သည်းခံခြင်းဟာ မြတ်သောမင်္ဂလာတစ်ပါး ဖြစ်တယ်လို့ မြတ်စွာဘုရားကဟောကြားတော် မူခဲ့ပါတယ်။ ခန္တီ သည်းခံခြင်းဆိုတာ လောကဓံကို အပြုံးမပျက် ရင်ဆိုင်ရဲတဲ့သတ္တိကိုခေါ်တာပါ။ မြတ်စွာဘုရားဟာ ခန္တီပါရမီ ကိုဖြည့်ကျင့်ရာမှာ သူ့အပေါ် ညှင်းပန်းနှိပ်စက်လာတဲ့ မည်သူ့ကိုမဆို သည်းခံရုံသည်းခံခဲ့တာ မဟုတ်ပါဘူး။ သတ္တ၀ါတွေအပေါ် မေတ္တာလွှမ်းခြုံပြီး ဘာအာဃာတ မှ မထားပဲ ခွင့်လွှတ်တော်မူခဲ့တာပါ။ ခွင့်လွှတ်တယ်ဆိုတာ သဘောထားသေးသိမ်တဲ့ လူသာမန်တွေ မလုပ်နိုင်တဲ့အလုပ်တစ်ခုပါ။ သဘောထားကြီးတဲ့ ပါရမီရှင်ပုဂ္ဂိုလ်တွေ သူတော်ကောင်းစိတ်ရှိသူတို့သာ ပြုလုပ်နိုင်တဲ့ အလုပ်ပါ။ လူတော်တော်များများဟာ တစ်ချို့ကိစ္စတွေမှာ သည်းခံမှုတော့ ကောင်းကြပါတယ်။ ဒါပေမယ့် သည်းခံခြင်းရဲ့နောက်ကွယ်က ခွင့်လွှတ်ခြင်းကိုတော့ လွယ်လွယ်နဲ့ မလုပ် ဆောင်နိုင်ကြပါဘူး။အဲဒါကလဲ ခွင့်လွှတ်ခြင်းဆိုတာကို သေချာနားလည် သဘောပေါက်မှု မရှိကြလို့ပါ။
လူ တော်တော်များများမှာ စိတ်ဆင်းရဲ၊ စိတ်ဒုက္ခရောက်မှု၊ စိတ်အခဲမကြေမှုတွေ ကိုယ်ဆီ ရှိခဲ့ကြမှာပါ။ရှိနေကြမှာပါ။ အဲလို စိတ်ဒုက္ခရောက်မှု တော်တော်များများက ဘယ်သူတွေဆီက ရလာတာလဲဆိုတော့ ကိုယ်နဲ့ရင်းနှီး ပတ်သက်ချစ်ခင် တဲ့သူတွေ ဆီက အများဆုံးရခဲ့ကြတာ ဆိုတာမလွဲပါဘူး။ ကိုယ်နဲ့မရင်းနှီးတဲ့ သူစိမ်းတွေဆီက စိတ်ဆင်းရဲမှု ရတယ်ဆိုတာ နည်းပါတယ်။ ကိုယ်နဲ့ပိုရင်းနှီးလေ ပိုပတ်သက်လေ ကိုယ့်ကို စိတ်ဒုက္ခပိုပေးနိုင်လေပါ။ အဲဒီလို စိတ်ဆင်းရဲရတယ်ဆိုတာ ကိုယ့်စိတ်ထဲမှာ မကျေနပ်တာလေးတွေရှိနေခဲ့လို့ပါ။ ပြဿနာတစ်ခု ဖြစ်ပြီဆိုရင် ကိုယ့်ဘက်ရော သူ့ဘက်ပါ မှားတာရှိရပါမယ်။ အဲဒါကိုအမှန်တိုင်း သုံးသပ်နိုင်ဖို့လိုပါတယ်။ ကိုယ့်ကိုယ်ကို မှန်တယ်လို့ပဲထင်နေရင် သူများပဲမှားနေတယ်လို့ တွေးမိနေမှာပါ၊ ကိုယ်ပဲမှားနေတယ်လို့ ထင်နေပြန်ရင်လဲ မဟုတ်သေးပါဘူး။ နှစ်ခုလုံးဟာမကောင်းပါဘူး။ တကယ်လေးနက်တဲ့ အသိအမြင်ကို မပေးနိုင်ပါဘူး။ ပြဿနာကို တကယ်ဖြေရှင်းပေးနိုင်တဲ့ ခွင့်လွှတ်ခြင်းဆိုတာ မှန်ကန်တဲ့အမြင်၊ မှန်ကန်တဲ့အသိမှာ အခြေခံမှ ဖြစ်နိုင်ပါတယ်။ သူတစ်ပါးကို ခွင့်လွှတ်ရုံနဲ့လဲ မရသေးပါဘူး၊ မပြည့်စုံသေးပါဘူး။ မိမိကိုယ်ကိုပါ ခွင့်လွှတ်နိုင်မှ ပြည့်စုံပါတယ်။ အဲဒါကိုအလေးနက် သတိပြုမိဖို့လိုပါတယ်။
အရင်ဆုံး ကိုယ်မကျေနပ်ခဲ့တဲ့သူတွေ၊ ကိုယ့်ကိုစိတ်ဆင်းရဲအောင် လုပ်ခဲ့တဲ့သူတွေကို ပြန်စဉ်းစားကြည့်ရင် ကိုယ်နဲ့အရင်းနှီးဆုံးသူတွေဖြစ်တဲ့ မိဘ၊ညီအစ်ကို၊မောင်နှမ၊ ဆွေမျိုးသားချင်း၊ ဇနီး၊ခင်ပွန်း၊ သူငယ်ချင်းနဲ့ လုပ်ဖော်ကိုင်ဖက်မိတ်ဆွေ တွေကို သတိရမိကြမှာပါ။ ဘာလို့သူတို့နဲ့ ပတ်သက်ပြီး မကျေနပ်မှုတွေ၊ စိတ်ဆင်းရဲ မှုတွေ ဖြစ်ရသလဲဆိုတော့ ကိုယ်ကသူတို့အပေါ် မျှော်လင့်ထားတာကတစ်မျိုး၊ သူတို့ကလဲ ကိုယ့်အပေါ် မျှော်လင့်ထား တာတစ်မျိုး ဖြစ်နေကြတော့ မျှော်လင့်တဲ့အတိုင်းဖြစ်မလာတဲ့အခါ တစ်ယောက်ကိုတစ်ယောက် အပြစ်တင်ကြ စိတ်ဆိုးမိတတ်ကြလို့ပါပဲ။ ပြီးတော့ သူတို့ကကိုယ်နဲ့ရင်းနှီး ပတ်သက်ကြတဲ့ သူတွေဆိုတော့ ကိုယ့်ရဲ့အားနည်းချက်၊ အားသာချက်တွေကို အများအားဖြင့်သိကြတယ်။ အဲဒါကြောင့်လဲ သူတို့က ကိုယ့်ကိုပြင်းပြင်းထန်ထန် အပြစ်တင်ရင်၊ နာအောင်ပြောရင် ပိုပြီးခံစားရပါတယ်။ စိတ်ထိခိုက်ရပါတယ်။ ချစ်တဲ့ သူကနာအောင်ပြောရင် ပိုနာတတ်ကြပါတယ်။ ဒီထက်ပိုတာက သူတို့က ကိုယ့်ကိုနာအောင် ပြောလိမ့်မယ်၊ လုပ်လိမ့်မယ်လို့ လုံးဝမမျှော်လင့်ထားခဲ့ဘူး။ မမျှော်လင့်တာဖြစ်လာတော့ ပိုပြီး ယူကျုံးမရ စိတ်နာသွားတာတွေ ဖြစ်ရတာပါ။နောက်ဆုံး ကိုယ်နဲ့အရင်းနှီးဆုံးဖြစ်တဲ့ ကိုယ်ကိုယ်တိုင်ကလဲ ကိုယ့်ကို စိတ်ဆင်းရဲစေတဲ့ သူတွေထဲမှာ တစ်ယောက်အပါအ၀င်ပါပဲ။
ကိုယ့်ကို စိတ်ဆင်းရဲ၊ စိတ်ထိခိုက်အောင် ဖြစ်စေတဲ့အချက်တွေကို စဉ်းစားကြည့်မိရင် ကိုယ်မျှော်လင့်သလို ဖြစ်မလာလို့၊ သူ့ဘက်က ကတိမတည်လို့ စိတ်ဆင်းရဲရတာ၊ ကိုယ့်ကို နေရာမပေး အသိအမှတ်မပြု မဆက်ဆံတာ၊ ကိုယ့်စကားကိုလေးလေးစားစား နားမထောင်တာ၊ မမြင်ဟန်ဆောင်နေတာ၊ သာရေးနာရေးမှာ မဖိတ်ပဲ မေ့ထားခြင်းခံရတာတွေ၊ ချစ်ခင်သူက စွန့်ပစ်ခြင်းခံရတာ၊ လှောင်တာ၊ ပြောင်တာ၊ သရော်တာ ခံရခြင်းတွေ၊ မိမိဂုဏ်သိက္ခာ ကျသွားအောင်ပြောခြင်းခံရတာ၊ အထင်သေးအောင်ပြောတာ၊ ရှက်သွားအောင်ပြောတာ၊ သစ္စာဖောက်ခြင်းခံရတာ၊ လှည့်စားခံရတာ၊ ရိုက်တာ၊ နှက်တာ၊ လက်သီးနဲ့ထိုးတာ၊ ပါးရိုက်တာ ခံရတာတွေ၊ စိတ်ဆင်းရဲအောင်လုပ်တာ၊ ပစ်ပယ်ထားတာ၊ နှိမ့်ချပြောဆိုခြင်း ခံရတာတွေဟာ ကိုယ့်ကို စိတ်ဆင်းရဲ၊ကိုယ်ဆင်းရဲ နဲ့ စိတ်ထိခိုက်စေတဲ့ အကြောင်းအရာတွေလို့ အကြမ်းဖျဉ်း စဉ်းစားကြည့်လို့ ရပါတယ်။
ခွင့်လွှတ်ခြင်း ဆိုတာဘာလဲသိဖို့ ခွင့်လွှတ်ခြင်းမဟုတ်တာတွေ အရင်သိဖို့လိုမယ်ထင်ပါတယ်။ ခွင့်လွှတ်ခြင်းဆိုတာ မေ့လိုက်တာ မဟုတ်ပါဘူး။ ဖြစ်ခဲ့တဲ့ကိစ္စတွေ၊ ခံခဲ့ရတာတွေ၊ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်ခဲ့ တာတွေကို မေ့လိုက်တာ မဟုတ်ပါဘူး။ အဲဒီလို တွေ့ကြုံခံစားခဲ့ရတဲ့ စိတ်ဆင်းရဲမှု ကိုယ်ဆင်းရဲမှုတွေ အားလုံးဟာ ကိုယ့်အတွက် သင်ခန်းစာ ယူစရာတွေ ဖြစ်ပါတယ်။ အဲဒါတွေကို မေ့လိုက်ဖို့မသင့်ပါဘူး။ အဲဒါတွေကို နားလည်ဖို့ ကြိုးစားရပါမယ်။ အဲဒါမှလဲ နောင်အခါ အဲလိုမျိုး ထပ်ပြီးတော့ မခံရအောင် ဘယ်လိုလုပ်ရမလဲဆိုတာ စဉ်းစားရပါမယ်။ ကိုယ့်ကို သူများက အဲဒီလိုလုပ်ခဲ့တုန်းက ကိုယ်ဘယ်လောက်ခံစားရတယ်ဆိုတာ သိပြီးတော့ ကိုယ်ချင်းစာပြီး “ငါ သူများကို အဲဒီလို မလုပ်ဘူး” ဆိုတဲ့ စိတ်ထားကို မွေးရပါမယ်။ ကိုယ်ခံရသလို သူများကို ပြန်လုပ်မိတာတွေ ရှိတတ်ပါတယ်။ ပြန် ဂလဲ့စားခြေတာပေါ့။ အဲဒါ အင်မတန် မှားပါတယ်။ ဥာဏ်ပညာ နည်းတဲ့သူ၊ သဘောထား သေးတဲ့သူဟာ သူများအကြောင်း မကောင်းပြောရတာ၊ သူများကို တစ်နည်းနည်းနဲ့ နိုင်ရတာကို အရသာတွေ့တတ်ကြတယ်။ ဥာဏ်ပညာ ကြီးတဲ့သူ၊ သဘောထား ကြီးတဲ့သူဟာ အနိုင်၊အရှုံးမရှိ တာကိုပဲ နှစ်သက်တတ်ပါတယ်။
ခွင့်လွှတ်တယ်ဆိုတာဟာ သူလုပ်ခဲ့တဲ့ကိစ္စကို လျှော့လျှော့ပေါ့ပေါ့ တွက်လိုက်တာမဟုတ်ပါဘူး။ မမှားပါဘူး ကောင်းပါတယ်လို့ ပြောတာမဟုတ်ပါဘူး။ ကိုယ်လုပ်ခဲ့တဲ့ကိစ္စကိုလည်း လျှော့လျှော့ပေါ့ပေါ့ တွက်တာမဟုတ်ပါဘူး။ ကိုယ်က သူတစ်ပါးကို စိတ်ဆင်းရဲအောင်၊ ကိုယ်ဆင်းရဲအောင် လုပ်မိတဲ့အခါမှာ ငါက အလကားစ တာပါကွာ။ ငါက တကယ်ရည်ရွယ်တာ မဟုတ်ပါဘူးဆိုပြီးတော့ တစ်ချို့က လျှောချတတ်ပါတယ်။ တစ်ခါတလေမှာလဲ တစ်ချို့က စေတနာကောင်းလေးနဲ့ လုပ်တာ မှန်ပေမယ့် လုပ်နည်းမကျတော့ သူတစ်ပါးမှာ ထိခိုက်နစ်နာရတာတွေ ရှိပါတယ်။ လုပ်တာမဟုတ်တာနဲ့ မဟုတ်တာလုပ်တာဟာ အပြစ်ချင်းတူတတ်ပါတယ် လို့ ဆရာတော်အရှင်ဆေကိန္ဒ က ဆုံးမထားတာ ကိုသတိရမိပါတယ်။ ခွင့်လွှတ်လိုက်တဲ့အခါမှာ အတိတ်ကဖြစ်ခဲ့တဲ့ ဖြစ်ရပ်တွေကြောင့် ကိုယ့်မှာ နာကျည်း နေတာ၊ သူ့ကို ပြန်ပြီးဂလဲ့စားချေမယ်ဆိုတဲ့ အတွေးမျိုးတွေ တွေးနေရတာကို ကိုယ်က လွှတ်လိုက်တာ၊ လျှော့လိုက်တာပါ။ ဒါပေမယ့် ခွင့်လွှတ်လိုက်တာဟာ မှားတာကို မှန်ပါတယ်လို့ လုပ်လိုက်တာ မဟုတ်ပါဘူး။ ခွင့်လွှတ်နိုင်ရင် ဒဏ်ရာဟောင်း ကျက်လွယ်ပါတယ်။ စိတ်နေသဘောထား မြင့်မားလာနိုင်ပါတယ်။ ကိုယ့်ကို ထိခိုက်နစ်နာအောင် လုပ်ခဲ့တဲ့သူကို ချစ်နေရမယ်လို့လည်း မဆိုလိုပါဘူး။ ခွင့်လွှတ်လို့ရတယ်၊ ချစ်လို့မရတာတွေ ရှိပါတယ်။
ခွင့်လွှတ်တယ်ဆိုတာ ဘာလဲဆိုတော့ ကိုယ့်စိတ်ထဲမှာ ခံစားနေရတဲ့ ဒုက္ခ၊ ကိုယ့်ရင်ထဲမှာ ခံစားနေရတဲ့ နာကြည်းမှု၊ ပူဆွေးမှု၊ သောက၊ ဒေါမနဿ၊ မခံချင်စိတ်၊ လက်စားချေချင်စိတ်တွေ ကိုသက်သာမှုရအောင် လုပ်လိုက်တာပါ။ ကိုယ့်စိတ်ကို အနှောင်အဖွဲ့က လွှတ်လိုက်တာပါ။ သူများအပေါ်မှာ နာကြည်းနေရတာ၊ မကျေမနပ်ဖြစ်နေရတာ၊ လက်စားချေမယ်လို့ တွေးနေရတာတွေဟာ ကိုယ့်လုပ်သင့်တဲ့၊ ကိုယ့်အတွက် အကျိုးရှိ မယ့် ကိစ္စတွေမှာ တွေးချိန်၊လုပ်ချိန် မရစေပါဘူး။ အဲဒါကြောင့် ခွင့်လွှတ်လိုက်တာဟာ ကိုယ့်စိတ်ကို လွတ်လပ်မှု ပေးလိုက်တာပါ၊ ကိုယ့်စိတ်ကို ငြိမ်းချမ်းခွင့်ပေးလိုက်တာပါပဲ။ တကယ်တော့ ကိုယ့်ကိုယ်ကို ချစ်ရင် အားလုံးကို ခွင့်လွှတ်သင့်ပါတယ်။ သူတို့ကိုခွင့်မလွှတ်နိုင်ရင် ကိုယ်ပဲ ခံနေရမှာပါ။ ခွင့်လွှတ်လိုက်တယ်ဆိုတာ ကိုယ်က အထက်စီးနေရာကနေပြီး မင်းကို ငါခွင့်လွှတ်တယ်ဆိုပြီး တစ်ဖက်သားကို အနိုင်ယူလိုက်တာ မဟုတ်ပါဘူး။ သူက လူဆိုး၊ သူက မတရားတာကို လုပ်တာ၊ သူက သူတော်ကောင်းစိတ်မရှိဘူး။ ဒါပေမယ့် ငါက သဘောထားကြီးကြီးနဲ့ သူ့ကို ခွင့်လွှတ်ပါတယ်ဆိုပြီးတော့ မာနစိတ်နဲ့ ခွင့်လွှတ်လို့ မရပါဘူး။ မာနကြီးသူဟာ ခွင့်မလွှတ်နိုင်ပါဘူး။ အပြစ်တင် ပြီးမှ ခွင့်လွှတ်တယ်ဆိုတာလည်း ခွင့်လွှတ်တာမဟုတ်သေးပါဘူး။ အနိုင်ယူတာပါပဲ။ ကိုယ်က ခွင့်လွှတ်လိုက်တယ်ဆိုတာ သူ့အကုသိုလ်ကို ပျောက်အောင်လုပ်လိုက်တာ မဟုတ်ပါဘူး။ ကိုယ့်စိတ်ထဲမှာ နာကြည်းနေတာ ကိုပဲ ပျောက်အောင်လုပ်လိုက်တာပါ။ ခွင့်လွှတ်တယ်ဆိုတာ အနိုင်ယူတာလည်း မဟုတ်ဘူး။ အရှုံးပေးလိုက်တာလည်း မဟုတ်ဘူး။ အထက်စီးကနေတာလည်း မဟုတ်ဘူး။ အောက်ကျို့တာလည်း မဟုတ်ပါဘူး။
ခွင့်လွှတ်ခြင်းဆိုတာ အနစ်နာခံခြင်းတစ်မျိုးလဲ မဟုတ်ပါဘူး။ တစ်ချို့က ခွင့်လွှတ်လိုက်ရတာကို အနစ်နာ ခံလိုက်ရတယ်လို့ အဓိပ္ပါယ်ကောက် မှားတတ်ကြပါတယ်။ ခွင့်လွှတ်တယ်ဆိုတာ ဘေးလူ မြင်ကောင်း၊ကြားကောင်း အောင် လုပ်တဲ့အလုပ်မဟုတ်ပါဘူး။ ကိုယ့်စိတ်ထဲမှာ တကယ်လွတ်လပ်မှု ရသွားအောင်၊ တကယ်ငြိမ်းချမ်းသွား အောင် လုပ်တဲ့အလုပ်ဖြစ်ပါတယ်။ ခွင့်လွှတ်တယ်ဆိုတာ အတင်းအကျပ် ခွင့်လွှတ်ခိုင်းလို့မရပါဘူး။ ကိုယ်ခွင့်မလွှတ် နိုင်သေးရင် ကိုယ့်စိတ်ပင်ပန်းနေတယ် ဆိုတာ သိနေပါတယ်။ ပင်ပန်းတဲ့စိတ်နဲ့ ဘာကိုကြည့်ကြည့် အကောင်းမမြင်နိုင်တော့ပါဘူး။ ဒါကြောင့် ခွင့်မလွှတ်နိုင်တဲ့သူ တော်တော်များများဟာ အဆိုးမြင်ဝါဒီတွေ ဖြစ်တတ်ကြပါတယ်။ တရားအားထုတ်တယ်ဆိုတာ စိတ်ကောင်းလေးတွေ တိုးပွားလာအောင် လုပ်ရတဲ့အလုပ်ပါ။ ခွင့်မလွှတ်နိုင်တဲ့သူဟာ စိတ်ဆိုးတွေမွေးထားမှတော့ ဘယ်တရားမှ အားထုတ်လို့ရမှာ မဟုတ်ပါဘူး။ ဒါကြောင့် ခွင့်လွှတ်တယ်ဆိုတာကလဲ တရားအားထုတ်တာပါပဲ။ မြတ်စွာဘုရား ဟောကြားခဲ့တဲ့ ဒေသနာတော် အားလုံးကို ခြုံငုံသုံးသပ်ကြည့်ရင် နောက်ဆုံးက မကောင်းမှုရှောင်၊ကောင်းမှူဆောင်၊ ဖြူအောင်စိတ်ကိုထား ဆိုတာက အဓိကပါပဲ။ ခွင့်လွှတ်တယ်ဆိုတာ မကောင်းတဲ့ ဒေါသ၊အာဃာတ၊မာန၊ အငြိုးအတေးတွေကို ပယ်စွန့်ပြီး၊ ကောင်းတဲ့ မေတ္တာတရား၊ခန္တီတရားတွေ တိုးပွားစေပြီး၊ ကောင်းမွန်သန့်ရှင်းဖြူစင်တဲ့ စိတ်ဓါတ်ကောင်းတွေဖြစ်စေ တာမို့ ခွင့်လွှတ်တယ်ဆိုတာ မြတ်စွာဘုရားအလိုရှိတဲ့ တရားအားထုတ်နည်း တစ်မျိုးပါလို့ ပြောရတာပါ။
လူတစ်ယောက်ကို ခွင့်မလွှတ်နိုင်ဘူး၊ မကျေအေးနိုင်ဘူး ဖြစ်နေတယ်ဆိုရင် ခဏလောက် ကိုယ့်စိတ်ကို ပြန်ဆန်းစစ်ကြည့်လိုက်ပါ။ ကိုယ့်စိတ်မှာ သူ့ကိုခွင့်မလွှတ်နိုင်လို့ ဘာတွေဖြစ်နေလဲ၊ ဘာတွေရနေလဲဆိုတာ ကြည့်လိုက်ပါ။ အဲလို ဖြစ်နေ၊ ရနေတာတွေကို ကိုယ်ကိုယ်တိုင် ကျေနပ်စရာတွေ၊ ကိုယ်လိုချင်တဲ့ ဟာတွေ ဖြစ်နေရဲ့လား။ ခွင့်မလွှတ်နိုင်တာဟာ တော်တော်ကိုရှုံးပါတယ်။ ကိုယ်မလိုချင်၊ မကြိုက်တဲ့ ဟာတွေလဲ ရနေရတယ်။ ကိုယ်လဲ တင်းကျပ်ပင်ပန်းနေတယ်။ အဲလို ကိုယ်ဖြစ်နေတာတွေကို သူကလဲ သိမှာ မဟုတ်ပါဘူး။ အဲဒါကြောင့် ခွင့်မလွှတ်ပဲ နေတဲ့အတွက် ငါ ဘာရနေသလဲ ဆိုတာ တွေးဖို့မမေ့လိုက်ပါနဲ့။ ခွင့်လွှတ်ခြင်းဟာ စွမ်းအားတစ်မျိုးပါ။ ခွင့်လွှတ်တယ်ဆိုတာ စိတ်ဓါတ်နဲ့ အသိဥာဏ်ကြီးမားသူတို့ရဲ့ လုပ်ရပ်ဖြစ်ပါတယ်။ ခွင့်မလွှတ်နိုင်တာဟာ စိတ်ဓါတ်အင်အား၊ အသိဥာဏ် အင်အားနည်းသေးတဲ့ သူတို့ရဲ့ လုပ်ရပ် ဖြစ်ပါတယ်။ ခွင့်လွှတ်တယ်ဆိုတာ ကိုယ့်ဘ၀မှာ ကိုယ်ဖြစ်ချင်တာတွေ မဖြစ်ခဲ့တာ၊ လိုချင်တာတွေ ရသင့်တာတွေ မရခဲ့တာကို အကြောင်းပြချက်အနေနဲ့ သူများကို အပြစ်တင်နေဖို့ မလိုတော့ဘူးလို့ သိလိုက်တာ၊နားလည် လိုက်တာပါပဲ။ ခွင့်လွှတ်လိုက်ရင် စိတ်ထဲမှာ ပေါ့သွားတယ်၊ ရှင်းသွားတယ်၊ ကြည်သွားတယ်၊ အေးချမ်း သွားတယ်၊ စိတ်ထားနူးညံ့သွားပါတယ်။ အဲလို စိတ်ချမ်းသာသွားတာဟာ မျက်နှာမှာပါ ပေါ်လာပါတယ်။ မျက်နှာ ကြည်လင် အေးချမ်းပြီး ကြည့်သူမြင်သူတိုင်းက နူးညံ့၊ ငြိမ်းချမ်းတဲ့ ချစ်ခင်စရာ မျက်နှာအဖြစ် မြင်လာကြပါတယ်။ ခွင့်လွှတ်နိုင်တဲ့ အခါ လောကကြီးကို ကြည့်လိုက်ရင် လောကကြီးက ကြည့်လို့ကောင်းနေတယ်။လှပသာယာနေပါတယ်။ အဓိပ္ပါယ်ရှိပြီး ပြည့်စုံနေပါတယ်။ ခွင့်မလွှတ်နိုင်သူမှာတော့ သူ့မျက်စိ ဖွင့်ထားပေမယ့် သူမမြင်နိုင်ပါဘူး။ သူ့နားထဲ အသံတွေ ၀င်ရောက် လာပေမယ့် သူအာရုံ မပြုနိုင်ပါဘူး။ တန်ဖိုးလဲ မထားနိုင်ပါဘူး။ သူတစ်ယောက်ထဲ နာကြည်းစိတ်တွေနဲ့ ထောင်ထဲ ကျခံနေသလို ဖြစ်နေပါတယ်။
တကယ်တော့ သူများကို ဒုက္ခရောက်အောင် မလုပ်ဖူးတဲ့သူဟာ မရှိပါဘူး။ ဘုရားအလောင်းတော်တွေတောင်မှ အကြီးအကျယ်မှားခဲ့တာတွေ ရှိခဲ့ပါတယ်။ သူများကို အကြီးအကျယ် ဒုက္ခရောက်အောင် လုပ်ခဲ့တာတွေ ရှိပါတယ်။ လူဆိုတာ မှားတတ်ပါတယ်။ မှားတတ်တဲ့ လူတွေထဲမှာ ကိုယ်လဲ အပါအ၀င်ပါပဲ။ အဲဒီလိုပဲ လူတိုင်းမှာ မြင့်မြတ်တဲ့စိတ် အနည်းနဲ့အများ ရှိကြပါတယ်။ လူတိုင်းမှာ ခွင့်လွှတ်နိုင်တဲ့စိတ် ရှိကြပါတယ်။ တစ်ချို့လဲ ခွင့်လွှတ်နိုင်ဖို့ ကြိုးစားနေကြပါတယ်။ ဒီဘ၀မှာ ကိုယ်က လူကောင်းသူကောင်း ဖြစ်နေပေမယ့် အရင့်အရင် မကောင်းခဲ့တာတွေ ရှိခဲ့မှာပါပဲ။ နောက်နောင်ဘ၀တွေမှာလဲ အမြဲ တမ်း ကောင်းနေနိုင်ပါတယ်လို့ မပြောနိုင်သေးပါဘူး။ အဲဒါကြောင့် မာနကြီး လို့မဖြစ်ပါဘူး။ ငါပဲမှန်တယ်၊ သူမှားတယ်လို့ အမြဲ သဘောထားလို့ မဖြစ်နိုင်ပါဘူး။ သူမှားသလို ကိုယ်လဲမှားနိုင်ပါသေးတယ်။ အဲဒီလို ငါမှငါ ဆိုတဲ့ မာန်ကိုချပြီး ခွင့်လွှတ်နိုင်ရင် ကိုယ်စိတ်ထဲမှာ ဖြစ်ခဲ့တဲ့ ဒဏ်ရာဟာ ကျက်လွယ်နိုင်ပါတယ်။ဒါကြောင့် ခွင့်လွှတ်တယ်ဆိုတာ အင်မတန် နက်နဲပါတယ်။
လူ တော်တော်များများရဲ့ စိတ်ဆင်းရဲမှုတွေဟာ တကယ်ခွင့်မလွှတ်နိုင်လို့ ဖြစ်ရတာပါ။ ခွင့်လွှတ်နိုင်ရင် ကိုယ့်စိတ်မှာ အေးချမ်းသွားမယ်ဆိုတာ သိရဲ့နဲ့ ခွင့်မလွှတ်ချင်တဲ့ စိတ်ကြောင့် မကျေနပ်မှုဆိုတဲ့ မီးတောက်ကို ပိုကြီးအောင် လောင်စာထည့်ပြီး လေမှုတ်ပေးနေသလို ဖြစ်နေတတ်ပါတယ်။ ခွင့်မလွှတ်နိုင်လို့ စိတ်ဆင်းရဲနေရတဲ့ ဒုက္ခကို လိုချင်လည်းရတယ်၊ မလိုချင်လည်း ရပါတယ်။ ကိုယ့်အပေါ်မှာ ပဲမူတည်ပါတယ်။ စိတ်ဓါတ်နဲ့ အသိဥာဏ် ရင့်ကျက်တဲ့သူတွေ အဖို့တော့ မလိုချင်ရင် လက်လွှတ် လိုက်ရုံပါပဲ။ မီးခဲကိုင်မိလို့ ပူမှန်းသိရင် မပူချင်ရင် လွှတ်ချလိုက်ပါ။ ဗုဒ္ဓမြတ်စွာဘုရား ဟောကြားခဲ့တဲ့ ကံ၊ ကံ၏အကျိုး၊ အဖြစ်ပျက်တိုင်းမှာ အကြောင်း၊ အကျိုးရှိပုံ၊ ရုပ်တရား၊ နာမ်တရားတွေရဲ့ သဘောသဘာဝတွေ စသဖြင့် ဓမ္မသဘောတရား တွေကို နက်နက်နဲနဲ သိသွားပြီဆိုရင်လည်း ဘယ်သူ့ကိုမှ အပြစ်မယူချင်တော့ပါဘူး။ အပြစ်မတင်ချင်တော့ပါဘူး။ ခွင့်လွှတ်တယ် ဆိုတာ အပြစ်ယူခဲ့လို့၊ အပြစ်တင်ခဲ့လို့ ခွင့်လွှတ်နေရတာပါ။ အပြစ်မတင်တော့ဘူးဆိုရင် ခွင့်လွှတ်နေဖို့လည်း မလိုတော့ပါဘူး။ ခွင့်လွှတ်စရာ မလိုတော့တဲ့စိတ်မျိုး ပိုင်ဆိုင်နိုင်ရင် ဘယ်လောက်ထိ အေးချမ်းလွတ်လပ် မလဲဆိုတာ ခံစားကြည့် သိနိုင်ပါတယ်။ ကြိုးစားပြီး ခွင့်လွှတ်နေရတာ သိပ်တော့ မလွယ်လှပါဘူး။ အတင်းအကျပ်လဲ လုပ်ခိုင်းလို့ မရနိုင်ပါဘူး။ ခွင့်မလွှတ်နိုင်သေးရင်လည်း ကိုယ့်ကိုယ်ကို အပြစ်မတင်ပါနဲ့။ လွယ်တဲ့ကိစ္စမဟုတ်ပါဘူး။ ကိုယ့်ဘ၀မှာ အဆိုး တွေ ဘယ်လောက်ဖြစ်ခဲ့ဖြစ်ခဲ့ ကောင်းတာကိုပဲ ဆက်လုပ်ရပါတယ်။ ကိုယ့်ဘ၀မှာ အဆိုးနဲ့ကြုံတိုင်း အမြဲတမ်း ကောင်းတာကို လုပ်ဖို့ကြိုးစားပါ။ ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့၊ ဘယ်သူ့ကြောင့်ပဲဖြစ်ဖြစ်၊ အတိတ်က ဖြစ်ခဲ့တာတွေထဲမှာ ထောင်ကျမနေဖို့ လိုပါတယ်။
ခွင့်လွှတ်ခြင်းဟာ ပျော့ညံ့တဲ့လက္ခဏာ မဟုတ်ပါဘူး။ စိတ်ဓါတ်အင်အား၊ အသိဥာဏ်အင်အားကြီးလို့၊ သတ္တိရှိလို့၊ သဘောထားကြီးလို့ ခွင့်လွှတ်နိုင်တာပါ။ သူများကြောင့် ကိုယ့်မှာဒုက္ခဖြစ်ခဲ့ရလို့ ခွင့်လွှတ်ရတာ လွယ်ပါသေးတယ်။ ကိုယ်ကြောင့်လဲ သူများမှာ ဒုက္ခဖြစ်ခဲ့တာတွေ ရှိခဲ့မှာပါ။ ရည်ရွယ်လို့ဖြစ်စေ၊ မရည်ရွယ်လို့ဖြစ်စေ၊ စေတနာကောင်းပြီး လုပ်ရပ် မမှန်လို့ဖြစ်စေ ကိုယ့်ကြောင့် တစ်နည်းနည်းနဲ့ သူ့မှာ နစ်နာသွားရတာ၊ စိတ်ဒုက္ခဖြစ်ခဲ့ရတာတွေ ရှိမှာပါပဲ။ အဲဒီလို ကိုယ့်ကြောင့် သူများထိခိုက် နစ်နာသွားရပြီးမှ ကိုယ့်ကိုခွင့်လွှတ်ပါလို့ သူ့ကို ပြောရမှာ တော်တော်ခက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မာန ခံနေလို့ပါပဲ။ မာနဆိုတာကလဲ အနာဂါမ် ဖြစ်တဲ့ထိတောင် ဒုက္ခပေးတုန်းဆိုတော့ သူ့ကိုပယ်ဖို့ တော်တော်ခက်ပါတယ်။ အရင်ဆုံး ပယ်ဖို့ထက် သိနေဖို့က ပိုအရေးကြီးပါတယ်။အပြီးပြတ်မပယ်နိုင်သေးပေမယ့် နိုင်သလောက်တော့ သူ့ကို ချထားမှ သင့်တော်မှာပါ။ အဲဒါကြောင့် မာနကိုရသလောက် ချထားပြီး ကိုယ့်ကို ခွင့်လွှတ်ဖို့ ပြောနိုင်အောင်၊ သူများကို တောင်းပန် နိုင်အောင် ကြိုးစားစေချင်ပါတယ်။ အကောင်းဆုံးကတော့ ကိုယ်ကြောင့် သူများနစ်နာသွားနိုင်မယ့်၊ ထိခိုက်သွားနိုင်မယ့် အပြုအမူ၊အပြောအဆို တွေ ရှောင်ကြဉ် သတိထားသွားဖို့ပါပဲ။ ခွင့်လွှတ်ခြင်းဆိုတဲ့ သဘောတရားအမှန်ကို တို့လူသားတွေ သေချာသိရှိပြီး၊ လိုက်နာကျင့်သုံးနိုင်ကြရင် လူ့လောက လူ့ပတ်ကျင် မှာ ဆွေမျိုးအချင်းချင်း၊ မိတ်ဆွေအချင်းချင်း၊ လုပ်ဖော်ကိုင်ဖက် အချင်းချင်း၊ လူသားအချင်းချင်း၊ သတ္တ၀ါအချင်းချင်း တစ်ယောက်နဲ့ တစ်ယောက်၊ တစ်ဦးနဲ့တစ်ဦး ဘာအငြိုးတေး အာဃာတ မှ မထားကြပဲ ခွင့်လွှတ်သည်းခံ ချစ်ခင်လာနိုင်ကြမှာပါ။ အဲဒါဆိုရင် ကျွန်တော်တို့ လူ့ပတ်ဝန်းကျင် အသိုင်းဝိုင်းကြီး တစ်ခုလုံးသာမက လောကတစ်ခွင်လုံးမှာပါ သာယာအေးချမ်းမှုတွေ ပြည့်စုံပြီး၊ ငြိမ်းချမ်းရေး အရသာတွေ ခံစားနေရမှာ မလွဲပါဘူး ခင်ဗျာ။
(ဆရာတော် ဦးဇောတိက (မဟာမြိုင်တောရ)၏ ခွင့်လွှတ်ပါတယ် တရားတော်ကို မှီငြမ်းကိုးကားပါသည်။)
စစ်မာန်
မူရင်းစာမျက်နှာ http://mmtheravada.org/index.php?option=com_content&view=article&id=265:2010-09-21-16-58-24&catid=4:2009-04-25-13-05-01&Itemid=5

1 comment:
သိပ်ကောင်းတဲ့ ပိုစ့်လေးပါ။ ဖတ်ခွင့်ရလို့ ကျေးဇူးတင်တယ်ဗျို့.. သိစိတ်နဲ့ရော မသိစိတ်နဲ့ပါ မှားလေ့ရှိတဲ့ လူ့သဘာဝမှာ စိတ်ထားတတ်တဲ့သူ အတွက် အေးချမ်းမှာပါပဲ..
Post a Comment