-->

Friday, October 29, 2010

မြန်မာပြည်မှာတွေ့တဲ့ မျောက် မျိုးစိတ်သစ်

မျောက်ရဲ့ အရိုးခေါင်းတွေကို လေ့လာပြီးတော့ ကွန်ပြူတာနဲ့ သရုပ်ဖော်ထားတဲ့ နှာလန်မျောက်ရဲ့ပုံ


သာမန်မဟုတ်တဲ့ နှာခေါင်းပေါက် အပေါ်ကို လှန်နေပြီး ဟတ်ချိုးချေ တတ်တဲ့ မျောက်မျိုးစိတ်သစ်ကို မြန်မာပြည် မြောက်ဖျားပိုင်း ပင်လယ်ရေမျက်နှာပြင် အမြင့်ပေ ၁သောင်းကျော်မှာရှိတဲ့ ကချင်ပြည်နယ်က မြစ်ဆုံရေကာတာ လုပ်နေတဲ့ နေရာဝန်းကျင်မှာ တွေ့ရတာပါတဲ့။

အဲ့ဒီနေရာဝန်ကျင်းက မုဆိုးတွေက အမဲလိုက်ရင်း ဒီမျောက်ကို ပစ်ခတ်မိလာရာကနေ သူ့ရဲ့ ထူးခြားတဲ့ နှာခေါင်းပေါက်တွေကြောင့် စူးစမ်းမိရင်းက မျောက်မျိုးစိတ်သစ် တခု ဖြစ်နေတာလို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။

အရင်က ရှာဖွေ တွေ့ရှိခဲ့တဲ့ ဒီလို အပေါ်လန်နေတဲ့ နှာခေါင်းပေါက်နဲ့ ယူနန် နှာလန်မျောက်ဆိုတဲ့ မျောက်မျိုးကို တရုတ်နဲ့ ဗီယက်နမ်နိုင်ငံတွေက မဲခေါင်မြစ်တလျှောက်နဲ့ သံလွင်မြစ်တလျှောက်မှာ နေကြတာလို့ ဆိုပါတယ်။ အဲ့ဒီ မဲခေါင်-သံလွင်က မျောက်တွေဟာ အခု တွေ့ရတဲ့ မျောက်အမျိုးအစားနဲ့ ပုံသဏ္ဍာန် ကွဲပြားပြီး အမွှေးတွေကလည်း ရွှေဝါရောင်တွေ ဖြစ်ပါတယ်။

ရွှေရောင်အမွှေးနဲ့ ယူနန်နှာလန်မျောက်


ကချင်ပြည်နယ်က မျောက်မျိုးစိတ်ကတော့ အနက်ရောင် အမွှေးအမျှင်တွေနဲ့ ဖြစ်ပြီး နားရွက်ဖျားနဲ့ ပါးသိုင်းမွှေးတွေက အဖြူရောင်၊ အခြားမျောက်တွေလိုမဟုတ်တဲ့ နှုတ်ခမ်းထူထူနဲ့ အပေါ်လန်နေတဲ့ နှာခေါင်းပေါက်တွေကတော့ ပိုကျယ်ပြီး ထင်ရှားတယ်လို့ ဆိုပါတယ်။

မျောက်ရဲ့ အရိုးခေါင်းတွေကို လေ့လာပြီးတော့ ကွန်ပြူတာနဲ့ သရုပ်ဖော်ထားတဲ့ နှာလန်မျောက်ရဲ့ပုံ


သူ့ရဲ့ ကိုယ်ထည့်အရှည်က ၂ ပေလောက်အထိ ရှိပြီး အမြီးရှည်ကြီးကတော့ ကိုယ်ထည်ထက်တောင် ရှည်လျားပါသတဲ့။

မိုးတွေ ရွာတဲ့အခါကျရင် သူတို့ရဲ့ နှာခေါင်းပေါက်ထဲကို ရေတွေဝင်လို့ ရေမွှန်ပြီး ဟတ်ချိုးချေတဲ့အသံကို ကြားရလို့ သူတို့ကို ရှာတွေ့ဖို့ မခက်ဘူးလို့ မုဆိုးတွေက ပြောပါတယ်။ အပေါ်ကို လန်နေတဲ့ နှာခေါင်းတွေထဲကို ရေ၀င်မှာစိုးလို့ သူတို့တွေဟာ မိုးရွာတဲ့အချိန်ဆိုရင် ခြေထောက်နှစ်ချောင်းကြားထဲ ခေါင်းဝှက်ပြီး နေတတ်ကြပါသတဲ့။

မုဆိုးတယောက်က သူ့မိသားစု စားဖို့ ပစ်ခတ်လာတဲ့ မျောက်အသေတကောင်ကနေ စပြီး ဒီမျိုးစိတ်ကို လေ့လာသူတွေက သတိထားမိသွားတာပါပဲ။
National Geographic က ဖော်ပြထားတဲ့ မျောက်အသေကောင်ရဲ့ ဦးခေါင်း


လေ့လာသူတွေကတော့ မုဆိုးတွေဆီက ရတဲ့ မျောက်ရဲ့ အရိုးတွေ၊ ဦးခေါင်းခွံတွေကို သုတေသနပြုပြီးတော့ မျောက်မျိုးစိတ်သစ် ဖြစ်တယ်ဆိုတာကို အတည်ပြုခဲ့ပါတယ်။ ဒီမျောက်မျိုးကို အသက်ရှင်လျက် အနေအထားနဲ့တော့ လေ့လာသူတွေက မတွေ့ဖူးကြသေးဘူးလို့ ဆိုပါတယ်။ သူ့ရဲ့ သတ္တဗေဒ နာမည်ကတော့ Rhinopithecus Strykeri ဖြစ်ပါတယ်။

National Geographic က ဖော်ပြထားတဲ့ မျောက်အသေကောင်နဲ့ မုဆိုး

ဒီမျောက် အကောင်ရေ ၂၆၀ ကနေ ၃၃၀ အထိပဲ ရှိနိုင်မယ်လို့ လေ့လာသူတွေက ခန့်မှန်းထားပါတယ်။

မြစ်ဆုံရေကာတာ စီမံကိန်းနေရာပတ်ဝန်းကျင်ဟာ ရေကာတာ ဆောက်နေတာကြောင့် သစ်တောတွေ ဖြိုဖျက်ပစ်ရတာတွေ အပါအ၀င်၊ ကျွန်းသစ်အပါအ၀င် သစ်မာတွေ ထုတ်ရောင်းနေတာ၊ ရှားပါး တိရစ္ဆာန်တွေရဲ့ အရေခွံ၊ အရိုး၊ အသား စတာတွေကို ဆေးဖက်ဝင်တယ်ဆိုပြီး တရုတ်နိုင်ငံက ၀ယ်ယူမှုတွေကြောင့် ဒေသခံတွေကရှာဖွေရောင်းချနေတာတွေ၊ ဒီဒေသက ထွက်တဲ့ ရှားပါးသစ်ပင်ပန်းမန်တွေကို တရုတ်နိုင်ငံကို ရောင်းတာတွေ ရှိနေတဲ့ နေရာတခုပါ။

မျောက်ရိုးဟာ ဆေးဖက်ဝင်တယ်ဆိုပြီး တရုတ်ပြည်က ၀ယ်ယူနေလို ဒီနေရာမှာ မျောက်တွေ အတော်ရှားပါးနေပြီလို့ သိရပါတယ်။

အခု တွေ့ရတဲ့ မျောက်မျိုးစိတ်အသစ်တွေဟာလည်း တရုတ်နိုင်ငံရဲ့ ရေကာတာ စီမံကိန်း ဒေသတွင်းမှာ ရှိနေတာမို့ တရုတ်ပြည်က သားရဲတိရစ္ဆာန် ကုန်သည်တွေရဲ့ လက်ထဲရောက်သွားမှာကို စိုးရိမ်ပါတယ်လို့ မျောက်မျိုးစိတ်ကို လေ့လာရေးလုပ်နေတဲ့ Fauna and Flora International က အာရှပစိဖိတ် ဖွံ့ဖြိုးရေး ဒါရိုက်တာ Frank Momberg က ပြောပါတယ်။

သိပ္ပံ ပညာရှင်တွေနဲ့ ကမ္ဘာ့ သားရဲတိရစ္ဆာန်နဲ့ သစ်တောထိန်းသိမ်းရေး အဖွဲ့တွေကတော့ ဒေသခံတွေရဲ့ အမဲလိုက် မှုတွေကြောင့် ဒီရှားပါးမျောက်မျိုးနွယ်တွေ ပျောက်သွားမှာကို စိုးရိမ်နေကြသလို၊ ဆည်ဆောက်ဖို့အတွက် သစ်တောတွေ ခုတ်ထွင်ရာကနေ သစ်တော်ပြုန်းတီးမှုကြောင့် သဘာဝ သားရဲတိရစ္ဆာန်တွေ၊ သစ်ပင်ပန်းမန်တွေ ပျောက်ကွယ်သွားမှာကို ပူပန်နေကြပါတယ်။

Fauna and Flora International က မာ့ခ်ရိုစ့်ကတော့ ဒီမျောက်တွေကို ထိန်းသိမ်းဖို့အတွက် သူတို့အဖွဲ့အနေနဲ့ တတ်စွမ်းသမျှ ကာကွယ်လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။

No comments: