောပြသည်။


"ဒုပါချုပ်တွေကိုယ်တိုင် ပျာနေတာပဲ စည်းကမ်းပိုင်းဆိုင်ရာတွေပေါ့ သူပြန်ရင် ၀န်ထမ်းတွေအတွက် စီစဉ်ထားတဲ့ကားနဲ့ မလိုက်ရဘူး ပွိုင့်ကားတွေနဲ့လာကြိုတယ်။ ကျန်တဲ့သူတွေမှာ အနေအစားကဆင်းရဲတယ်
ထမင်းဟင်းကအစ အကုန်ဝယ်စားရတယ် ပိုက်ဆံ အတော်ကုန်တယ် အရာရှိတွေအဖို့ အရေးမကြီးပေမဲ့ စာရေးအဆင့်တွေ၊ ကျောင်းဆရာတွေ ဒုက္ခရောက်တယ် တစ်ယောက်ကို ၃ သိန်းကနေ ၅ သိန်းလောက်ထိကုန်တယ်" ဟု ကျောင်းဆရာတဦးက ဆိုသည်။


နေပြည်တော် ၀န်ထမ်းရွေးချယ်လေ့ကျင့်ရေးအဖွဲ့

သင်တန်းကျောင်းမှာ သင်တဲ့ပညာတွေကတော့ ဥပဒေ(နာယက ဥပဒေတွေလည်း ပါတယ်) ၊ စီးပွားရေး၊ နိုင်ငံရေး(တပ်မတော်ကောင်းကြောင်းတွေများတယ်)၊ လူမှုရေး(လောကနီတိဘာညာ)၊ အခြေခံစစ်ပညာ (အပေါ်ယံပါဘဲ) ကွန်ပျူတာကတော့ အပိတ်အဖွင့်လုပ်တတ်ယုံ သင်ပေးတယ် အဓိကကတော့ ၀န်ထမ်းတွေကို ကြောက်တတ်အောင် သင်ပေးတာဖြစ်ပြီး ၀ါဒဖြန့်တာတွေပဲများတယ် ဟု သင်တန်းတက်ရောက်နေသူများက ပြောပြသည်။ အောက်မြန်မာပြည် ဖေါင်ကြီးသင်တန်းကျောင်းကို သွားသင်ရမယ့် ဆရာမတွေဆိုရင် သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးတွေရှေ့မှောက်မှာ ကြိုတင်မဲတွေပေးခဲ့ရတဲ့အတွက် ဆန္ဒအစစ်အမှန်တွေ အံကြိတ်မျိုသိပ်ပြီး အထက်အရာရှိအကြိုက်ပဲ လုပ်ပေးခဲ့ရပါကြောင်း တင်ပြလိုက်ပါတယ်ခင်များ


အညာနွေတမာမြေ

No comments: